ကောလိပ်မတက်ခဲ့လို့ နောင်တရတယ်လို့ ဆိုတဲ့ ဘီလျံနာသူဌေးကြီး

‘ဂေါင်တန်အဒါနီ’ (Gautam Adani) ဟာ သူ့မွေးရပ်မြေဖြစ်တဲ့ ဂူဂျရတ်ပြည်နယ်က ပါလာပူဗီဒါမန်ဒါမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ သူတက်ခဲ့တဲ့ ကျောင်းတည်ထောင်တာ ၇၅ နှစ်ပြည့်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ဖြစ်ပါတယ်။

ဂေါင်တန်အဒါနီဆိုတာ အာရှတိုက်ရဲ့အချမ်းသာဆုံးသူဌေးကြီးနဲ့ ကမ္ဘပေါ်မှာ အချမ်းသာဆုံးဘီလျံနာသူဌေးကြီးတွေထဲမှာ တတိယအဆင့်ဖြစ်တယ်။ လက်ရှိမှာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံဖြစ်တယ်။ သူ့အောက်မှာ ဂျက်ဖ်ဘေးဇော့စ်၊ ဘီလ်ဂိတ်နဲ့ ဝါရင်ဘတ်ဖက်တို့ရှိကြတယ်။

ဂေါင်တန်အဒါနီက အဲဒီပွဲမှာ တင်ရောက်လာကြသူတွေကို အမှာစကားပြောပေးတယ်။ “ပါလာပူမီဒါမန်ဒါကျောင်းလေးရဲ့ ပညာဆီမီးထွန်းလင်းနေခဲ့တာ ၇၅ နှစ်ပြည့်ခဲ့ပါပြီ။ အခုပွဲမှာတက်ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အဲဒီဆီမီးပိုလင်းစေဖို့ လုပ်ပေးကြရပါမယ်” သူဟာ စကားပြောရင်း သူ့ဘဝအကြောင်း နည်းနည်းထည့်ပြောတယ်။

သူဟာ အသက် ၁၆ နှစ်အရွယ် ၁၉၇၈ ခုနှစ်ထဲမှာ ကျောင်းထွက်ပြီး မန်ဘိုင်းမြို့ကို ရထားနဲ့ တစ်ယောက်တည်း ထွက်ခွာလာခဲ့တယ်။ ရထားလက်မှတ်ဝယ်ပြီးတော့ သူ့အိတ်ထောင်ထဲမှာ ပိုက်ဆံနည်းနည်းလေးပဲ ပါတယ်။ “ကျွန်တော် အသက် ၁၆ နှစ်မှာ ကျောင်းထွက်ပြီး မန်ဘိုင်းမြို့ကို သွားတယ်။ ကျွန်တော့်မိသားစုနဲ့အတူမနေဘဲ ဘာကြောင့် အဝေးကို ထွက်သွားတာလဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် မကြာခဏ ပြန်မေးမိတယ်။ ကျွန်တော့်မြို့လေးမှာ လုပ်နေကျမဟုတ်တဲ့ အလုပ်တစ်ခုလုပ်ချင်လို့ဆိုတဲ့ အဖြေပဲရတယ်” လို့ သူပြောပြတယ်။

မန်ဘိုင်းမြို့ရောက်ပြီး ၃ နှစ်ကြာမှ အောင်မြင်မှုတစ်ခုစရတယ်။ ဂျပန်လူမျိုး ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ကို စိန်တွေရောင်းပေးနိုင်လို့ ရူဘီတစ်သောင်း ပွဲခရလိုက်တယ်။

“နောက်တော့ ကျွန်တော့်အစ်ကို ‘ပရာကက်ရှ်ဘိုင်’ က ဆက်သွယ်ပေးလို့ စိန်ရောင်းတဲ့အဖွဲ့ဖြစ်တဲ့ Mahendra brothers မှာ အလုပ်ရတယ်။ အဲဒီမှာ ၃ နှစ်လုပ်ပြီးတော့ စိန်အကြောင်း ကောင်းကောင်းသိလာခဲ့တယ်။ Zaveri ဈေးမှာ စိန်အရောင်းအဝယ်ပွဲစားလုပ်ပေးတဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်”

အဲဒီကနေ သူဟာ စိန်အရောင်းအဝယ်နဲ့ ချမ်းသာလာခဲ့တယ်။ နောက်တော့ ကမ္ဘာမှာ အကြီးဆုံးဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်ကုမ္ပဏီ၊ အိန္ဒိယနိုင်ငံက လေဆိပ်နဲ့ ဆိပ်ကမ်းတွေကို စီမံခန့်ခွဲပေးတဲ့ ကုမ္ပဏီတွေပိုင်လာခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဘိလတ်မြေစက်ရုံကိုလည်း ပိုင်လာခဲ့တယ်။

“ကျွန်တော့်ဘဝမှာ နောင်တရခဲ့တာတွေရှိခဲ့တယ်။ အဲဒါတွေထဲက တစ်ခုဟာ ကောလိပ်မတက်ခဲ့တာပါ။ အတတ်ပညာကို အတွေ့အကြုံက ရတယ်။ ကျွန်တော် အတွေ့အကြုံတွေရခဲ့ပြီးပါပြီ။ ဒါပေမဲ့ အသိပညာကို ပညာရေးက ရတယ်။ ကျွန်တော် ကောလိပ်မတက်ခဲ့ရလို့ လုံလောက်တဲ့ အသိပညာမရဘူးလို့ စိတ်ထဲမှာ ခံစားနေရတယ်။ ကျွန်တော် ကောလိပ်တက်ဖြစ်ခဲ့ရင် အခုထက်ပိုပြီးတိုးတက်အောင်မြင်မယ်လို့ ယုံကြည်တယ်” တဲ့။

ကမ္ဘာ့အချမ်းသာဆုံးလူသုံးယောက်ထဲမှာ ပါဝင်တဲ့ သူကတောင် ပညာရေးအရေးကြီးမှန်းသိနေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ The Economic Times ဝက်ဆိုက်က “Gautam Adani regrets not completing college education” ဆောင်းပါးကို မှီးရေးထားပါတယ်။ (ဗန်းမော်သိန်းဖေ)

Leave a Reply

Your email address will not be published. Required fields are marked *