Entertainment

ကချင်ပြည်နယ် မေခ-မလိခ မြစ်ဖျားနားက အံ့သြဖွယ်ရာ ပရလောကသားများ အကြောင်း

ကချင်ပြည်နယ် မေခ-မလိခ မြစ်ဖျားနားက အံ့သြဖွယ်ရာ ပရလောကသားများ အကြောင်း..

တစ်နေ့ ကျွန်တော်တို့အိမ်ကို ကျွန်တော့်ဦးလေးရဲ့ သူငယ်ချင်း၄ယောက်လောက်က အတူတူရောက်လာကြတယ်.. ၊ သူတို့တွေက ကျွန်တော့်ဦးလေးနဲ့ အချင်းချင်း မတွေ့တာကြာလို့နှုတ်ဆက်နေကြတာပြီးတော့ အချင်းချင်း သာကြောင်းမာကြောင်းတွေမေးမြန်နေကြတယ် ၊ ပြီးတော့ ဦးလေးက သူတို့အတွက် ကော်ဖီလေးတွေလုပ်ပေးဖို့ ကျွန်တော့်ကိုလှမ်းပြောလိုက်တယ် “ တူကြီးရေ.. ဦးလေးမိတ်ဆွေတွေကို ဧည့်ခံရအောင် တစ်ခုခု သွားလုပ်ပေးပါဦးကွယ်..”

ကျွန်တော်လည်း ဦးလေးစကားအတိုင်းချက်ချင်းအိမ်နောက်ဖေးကိုပြေးသွားလိုက်ပြီးနောက် ကော်ဖီမစ်အထုတ်လေးတွေကို ကြွေခွက်လှလှလေးတွေထဲ အညီအမျှသေချာထည့်ပြီး ရေနွေးလေးနည်းနည်းရော မွှေလိုက်တယ် ပြီးတော့ တစ်ခွက်စီကိုသေချာသယ်ယူပြီး ဦးလေးသူငယ်ချင်းတွေရှေ့မှာ ရိုရိုသေသေချထားပေးလိုက်တယ် ၊ ကော်ဖီနဲ့အတူတူ တွဲစားလို့ရလောက်တဲ့ မုန့်တစ်ချို့ကိုလည်း ကျွန်တော်ပြင်ပေးထားလိုက်တယ် ၊ အဲ့ဒါတွေလုပ်ပြီးတော့မှ မလှမ်းမကမ်းကနေ ဦးလေးတို့စကားဝိုင်းကို စိတ်ဝင်တစား နားစွင့်နေမိတယ်..

“ တိုးမောင်ရယ် ငါတို့မတွေ့တာ ဘယ်လောက်ကြာပြီလဲ ” သူတို့လူစုထဲက အသက်အကြီးဆုံးတစ်ယောက်က ကျွန်တော့်ဦးလေးကိုလှမ်းမေးလိုက်တော့ ဦးလေးက အားရဝမ်းသာဖြစ်တဲ့ပုံနဲ့ “ ကြာပြီပေါ့ အစ်ကိုကြီးလှဖြိုး ရာ….ကျွန်တော်တို့လည်း အဲ့ဒီတုန်းက အတူတူ ရွှေငုတ်ပြီးနောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရတော့ဘူး ဒီဘက်က ကိုရွှေအုန်းက ထိုင်းဘက်ကိုရောက်သွားတယ်ကြားတယ် ၊ ဒီက ကိုကျော်မြင့်ကြီးကတော့ ကိုယ့်နယ်ကိုယ်ပြန်သွားတာမဟုတ်လား ၊ အစ်ကိုကြီးလှဖြိုးကတော့ မှော်ထဲပါသွားတယ်လို့သတင်းရတာပဲ.. ဒါနဲ့အခု ဒီလူသုံးယောက် ဘယ်လိုစုမိပြီး ဘယ်လို ဘယ်လို ဒီရောက်လာကြတာလဲဗျာ.. ဆိုကြပါဦး ”

