ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကိုအလည်သွားတဲ့ သူတွေက စူဠာမုနိဘုရားဖူးကြတယ်။ ကက္ကူဘုရားဖူးကြတယ်။ ထန့်စမ်းလှိုဏ်ဂူသွားကြတယ်။ ကျွန်မတို့ငယ်ငယ် (၁၉၆၇-၁၉၇၁) ခုနှစ်တုန်းက သွားဖူးတဲ့ မုံတဝဂူကို သွားကြတာမတွေ့မိဘူး။
မုံတဝဂူဆိုတာ တောင်ကြီးမြို့ရဲ့တောင်ဖက်စူးစူး ဝါးဖျားရွာကို ဖြတ်ပြီးသွားရတယ်။ ကားလမ်းမရှိဘူး။ သစ်ပင်ဝါးပင်တွေ ခတ်ကျဲကျဲပေါက်နေတဲ့ တောအုပ်ထဲဖြတ်၍သွားရတယ်။ အနည်းဆုံး (၂) မိုင်ခန့်ရှိမယ်ထင်တယ်။ လမ်းဘေးမှာ Ras Berry ပင်တွေ အလေ့ကျပေါက်နေတတ်တယ်။ ကျွန်မတို့ကလေးဘဝတုန်းကတော့ အဝါရောင်အသီးလေးတွေကို ငါးဥသီးဆိုပြီးစားကြတယ်။
မုံတဝဂူက တောင်အောက်မှာရှိတာဆိုတော့ တောလမ်းလေးအတိုင်း ဖြည်းဖြည်းဆင်းရတယ်။ ဂူပေါက်ဝက တောင်ကမ်းယံမှာရှိပြီး ဂူရှေ့မှာ စမ်းရေအိုင်ကြီးရှိတယ်။ လှိုင်ဂူက နတ်ကြီးတယ်လို့ ပြောစမှတ်ရှိပါတယ်။ ဒေသခံတွေပြောချက်အရ.. လူငယ်လေးတွေ ၂ ရက်အကြာ ဂူထဲပျောက်ဆုံးခဲ့ပြီး ဆရာတော်ကိုယ်တိုင်ရှာမှ ပြန်တွေ့ခဲ့တဲ့ ပါးစပ်ပြောရာဇဝင်နဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကျွန်မတို့ကြားဖူးတာက အဖွားကြီးတစ်ယောက်ပျောက်သွားတာ တစ်ပတ်လောက်နေမှပြန်တွေ့တယ်။ သူ့ကိုသာ ရှာတဲ့သူတွေ မတွေ့တာ။ သူကတော့ ရှာဖွေနေသူတွေကို အကုန်လုံးမြင်နေရသတဲ့။ ဂူအစပိုင်းမှာ ဘုရားရုပ်တုတော်များ ထုလုပ်ပူဇော်ထားပါတယ်။ အတွင်းပိုင်းမှာတော့ မှောင်မဲနေပြီး လမ်းကကွေ့ကွေ့ကောက်ကောက်နဲ့ ခက်ခက်ခဲခဲသွားရတယ်။ ဂူရဲ့အဆုံးမှာ ချောက်ကမ်းပါးစပ်တစ်ခုရှိတယ်။ အပြန်မှာတော့ အဝင်လမ်းအတိုင်း ပြန်လှည့်ရတယ်။
အပြင်ရောက်တော့ စမ်းရေအိုင်ကြီးဘေးမှာ ကောဇောတွေခင်းပြီး အိမ်ကချက်ယူလာတဲ့ ထမင်းဟင်းတွေ မောမောနဲ့စားလို့ကောင်းတယ်။ တရေးတမောအိပ်၊ အနားယူပြီးရင် အပြန်လမ်းကတော့ တောက်လျှောက်အတက်လမ်းပါပဲ။ မောနေပေမယ့် နောက်ကျန်ခဲ့မှာ၊ လမ်းပျောက်မှာ၊ နတ်ဖွက်မှာ ကြောက်တော့ လူကြီးတွေအနားကမခွာရဲဘူး။
