News

သူများတွေ ကျပ်တည်းနေချိန် နိုင်ငံတော် ထောက်ပံ့ငွေကို ကျောင်းဆရာမဖြစ်ပြီး မလုပ်သင့်ပါ

နိုင်ငံတော်က ထောက်ပံ့သည့် ငွေ ၁၀၀၀၀ ကျပ်တန်ကို ဆုတ်ဖြဲသည့် မူလတန်းပြ ကျောင်းဆရာမကို အမှုဖွင့်…

နိုင်ငံတော်က ထောက်ပံ့သည့်ငွေ တစ်သောင်းတန်ငွေစက္ကူတစ်ရွက်ကို လူမြင်ကွင်း၌ ဆုတ်ဖြဲလိုက်သည့် မူလတန်းပြကျောင်းဆရာမတစ်ဦးကို နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်မှု အောက်တိုဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ သရက်တောရွာတွင် ဖြစ်ပွားခဲ့သည်။

ယင်းနေ့က သရက်တောရွာ သဲဖြူဘုန်းကြီးကျောင်းဝင်းတွင် ကျေးရွာရာအိမ်မှူး ၂ ဦးက စတုတ္ထအကြိမ်အဖြစ် နိုင်ငံတော်ကထောက်ပံ့ပေးသည့် ငွေကျပ်တစ်သောင်းစီအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား ပေးအပ်နေစဉ် သရက်တောကျေးရွာနေသူ ရွှေတံတားကျေးရွာမူလတန်းကျောင်းမှ ဆရာမ ဒေါ်အိအိဇော် ဆိုသူက ၎င်းရရှိသော ထောက်ပံ့ငွေ ၁၀၀၀၀ ကျပ်ကို လူမြင်ကွင်းတွင် ဆုတ်ဖြဲလွှင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်နေ့က ရွာတွင် ထောက်ပံ့ငွေပေးဝေရာ၌ ပါဝင်ခဲ့သော ရာအိမ်မှူး ဦးဇော်မျိုးထွန်းက ” အဲ့ဒီနေ့က ဝေခြမ်းရေးလုပ်တော့ ကိုကျော်ဆွေဆိုတာလည်း ရာအိမ်မှူးပဲ။ သူကစာရင်းရေးပြီး တစ်ဦးချင်းစီလက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒီမှာ(၆၁)ဦးပြီးသွားပြီ။ ၆၂ ကတော့ အဲ့ဒီကောင်မလေး။ သူကဘောပင်နဲ့ စာအုပ်ကိုဆွဲယူပြီး ပေးတဲ့ ကိုယ့်ဟာကိုယ် ရေးမယ်ဆိုပြီးရေးတယ်။ ရေးပြီး သူ့ဟာသူလက်မှတ်ထိုးတယ်။ အဲ့ဒါနဲ့ကျွန်တော်က ကလေး အဲ့ဒီလိုမလုပ်ရဘူးလို့ ကျွန်တော်တို့ကပြောတယ်။ အကောင်းဆုံးဖြစ်အောင် စီစဉ်ပြီးပေးနေတာလို့ပြောပြီး ၁၀၀၀၀ ပေးလိုက်တယ်။ အဲ့ဒီမှာ ဒီဥစ္စာလားဆိုပြီး ပိုက်ဆံကိုဖြဲလိုက်တယ်။ အဲ့ဒီမှာလူတွေကလည်း အများကြီးရှိတယ်။ သူ့အဒေါ် မအေးဆိုတဲ့တစ်ယောက်ကလည်း ကိုဇော်မျိုးထွန်းတဲ့ ဒါဘယ်ကပေးတာလဲတဲ့။ ကျွန်တော်ကလည်း နိုင်ငံတော်ကပေးတာ၊ နိုင်ငံတော်ကထောက်ပံ့တာပါလို့ပြောလိုက်တယ်။ သူကကျွန်မတို့ကလည်း နိုင်ငံတော်ကထောက်ပံ့တာမှတ်လို့ လာယူတာတဲ့။ ဖြစ်စဉ်ကတော့အဲ့ဒါပဲ” ဟု ပြောသည်။

ရွာတွင် အိမ်ထောင်စု ၁၈၆ စု ရှိပြီး ရပ်မိရပ်ဖတွေနှင့်တိုင်ပင်၍ သဘောတူညီချက်အရ အိမ်တိုင်းကို အညီအမျှခွဲဝေပေးခြင်းဖြစ်ကြောင်း ၊ ယခင်ကလည်း ၃ ကြိမ်တိုင် ခွဲဝေခဲ့ဖူးပြီး ပြဿနာတစ်စုံတစ်ရာမဖြစ်ဖူးကြောင်း၊ ယခုတစ်ကြိမ်တွင် ရွာအတွက် ထောက်ပံ့ငွေ (၂၁ သိန်း ၆ သောင်း)ရရှိပြီး အိမ်ထောင်စု ၁၈၆ စုအတွက်တစ်အိမ်တစ်သောင်းကျပ်နှုန်းဖြင့် ၁၈ သိန်း ၆ သောင်း ဝေငှကာ ကျန်ငွေ ၃ သိန်းကို ရွာရှိလမ်းများခင်းသည့်နေရာတွင် သုံးကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ငွေစက္ကူဆုတ်ဖြဲသူ ဒေါ်အိအိဇော် (မူလတန်းပြ)ကို ထုံးဘိုနယ်မြေရဲစခန်း၌ (ပ)၅၅/၂၀၂၀၊ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၃ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်းထက်ကျော်(တောင်ငူ)

Leave a Comment

You cannot copy content of this page