အဲ့ဒီ့အခါမှ အသက်အကြီးဆုံး လူကြီးဖြစ်တဲ့ အစ်ကိုကြီးလှဖြိုးဆိုသူက “ ဘယ်လိုဆုံတယ်ဆိုတာကိုပြောရရင် ကိုယ့်လူရေ ငါတို့တွေလည်း အသက်အရွယ်ကြီးမြင့်လာကြပြီ.. ငယ်ငယ်ကလို ထင်တိုင်းကြဲလို့ရတဲ့အရွယ်လည်းမဟုတ်တော့ဘူးဆိုတော့ကွာ.. ဘာရယ်မဟုတ်ဘူး.. ငယ်ငယ်က ကိုယ်တွေနဲ့အတူတူ ငတ်အတူ ကြီးပွားအတူ ဘဝတိုက်ပွဲဝင်လာတဲ့ ရဲဘော်ဟောင်းတွေကို သတိရတာနဲ့ ငါကပဲ ဦးဆောင်ပြီး မရ ရအောင် ပြန်လိုက်စုဖြစ်တယ် တိုးမောင်.. ဝမ်းသာစရာက အဆက်အသွယ်လေးတွေ မပျက်သေးတော့ အခုလို လွယ်လွယ်ကူကူ ပြန်တွေ့ကြရတယ် ၊ ပိုပြီးကောင်းတာက ငါတို့တွေအားလုံး ကျန်းမာနေကြသေးတာပါပဲ.. ၊ နောက်ပြီး ငါဝမ်းအသာဆုံးက မင်းတို့တွေ ငါတို့တွေ အရင်က ဆင်းရဲတွင်းနက်တာတွေ ၊ မိသားစုဝန်တွေအတွက် အသက်ကိုစတေးပြီး ငွေရှာခဲ့ကြရပေမယ့် အခုတော့ အားလုံးက အိုးပိုင်အိမ်ပိုင် မိသားစုလေးတွေကိုယ်စီနဲ့ အေးချမ်းနေကြတာကို ငါအရမ်းဝမ်းသာမိတယ် တိုးမောင်ရေ ”

ကျန်တဲ့သူတွေကလည်း အပြန်အလှန် စကားလက်ဆုံကျရင်း သူတို့ ငယ်ဘဝက အတူတူ ကြုံခဲ့ရတဲ့ ပျော်စရာလေးတွေ ၊ စိတ်ညစ်စရာလေးတွေကို ပြောလိုက် ပြန်လွမ်းဆွေးလိုက်.. ရယ်မောလိုက်နဲ့ ပွဲကျနေကြတယ် ၊ နောက်တော့ အဖွဲ့ထဲက ကိုရွှေအုန်း က စကားစလိုက်တယ် “ ကျုပ်ဖြင့် ခင်ဗျားတို့နဲ့အတူတူ ဖြတ်သန်းရုန်းကန်ခဲ့ကြရတဲ့ ငယ်ဘဝကိုပြန်တွေးမိတိုင်း ဘယ်တော့မှ မေ့မရတဲ့ အကြောင်းအရာလေးတစ်ခုက တို့တွေ မေခမြစ်ချောင်းဖျားမှာ ကျုပ်တိုင်တွေ သရဲခြောက်ခံရတာကို မေ့မရဆုံးပါပဲ ”

ဒီစကားကို ကိုကျော်မြင့် က ဝင်ထောက်လိုက်တယ် “ ဟုတ်ပါ့ဗျာ.. ခင်ဗျားတို့ ပြောပါ့ပြောပါ့မလားလို့… ကျုပ်လည်း အဲ့အဖြစ်ကိုအခုထိ မေ့မရသေးဘူး.. အိမ်က သားသမီးတွေ တူ ၊ တူမတွေကိုလည်း အမြဲတမ်းပြောပြဖြစ်တယ်ဗျို့..၊ တို့အသက်တွေက ငါးဆယ်ကျော် ခြောက်ဆယ် ခြေလှမ်းလှမ်းနေပေမယ့် အဲ့အဖြစ်တွေကို အခုထိကိုမေ့မရသေးဘူးဗျာ ” သူတို့နှစ်ယောက်စကားကိုကြားမိတဲ့ ကျွန်တော်က အရမ်းစိတ်ဝင်စားမိသွားရင်း သူတို့ရှေးဟောင်းနှောင်းဖြစ်တွေပြောနေတဲ့ စကားလုံးတွေကြားထဲ ကျွန်တော့်အတွေးတွေလည်း တဖြည်းဖြည်း လွင့်ပါ.. လွင့်မြောသွားမိတော့တယ်..။