မုံတဝဂူကို ငယ်ငယ်တုန်းက မကြာခဏရောက်ဖူးတယ်။ ဧည့်သည့်တွေလာရင်လည်း လိုက်ပို့ပေးတယ်။ ကလေးဘဝတုန်းကပင်ပန်းတယ်လို့ မထင်ဘူး။ သွားရရင် ပျော်နေတာပါပဲ။ မုံတဝဂူက နတ်ကြီးတယ်၊ နတ်ဖွက်တတ်တယ်ပြောလေ ကြောက်ကြောက်နဲ့ သွားချင်လေပါပဲ။ တောင်ကြီးသူ မေနဲ့ အိမ်ထောင်ပြုထားတဲ့ စာရေးဆရာကြီး သော်တာဆွေက နွေရာသီဆိုတောင်ကြီးကို ရောက်နေကြဖြစ်တယ်။ ၁၉၅၈ ခုနှစ်က တောင်ကြီးမြို့ကိုရောက်နေတော့ မုံတဝဂူကို သွားရောက်ခဲ့တဲ့အကြောင်း ဖတ်ရတယ်။
ဆရာကြီးသော်တာဆွေက ဂူအတွင်းထဲကို ပင်ပင်ပန်းပန်း ဝင်ရောက်ခဲ့ကြောင်း၊ ဂူအတွင်းပိုင်းက လျှပ်စစ်မီးမရှိလို့ မှောင်မဲနေကြောင်း၊ ကောက်ကောက်ကွေ့ကွေ့နဲ့ တချို့နေရာတွေမှာ မတ်တတ်ရပ်လို့မရလို့ လေးဘက်ထောက်ဝင်ရတဲ့အကြောင်း နောက်ဆုံးချောက်ကမ်းပါးကြီးတစ်ခု ဆီးပိတ်ထားတဲ့နေရာရောက်မှ အလာလမ်းအတိုင်း ခက်ခက်ခဲခဲ ပြန်ထွက်ခဲ့ရကြောင်း ရေးထားတာဖတ်ရပါတယ်။
အခုဆိုရင် မုံတဝဂူကို ရွှေညောင်မြို့နယ် အေးသာယာစက်မူဇုန် လမ်းမကြီးအနီးကနေ သွားလို့ရတယ်လို့သိရတယ်။ အေးသာယာစက်မူဇုန်လမ်းကနေ ခြေလျင်တောင်တက်ပြီး ဂူအထိ ၄၅ မိနစ်အကြာ လမ်းလျှောက်ရတယ်။ ဂူက အခုထိ လျှပ်စစ်မီးမရသေးလို့ လက်နှိပ်ဓါတ်မီးဆောင်ဖို့လိုပါတယ်။ ဂူသွားရာလမ်းတလျှောက်မှာ သစ်တောတွေ.. လှတဲ့ရေတံခွန်တွေလဲ.. ဖြတ်ရပါသတဲ့။ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့စွန့်စားပြီး trekking လုပ်ချင်သူတွေ အတွက် အေးသာယာကနေသွားတာ ပိုပျော်စရာကောင်းတယ်လို့ဆိုပါတယ်။
ဂူသို့သွားရာလမ်းမှာ မဖွယ်မရာ အပြောဆိုဆင်ခြင်ရပါတယ်။ တောင်တက်ခရီးဖြစ်လို့ ရေဘူး၊ စားစရာတွေယူဆောင်သွားရင် ပိုအဆင်ပြေပါတယ်။ ရေတံခွန်တွေက မိုးတွင်းကာလမှာ ပိုလှပတယ်။ အသစ်အဆန်းခရီးတစ်ခုအနေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြန်လည်ဖော်ထုတ်နိုင်ရင် ပိုကောင်းပါတယ်။ (Travel By Khun D.Yay)