Knowledge

“ဂန္ဓီရဲ့ ဖိနပ်တစ်ဖက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရမီရှင် စိတ်ဓာတ်”

” ဂန္ဓီရဲ့ ဖိနပ်တစ်ဖက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရမီရှင် စိတ်ဓာတ် ”

တခါတော့ မဟတ္တမဂန္ဓီဟာ မီးရထားနဲ့ခရီးတစ်ခုထွက်တယ်.. ထွက်စပြုနေတဲ့ရထားပေါ်လှမ်းတက်တော့ သူ့ဖိနပ်တစ်ဖက် ရထားအောင်ပြုတ်ကျ သွားတယ်..ရထားကလည်း အရှိန်ရနေတော့ ပြန်ဆင်းကောက်ဖို့ကလည်း မဖြစ်နိုင်တော့.. အဲဒီအချိန်မှာ ဂန္ဓီက ကျန်နေသေးတဲ့ သူ့ရဲ့ဖိနပ်တစ်ဖက်ကို ရထားအောက်ကို အလျင်မြန် ပစ်ချလိုက်တယ်..

ဒီဖြစ်စဉ်လေးကိုကြည့်လိုက်ပါ.. သူသူကိုယ်ကိုယ် အများစုဟာ ဒီအချိန်မှာ ကျန်တဲ့ဖိနပ်တစ်ဖက်ကိုကိုင်ထားပြီး အချိန် အတော်ကြာ ခရီးတစ်ခုပေါက်တဲ့အထိ ကျသွားတဲ့ဖိနပ်တစ်ဖက်ကိုသာ နှမြောတသဖြစ်နေ ကျမှာမလွဲဘူး..

ဂန္ဓီကတော့ ချက်ခြင်းပဲ တစ်ဖက်လူအတွက်တွေးလိုက်တယ်..ကောက်ရသူဟာ ဖိနပ်တစ်ဖက်တည်းနဲ့တော့အလုပ်မဖြစ်..အစုံလိုက်ရမှသာ အဆင်ပြေနိုင်မယ်ဆိုတဲ့အသိနဲ့ ဖိနပ်တစ်ဖက်ကို အလျှင်မြန်ပစ်ချလိုက်တယ်..

အဲဒါ ပါရမီရှင်တို့ရဲ့စိတ်ဓာတ်ပဲ..သူတစ်ပါးနေရာကိုတွေးပေးတတ်တဲ့ စိတ်ဓာတ်..

အဲဒီဟာလေးကိုတွေးပြီး ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးအတွက် အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို သွားပြီးသတိရမိတယ်..

” ငါတို့ ဘာတောင်းရမလဲဆိုတာထက် ငါတို့ဘာပေးရမလဲဆိုတာကို စဉ်းစားကြပါ ” ဆိုတဲ့စကား..

ဒီ လူထုခေါင်းဆောင်ရဲ့စကားက တကယ်တော့ ဂန္ဓီရဲ့စိတ်ဓာတ်ပဲ..သူတစ်ပါအတွက်ကြည့်ခြင်း..သူတစ်ပါးနေရာက စဉ်းစားပေးခြင်းဆိုတဲ့ အတ္တကိုနောက်မှာထားတဲ့စိတ်ဓာတ်.. သူမရဲ့စကားက အပေါ်ယံတွေးရင်တော့ သိတ်မထူးခြားသလိုရှိနေတောင် တကယ်အလေးနက်တွေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် စကားတစ်ခွန်းပဲ..

နောက်ထပ်အဖြစ်ပျက်လေးတစ်ခုကိုပြောပြပါအုန်းမယ်.. တစ်ခါတော့ လက်ဝှေ့သမားတစ်ယောက် မြို့တစ်မြို့မှာ လက်ဝှေ့ပွဲတစ်ခုလာထိုးတယ်.. သူအနိုင်ရလိုက်ပြီး ဆုတွေလက်ခံပြီး စင်ပေါ်ကဆင်းလာတော့ မိန်းမတစ်ယောက် သူ့အနားလာပြီး မသာယာတဲ့မျက်နှာနဲ့..

” အို ချန်ပီယံကြီးရယ်..ကျမကိုကူညီပါလားရှင်..ကျမသားလေး အပြင်းဖျားပြီး ဆေးရုံတက်စရာလည်း ပိုက်ဆံမရှိလို့ ကူညီပါလားရှင် ” ဆိုတော့ လက်ဝှေ့သမားက တွေဝေခြင်းအလျဉ်းမရှိ..သနားဂရုဏာစိတ်သက်တဲ့အမူအယာနဲ့

” ဒါဆို တော်တော်စိုးရိမ်စရာပဲ..ကဲ ကဲ ရော့.ဟောဒါ ကျနော့်မှာပါတာအကုန်ပဲ.. ခင်ဗျားကလေးကို ဆေးရုံအမြန်တင်လိုက်ပါနော် ” ဆိုပြီး ဆုကြေးငွေအကုန်လုံးကို ပေးလိုက်တော့တယ်..ကလေးအမေလည်း သူ့အပါးက အမြန်ဆုံးပြေးထွက်သွားတော့ တာပေါ့..

နောက်တစ်နေ့ လက်ဝှေ့သမားက ဆေးရုံတင်ရတဲ့ကလေးအခြေအနေ နီးစပ်ရာကိုစုံစမ်းကြည့်တော့ အဲဒီအခါမှာ အားလုံးက လှောင်ပြောင်သရော်တဲ့အကြည့်နဲ့ ” ခင်ဗျားအလိမ်ခံလိုက်ရတာပဲ.. အဲဒီမိန်းမမှာ ဘာကလေးမှမရှိဘူးဗျ.. ခင်ဗျားဆီက ပိုက်ဆံ လိမ်တောင်းသွာတာ ” လို့ပြောလိုက်တော့..