အကြောင်းအမျိုးမျိုးနဲ့ သစ်လုပ်ငန်းတစ်ခုမှာ ခင်မင်ခဲ့ရတဲ့ အသက်နှစ်ဆယ်ကျော်ဝန်းကျင် လူငယ်တစ်စု.. အခုတော့ သူတို့ထဲကအသက်အကြီးဆုံး လှဖြိုးက သူ့မိတ်ဆွေတွေအလုပ်အကိုင်အဆင်ပြေတယ်လို့ပြောတဲ့နေရာနောက်ကို သူတို့တွေ အရဲစွန့်ပြီး လိုက်ပါလာခဲ့ကြရပြီ.. လူငယ်တွေဆိုပေမယ့် အသိစိတ်အပြည့်ရှိကြတဲ့ လူငယ်လေးတွေ.. သူတို့ကိုယ်စီကိုယ်စီမှာ မိဘနဲ့အောက်က အငယ်မောင်နှမတွေ ရှိနေကြတယ်လေ ၊ ဒီလို မိသားစုလေးတွေအတွက် သူတို့တွေ ပညာရေးကိုစွန့်လွတ်ခဲ့ကြရပြီးတော့ ဘဝမှာ ပျော်ရာကိုမနေ တော်ရာအရပ်ဆီ ငွေကြေးမျက်နာတစ်ခုတည်းကိုကြည့်ပြီး ထွက်ခွါလာခဲ့ကြတယ် ၊ ဒီခရီးစဉ်က သူတို့အတွက် အသက်အာမခံချက်မရှိ ၊ ဆေးဝါးအာမခံချက် ၊ ဘဝအာမခံချက်မရှိ ၊ ကိုယ်ဖြစ်ကိုယ်ခံ သေသေကြေကြေ ၊ သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့အတိုင်း ဆုံးဖြတ်ချက်တစ်ခုတည်းအတွက်ကြောင့် ကံထက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာကိုလက်ခံပြီး လိုက်ပါလာဖြစ်ခဲ့ကြတယ် ။

မြန်မာပြည်ရဲ့ ကချင်ပြည်နယ်မှာရှိတဲ့ မေခမြစ်ဖျားတစ်နေရာဆီကို သူတို့ ဦးတည်လာခဲ့ကြတယ် ၊ မေခမြစ်က ပူတာအိုရေခဲတောင်တွေကနေ စီးလာတဲ့ ရေခဲရေတွေနဲ့ ပြည့်နေတဲ့ မြစ်တစ်ခုပေါ့ ၊ မေခမြစ်ဆိုတာ တနည်းပြောရရင် ဧရာဝတီမြစ်ကြီးရဲ့ မိခင်လို့ဆိုလို့ရတယ် ၊ မလိခမြစ်ကတော့ တစ်ဖက်ပေါ့..၊ မေခမြစ်ကိုလူတိုင်းသိကြပေမယ့် မေခမြစ်ဖျားက သူတို့လူစုသွားတဲ့နေရာကိုတော့ လူအရောက်အပေါက်နည်းပြီး လူမရောက်သလောက်နီးပါးရှိနေတဲ့ နေရာပေါ့ ၊ အဲ့ဒီ့နေရာမှာ မြစ်ထဲ မြစ်အောက်နားအထိ ရေငုတ်ပြီးတော့ ရေအောက်ရွှေအရိုင်းတွေကို ရှာဖွေ…မြို့ပေါ်ရောက်ရင် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းရင်း အသက်မွေးတဲ့အလုပ်ကို လုပ်ဖို့အတွက် သူတို့လူစုရောက်လာခဲ့ကြပြီ ၊ ဒီအလုပ်က ဘေးမကင်းသလို ကြာကြာလုပ်ရင် အသက်အန္တရယ်ရနိုင်ပြီး ရောဂါပါအမြစ်တွယ်စေတဲ့အလုပ်မျိုးလေ.. လွယ်တော့မလွယ်ဘူး ။

သူတို့လူစု ရောက်ရောက်ခြင်း ပထမနေ့မှာတော့ ယာယီတဲလေး ထိုးဖို့ နေရာကို ရှာကြတယ် ၊ တစ်နေရာရောက်တော့ မြေနေရာသိပ်ကောင်းပြီးတော့ တဲထိုးဖို့အရမ်းအဆင်ပြေလောက်တဲ့ ကုန်းပြန့်လေးတစ်ခုကို တွေ့လိုက်ကြရတယ် ၊ အဆင်သင့်ချက်က အဲ့ဒီ့ ကုန်းပြင်ပြန့်လေးဘေးနားမှာ စမ်းချောင်းသေးသေးလေးတစ်ခုက ရှိနေပြန်တယ် ၊ ဒီလိုနဲ့ သူတို့တွေ ယာယီတဲငယ်လေး ထိုးဖြစ်ခဲ့ကြတယ် ၊ လူက အားလုံးပေါင်း လေးယောက် ၊ အစ်ကိုကြီးလှဖြိုး ၊ ကိုတိုးမောင် ၊ ကိုရွှေအုန်း နဲ့ ကိုကျော်မြင့်..။ စစအိပ်ခြင်းညမှာပဲ သူတို့အတွက် အတွေ့အကြုံထူးတစ်ခုကို မြည်းစမ်းခွင့်ရခဲ့တယ်လေ ၊ အဲ့ဒီ့အတွေ့အကြုံဆိုတာ..

အဖွဲ့ထဲက အသက်အကြီးဆုံး အစ်ကိုကြီးလှဖြိုး.. သူအရင်စကြုံခဲ့ရတာ ၊ အစ်ကိုကြီးလှဖြိုးက တစ်နေကုန် ခရီးပန်းလာတော့ ပင်ပင်ပန်းပန်းနဲ့ တစ်ခါတည်း အိပ်ပျော်အောင်အိပ်နေရင် အိပ်မောကျနေတုန်း သူ့ခြေထောက်ကို အေးစက်စက် အရာကြီးတစ်ခုက ရစ်ပတ်ကိုင်တွယ်လိုက်ရင်း တစ်ဖြည်းဖြည်း တင်းလာတော့မှ ဆက်ခနဲ ဆောင့်ဆွဲချသွားလိုက်တာ.. တဲထဲက ယာယီရိုက်ထားတဲ့ ခါးလောက်သာသာအမြင့်ရှိဝါးကွပ်ပျစ်လေးပေါ်ကနေ အစ်ကိုကြီးလှဖြိုးတစ်ယောက် လျောခနဲ တရွတ်တိုက် အိပ်လျက်သားကြီး ပါသွားလိုက်တာ ကိုယ်တစ်ပိုင်းလုံး တဲအပြင်ဘက်ရောက်မှ အော်ဟစ် ဆဲဆိုနေပါလေရော.. အစ်ကိုကြီးလှဖြိုးရဲ့ ဆဲဆိုသံတွေကိုကြားတော့ အတူတူအိပ်နေကြတဲ့သူတွေလည်း လန့်နိုးလာကြပြီး အနီးက ဓါးကိုကိုင်ရင်း တဲအပြင်ထွက်ကြည့်လိုက်တော့ ဘာဆို ဘာမှ မမြင်ကြ ၊ ဘာမှလည်း ရှိမနေ ၊ ဒါဆို အစ်ကိုကြီးလှဖြိုး ဘာလို့ အော်ဆဲနေရတာလဲ “ အစ်ကိုကြီးလှဖြိုး ဘာလို့ ဆဲနေတာလဲ.. အိပ်မက်ယောင်တာလား.. လာလာအထဲပြန်ဝင်ကြရအောင် ” တိုးမောင်ချော့ခေါ်လာလို့ ဒေါသတွေထွက်ပြီး တရှုးရှုးဖြစ်နေတဲ့ အစ်ကိုကြီးလှဖြိုးက တဲအထဲလိုက်လာပြီး ခဏအကြာမှ ပြန်အိပ်သွားတယ်..၊

မနက်ရောက်တော့လည်း အလုပ်ကိစ္စတွေနဲ့ အကုန်ရှုပ်နေကြတော့ သူတို့တွေ ညက အစ်ကိုကြီးလှဖြိုး တရေးနိုး ထ ဆဲ တဲ့ အကြောင်း အဖြစ်အပျက်ကို မမေးဖြစ်ကြဘူး… ၊ ဒုတိယညမှာလည်း တစ်နေကုန် အလုပ်ပင်ပန်းထားကြတော့ ညစာ စားပြီးတာနဲ့ တန်းအိပ်ပျော်သွားကြတယ် ….. အိပ်မောကျနေတုန်းမှာ…… အဖွဲ့ထဲက ဒုတိယအသက်အကြီးဆုံးဖြစ်တဲ့ ကိုရွှေအုန်းတစ်ယောက် ထူးခြားတာကို ကြုံရပြန်တယ် ၊ ကိုရွှေအုန်း အိပ်နေတုန်း ကိုရွှေအုန်းရဲ့ ခြေထောက်ကို တစ်ယောက်ယောက်က လာပုတ်နှိုးလိုက် ခြေထောက်ကနေ တဖြည်းဖြည်း ပုတ်နေတဲ့လက်က တက်လာလိုက်တာ ပုခုံးနားအထိရောက်လာမှ ကိုရွှေအုန်း လည်း အေးစက်တဲ့ လက်ကြောင့် ထထိုင်လိုက်တယ် တစ်ဆက်တည်းမှာလည်း အော်မေးလိုက်တယ် “ ဘာလဲကွာ ဒီမှာအိပ်နေတာကို….. ” သူအနောက်လှည့်ကြည့်လိုက်တော့ သူ့ကျောဘက်မှာ တဲနံရံလေးအပြင် ဘယ်သူမှရှိမနေတာကိုမြင်လိုက်ရတယ်… သူနဲ့မျက်နာချင်းဆိုင်မှာတော့ တိုးမောင်က အိပ်မောကျနေလိုက်တာ ဟောက်တောင်ဟောက်နေပြီ… ၊ နားထဲမှာလည်း ထူးခြားတဲ့ အသက်ရှုသံပြင်ပြင်းကြီးတွေကိုကြားနေရတော့ ဘာပြောကောင်းမလဲ ကိုရွှေအုန်းလည်း ခြေထောက်လေးကို ကွေးလိုက်ရင်း မျက်စိကိုအသေမှိတ်ထားမိလိုက်တယ် ၊ ကိုရွှေအုန်း မျက်စိမှတ်ထားတုန်းမှာပဲ သူကမျက်နာကို တစ်ယောက်ယောက်က တဖူးဖူး လေအေးစက်စက်ကြီးတွေနဲ့ လာမှုတ်နေတာကို ခံစားမိလိုက်တယ် ၊ တဲအပြင်ဘက်ကလေက မျက်နာတည့်တည့်ကို တိုးဝင်လာတာ လုံးဝမဟုတ်မှန်း ကိုရွှေအုန်း သေချာသိလိုက်ပြီး မျက်လုံးကို မျက်ရည်ကျမတက် မှိတ်ထားမိရင် တစ်ညတာ မြန်မြန်ကုန်ဖို့ဆုတောင်းနေမိခဲ့တယ်………… ၊