လက်ဝှေ့သမားက အံသြသွားပြီး သက်ပြင်းချလိုက်ကာ ဝမ်းသားတဲ့အမူအရာနဲ့.. ” ဒါဆို ဘယ်ကလေးမှ ဆေးရုံမတက်ရဘူးပေါ့..တော်ပါသေးရဲ့ဗျာ.. ကျနော့်မှာ
အဲ့ကလေးအတွက် တစ်ညလုံးစိတ်ပူနေတာ..ဒီလိုဆိုတော့ တော်သေးတာပေါ့ဗျာ ” တဲ့…

ကဲ.. သူဆုံးသွားတဲ့ပိုက်ဆံကိုတွေးမပူ..သူစိုးရိမ်ပူပန်နေမိတဲ့ ကလေးတစ်ယောက် မဖျားလဲမဖျား..ဆေးရုံလဲမတင်ရဆိုတာကိုပဲ ဝမ်းသာသွားလိုက်သေး..ဘယ်လောက် လေးစားစရာကောင်းတဲ့ သူတစ်ပါးအတွက်တွေးပေးတတ်တဲ့ စိတ်ဓာတ်လဲ..

ဒီနေရာမှာ အတော်များများက လိမ်သွားတဲ့မိန်းမကို ကျိန်ဆဲကောင်းကျိန်ဆဲစိတ်တိုမိမှာပဲ.. သူ့လိုတော့ ဝမ်းမြောက်ဝမ်းသာ စိတ်မျိုးတော့ ပေါ်လာမှာမဟုတ်တာသေချာတယ်..

ဒါဘာလဲဆိုတော့ အများစုက “ငါ “တည်းဟူသော အတ္တရှုထောင့်ကသာတွေးလေ့ရှိကြပြီး “သူ “တည်းဆိုသော ပရရှုထောင့်ကို တွေးလေ့မရှိတတ်တာပါပဲ..

လူတွေအများစုကြီးဟာ အသာစံရမယ့်ကိစ္စမျိုးမှာတော့.. ” ငါစားမယ် ငါပိုင်တယ် ငါယူမယ် ငါရသင့်တယ် ” ဆိုတဲ့ ” ငါ “ရှုထောင့်ကတွေးကြပြီး အနာခံရမယ့်ကိစ္စမျိုးမှာတော့ ” သူက ဘာလုပ်နေတာလဲ.သူ့မှာတာဝန်ရှိတယ်.. သူလုပ်သင့်တာပေါ့.. သူလုပ်မှ ဖြစ်မှာလေ” ဆိုပြီး “သူ” ရှုထောင့်က ပြောင်းလဲတွေးခေါ်ပါတော့တယ်..

ဒါဟာ လောဘ ဒေါသ မောဟ ကြီးသူတို့ဟာ ငါ ရှုထောင့်သမားတွေဖြစ်လာကြပြီး မေတ္တာ ဂရုဏာ မုဒိတာ သမားများကတော့ သူ ရှုထောင့်သမားတွေ ဖြစ်လာကြတယ်..

ပင်လုံမှာ လူထုခေါင်းဆောင်ကပြောတယ်.. သူတစ်ပါးကို အပြစ်တင်တဲ့ ရှုထောင့်က.. ငါဘာယူရမလဲဆိုတဲ့ ရှုထောင့်က မကြည့်ကြပဲ.. သူတစ်ပါးမှာ ဘာခံစားချက်ရှိမလဲ.. ငါ ဘာလုပ်ပေးရမလဲ ဆိုတဲ့ရှုထောင့်က ကြည့်ပေးကြပါ.. ဒါမှ ငြိမ်းချမ်းရေးခရီးနီးမယ် ဆိုတဲ့စကားဟာလဲ မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ဖက်အတွေးလို.. လက်ဝှေ့သမားရဲ့ မုဒိတာ အပြုံးလို ပါရမီရှင်တို့ရဲ့ အတွေး စိတ်ဓာတ်တွေပါပဲဆိုတာလေး..

မြန်မာပြည်ကြီး.. ထိုမှတစ်ဆင့် ကမ္ဘာမြေကြီး.. ထိုမှတစ်ဆင့် လောကသုံးပါး ငြိမ်းချမ်းပါစေကြောင်း ဒီစာတစ်ပုဒ်နဲ့ တင်ပြတိုက်တွန်းပါရစေ..

လောကကြီးမှာ..

“ငါ” ရှိရုံမျှဖြင့် “ငါ” သည်အဓိပ္ပယ်မရှိ..

“သူ” ရှိမှသာလျှင် “ငါ” လည်း အဓိပ္ပယ်ရှိလိမ့်မည်..

“သူ” ကို တန်ဘိုးထားမှ “ငါ” လည်း တန်ဘိုးရှိလိမ့်မည်..

သူတစ်ပါးနေရာမှ တွေးပေးတတ်တဲ့ အလေ့အထကောင်းများ လူအများရင်ဝယ် ကိန်းအောင်းလာနိုင်ကြပါစေကြောင်း..

(မောင်ကြည့်၏ သူတစ်ပါးနေရာမှ တွေးခြင်း ဆောင်းပါးအား ကောက်နုတ်မီငြမ်း၍) (Thetdwe Aung)

Leave a Comment

You cannot copy content of this page