မနက်မိုးသောက်ပြန်တော့ ကိုရွှေအုန်း ညကသူကြုံခဲ့ရတဲ့အကြောင်းတွေ သူငယ်ချင်းတွေကို ပြောပြချင်မိတယ်..ဒါပေမယ့် သူ့ကိုတစ်ခြားသူတွေက ရူးနေတယ်လို့ပြောမှာတွေ ၊ အသက်ကြီးပြီး ကြောက်တတ်လိုက်တာလို့ ပြောမှာတွေကို တွေးပူပြီး အတွေးတွေကို တစ်ယောက်တည်း သဂြိုလ်လိုက်ရင်း အလုပ်ထဲကိုပဲ အားရုံစိုက်ထားမိလိုက်တယ်..။ ဒီညကတော့ ကိုကျော်မြင့်ရဲ့ ညလို့ ဆိုရမယ် ဟုတ်တယ်…မနက်က ပင်ပန်းနေတာနဲ့ အစားအသောက်ကို မဆင်မခြင်စားလိုက်မိတော့ ကိုကျော်မြင့်တစ်ယောက် ပန်းကမ္ဘာထဲကို ရောက်နေရရှာတယ် ၊ ဝမ်းတွေဆက်တိုက်သွားနေတော့ ညဘက်ကို ကောင်းကောင် အိပ်မရဖြစ်နေတယ် ၊ အိပ်ပျော်မယ်လုပ်ရင် ဗိုက်ကနာလာပြန်ရင်နဲ့ အခေါက်ခေါက်အခါခါဖြစ်နေရတယ် ၊ အခုလည်းပြောရင်းဆိုရင်း ကိုကျော်မြင့် ဗိုက်တွေ မဟားတရား နာလာတော့ သစ်ပင်တစ်ချို့ အကွယ်လေးမှာ အခင်းသွားနေမိတယ် ၊ လူဆိုတဲ့သဘောက တစ်ယောက်တည်းဆို ကျောမလုံတတ်တဲ့သဘောအတိုင်း ညမှောင်မှောင်ထဲမှာ ကိုကျော်မြင့် ဓါတ်မီးလေးနဲ့ ဟိုထိုးလိုက် ဒီထိုးလိုက်နဲ့ နည်းနည်းတော့ ကြောက်စိတ်ဝင်နေမိတာ အမှန်ပဲ ၊ မမြင်ရတဲ့အရာတွေကိုလည်း ကြောက်နေမိသလို မြင်ရတဲ့ သတ္တဝါရိုင်း မြွေတွေ ၊ ကင်းတွေကိုလည်း ကြောက်နေမိတယ်..

ဗိုက်ကလည်း နာနေတုန်း.. ကိစ္စကလည်းမပြီးသေဖြစ်နေတုန်းမှာ လက်ထဲက ဓါတ်မီးက ရုတ်တရက် အားကျသွားပြီး မှိတ်သွားပါလေရော ၊ ဓါတ်မီးလေးအားကုန်သွားတော့ ကိုကျော်မြင့် ကိုယ့်ကိုကိုယ်အားခဲထားဖို့အတွက် ပါးစပ်ထဲမှာ ဆေးလိပ်တိုလေးကို အားတင်းဖွာနေရင်း ဆေးလိပ်တိုက ရဲခနဲ ရဲခနဲဖြစ်သွားတုန်း သူနဲ့မျက်နာချင်းဆိုင်ခြုံထဲကနေ တောတိုးသံလိုလို လေတိုးသံလိုလို ကြားလိုက်ရတယ်.. ၊ ကြောက်စိတ်ဝင်မိသွားလို့ထင်တယ် ကိုကျော်မြင့်လည်း ဆေးလိပ်ကိုအသာအယာလေး မီးသတ်လိုက်ရင်း ကိစ္စကိုရှင်းပြီးတော့ တဲထဲကို ဝင်သွားလိုက်တယ် ၊ တဲထဲရောက်တော့ ခြေထောက်မလုံသလိုနဲ့ တဲအပြင်ကိုတစ်ချက်လှမ်းကြည့်မိလိုက်တော့ သူမြင်လိုက်ရတာက သူအခင်းသွားခဲ့တဲ့အပင်အောက်မလှမ်းမကမ်းနားက သူဖွာခဲ့တဲ့ ဆေးလိပ်ပစ်ခဲ့တဲ့နေရာကနေ တစ်ယောက်ယောက်က ဆေးလိပ်ထိုင်ဖွာနေသလို ဆေးလိပ်မီးရောင် အနီးရောင်လေးကို ရဲခနဲ ရဲခနဲ တွေ့လိုက်ရတော့တာပါပဲ..၊ ထုံးစံအတိုင်း စောင်လေးကို ခေါင်းလုံအောင်ခြုံထားလိုက်ရင်း အေးနေတဲ့အချိန်ကြီးမှာတောင် ဇောချွေးတွေ တလုံးလုံးနဲ့ အိပ်ပျော်သွားမိတယ် ၊ တစ်ညလုံး ဗိုက်နာနေတာတောင် လုံး၀ မထရဲတော့ဘဲ မနက်လင်းအာရုံ အလင်းရောင်လေး မြင်တော့မှ သူငယ်ချင်းတွေ နိုးပြီဆိုတော့မှ အားချင်းထွက်ပြေးပြီး ကိစ္စရှင်းလိုက်ရတဲ့အထိဖြစ်ခဲ့ရတယ် ၊ ဒါပေမယ့် ဒီကိစ္စကို မယုံကြမှာစိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ဘူး..။

စရောက်တဲ့ညကစပြီး တစ်ယောက်ပြီးတစ်ယောက် အခြောက်အလန့် ခံထားရတာကနေ အခုတော့ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကိုတိုးမောင်အလှည့်ကတော့ မခေါ်ပဲကိုရောက်လာခဲ့ရပြီ ၊ အားလုံးက အခြောက်အလန့်ခံထားကြရတော့ ညဆိုရင် အကြောင်းအမျိုးမျိုးပြပြီး စောစောအိပ်ယာဝင်တတ်ကြတယ် မနက်ဆိုရင်လည်း အစောကြီး ထတတ်ကြတယ် ၊ ဘယ်သူမှ စောပြီးတစ်ယောက်တည်း တဲထဲမှာ အိပ်ယာမဝင်တတ်သလို ဘယ်သူမှလည်း ငါနိုးပြီဟေ့ဆိုပြီး တစ်ယောက်တည်း တဲအပြင်မထွက်ရဲကြတော့တာအမှန်ပဲ ၊ ဒါကို မကြုံဖူးတော့ မသိသေးတဲ့သူဆိုလို့ ကိုတိုးမောင် တစ်ယောက်တည်း ကျန်တော့တယ် ၊ အခုကတော့ ကျိန်းသေပေါက် ကိုတိုးမောင် အလှည့်ရောက်လာပြီလေ..

ကိုတိုးမောင် ကြုံတာကျတော့ ပိုဆန်းတယ် ထူးထူးဆန်းဆန်း ဒီညကျမှ ကိုတိုးမောင် အိပ်မပျော်ဖြစ်နေတယ် ၊ လဖ္ဘက်တွေ တအားစားမိထားလို့ ထင်တယ် မျက်လုံးတွေကြောင်နေပြီး အိပ်မရဖြစ်နေတယ် ၊ ကြိုးစားလူးလှိမ့်ပြီး အိပ်ဖို့လုပ်နေတုန်း သူတို့ခြေဆင်းထားတဲ့ တဲအဝင်ပေါက်နားမှာ လူတစ်ယောက် ဒါမှမဟုတ် တစ်ယော်ထက်ပိုတဲ့လူတွေ ရပ်နေကြတယ်လို့ စိတ်ထဲက အလိုလို ခံစားမိနေတယ် ၊ သူ့ခံစားမှုအတိုင်း စူးစမ်းချင်တော့ ခြေရင်းကို တစ်ချက်လှမ်းကြည့်မိလိုက်တယ် ၊ အမှန်ပါပဲ ခြေရင်းဘက် တဲအဝင်ပေါက်နားမှာ အကျီ ၤ စုတ်စုတ်ပျက်ပျက်နဲ့ နွမ်းလျှနေတဲ့ပုံစံနဲ့ အမျိုးသားတစ်ယောက်ကိုမြင်လိုက်ရတယ် ၊ သူ့ပုံစံက ရန်လိုချင်တဲ့ပုံမှန်း တန်းသိနိုင်တယ် ၊ ထူးခြားတာက သူ့မျက်နာအနေအထားကို လုံး၀ ပုံဖမ်းလို့မရဘူး ၊ မျက်လုံးရဲ့အလုပ်လုပ်ပုံမှာ သူတို့မျက်နာကို ပုံဖော်ပေးနိုင်လောက်တဲ့ အာရုံခံစားချက် မပါလောက်ဘူး ၊ ဝိုးတဝါးမျက်နာနဲ့ လူစိမ်းတစ်ယောက်ကို ကိုတိုးမောင် မြင်လိုက်တော့ ရန်ပြုမယ့်သူမှန်းလည်းသိနေတာမို့ ချက်ချင်း သူငယ်ချင်းတွေကို နှိုးပြီး အသိပေးဖို့ ထအော်လိုက်ရင်း ဘေးကဓါးကိုကိုင်ဖို့ ပြင်လိုက်တယ် ၊ ဒါပေမယ့် ကိုတိုးမောင် တစ်ကိုယ်လုံး ရေခဲရိုက်ထားသလို အေးစက်နေပြီး လှုပ်ရှားမရတဲ့ လူသေလို ဖြစ်နေပြန်တယ်… အသံတွေကလည်း ပါးစပ်သာလှုပ်နေတယ် အပြင်ကို လုံး၀ အသံထွက်မလာဘူး..

လူတစ်ကိုယ်လုံး စပါးကြီးမြွေတစ်ကောင် အငြို့ခံထားရသလို ဖြစ်နေပြီး လှုပ်မရ ၊ အော်မရ အခြေအနေဖြစ်နေတုန်း ဘယ်ကနေဘယ်လို သူ့အနားရောက်လာမှန်းမသိတဲ့ အပေါက်ဝက လူစိမ်းက ကိုတိုးမောင်ရဲ့ လည်ပင်းကို သူ့လက်ကြီးတွေနဲ့ အားရပါးရ ညစ်ပါလေရော..၊ လက်ကြီးတွေက အေးစက်နေပြီး လူတစ်ယောက်လည်ပင်းညှစ်နေတာထက်စာရင် သံကြိုးကြီးတွေနဲ့ ဆွဲရစ်ထားသလိုမျိုး လည်ပင်းရိုး ကျိုးခံရမယ့်အထိလောက်ကို ခံစားနေရရင်း ဝေဒနာကြောင့် သေရတော့မှာကို ကိုတိုးမောင် သိလိုက်တယ် ၊ မျက်လုံးတွေကလည်း ပြာပြီး ဘာမှကိုမမြင်ရတော့ဘူး ၊ ကိုယ်ကလည်း လှုပ်မရ ၊ အသက်ရှုလည်း ရပ်နေပြီ.. မျက်နာတစ်ခုလုံး ရဲရဲနီနေပြီးတော့ မျက်လုံးတွေ တဖြည်းဖြည်း ပြူးကျယ်လာတယ် ၊ လျှာက အလိုလျှောက် အပြင်ကို ထွက်စပြုနေပြီ ၊ သေခါနီးအချိန်မှာ ကိုတိုးမောင် နောက်ဆုံးအနေနဲ့ သတိရလိုက်မိတာ သူငယ်ငယ်အရွယ်လေးမှာ အမေလုပ်တဲ့သူက ဘုရားစာကို နှုတ်တိုက်သင်ပေးတော့ သရဏဂုံကို တဖြည်းဖြည်း ပီပီသသရွတ်တတ်လာအောင် သင်ပေးတဲ့အချိန်ကို ပြန်သတိရမိသွားတယ်..

အမေ့ကိုလွမ်းတဲ့စိတ်နဲ့အတူ အမေသင်ပေးခဲ့တုန်းက နှုတ်တိုက်ရွတ်နေမိတာကိုလည်း ပြန်အမှတ်ရနေပြီးတော့ နာကျင်မှုတွေကြောင့် မျက်ရည်တွေ စီးကျလာတဲ့ကြားက ပါးစပ်မလှုပ်နိုင်ဘဲ စိတ်ထဲက ငယ်ဘဝက ဆိုခဲ့ဖူးတဲ့အတိုင်း သရဏဂုံကို ပီပီသသလေး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ရယ်လို့ ရွတ်မိယုံရှိသေး သူခံစားနေရတဲ့ ဝေဒနာတွေက ယူပစ်သလို ပျောက်သွားပြီး သူ့ကိုလည်ပင်းညှစ်နေတဲ့ ပရလောကသားကလည်း ပျောက်သွားတယ် ၊ ချက်ချင်းဆိုသလို ချောင်းတွေဆက်တိုက်ဆိုးပြီး မောနေတဲ့ကြားက သူငယ်ချင်းတွေကို အကူအညီတောင်း.. ဘေးနားမှာအိပ်နေတဲ့သူငယ်ချင်းကိုလည်း လက်နဲ့ ပုတ်နိုးနိုင်လာခဲ့ပြီး အသက်ချမ်းသာရာ ရနိုင်ခဲ့ရတယ် ။ သူငယ်ချင်းတွေက ဘာဖြစ်တာလဲမေးတော့ ကိုတိုးမောင် မကွယ်မဝှက်တမ်း သူကြုံခဲ့တာကို ဖွင့်ချပြလိုက်မှ ကျန်တဲ့သူငယ်ချင်းတွေကလည်း သူတို့တွေ ကိုယ်စီကြုံခဲ့တာတွေကို ဖွင့်ချပြရင်း နောက်ဆုံး သူတို့အားလုံး တစ်ယောက်တစ်မျိုးစီ ဒီနေရာမှာ အခြောက်အလန့်ခံနေရမှန်း သိသွားကြတော့တယ် ၊ ဒီနေရာက မြေမသန့်မှန်းကိုလည်း ရိပ်စားမိသွားကြပြီး အစ်ကိုကြီးလှဖြိုးကိုယ်တိုင်ဦးဆောင်ပြီး အခြားနေရာတစ်နေရာမှာ တဲလေးပြောင်းထိုးရင်း နေရာရွှေ့စေခဲ့တယ်..

နောက်ပိုင်း သူတို့လိုမျိုး ရွှေလာငုတ်ကြတဲ့ ဒေသခံတွေနဲ့တွေ့တော့ စကားစပ်မိလို့ပြောကြည့်မှ သိလိုက်တာက သူတို့တွေ အရင်က စခန်းချခဲ့တဲ့ နေရာလေးဆိုတာ တစ်ချိန်က တံငါသည် လင်မယားနှစ်ယောက် ရေနစ်သေလို့ မြေမြှုပ်ထားတဲ့ မြေနေရာလေး ဖြစ်နေမှန်းသိလိုက်ရတယ် ။ သူတို့မြေပုံပေါ်မှာ လာနေတာကို မကြိုက်လို့ အနှောက်အယှက်ပေးတယ်ဆိုတာကို ပိုပြီး သိသွားခဲ့ကြတယ်လေ..။

ဦးလေး နဲ့ သူ့သူငယ်ချင်းတွေရဲ့ ရှေးဟောင်းနှောင်းဖြစ် သရဲခြောက်ခံရတဲ့ ဖြစ်စဉ်လေးကို အပြန်အလှန်ပြောနေကြတာကို ဘေးနားကနေ နားထောင်နေမိတဲ့ ကျွန်တော့်အတွက်တော့ ညဘက်ဆိုရင် ခြေဆန့်မအိပ်ရဲလောက်တဲ့အထိ အတွေးများစေခဲ့တဲ့ ပရဇာတ်လမ်းဖြစ်ရပ်မှန်ဝတ္တုတစ်ပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ ကျွန်တော့်အတွက်တော့ ကာယကံရှင် ဦးလေးတွေ နေခဲ့ကြတဲ့ တဲထဲမှာ ကိုယ်ဝင်အိပ်နေမိသလို ခံစားရတဲ့ ဇာတ်ကောင်အဖြစ် မကြာမကြာ အိပ်မက်ဆိုးတွေ မက်နေမိမှာကို စိုးနေမိတာအမှန်ပါပဲ ၊ တကယ်လို့ အဲ့လိုမျိုးကြုံခဲ့ရင်တောင် ဦးလေး တိုးမောင်လို သရဏဂုံကိုတော့ မမေ့လျော့အောင် အာဂုံဆောင်ထားနိုင်မှ တော်ကာကျမယ်ဆိုတာ အသေအချာပေါ့..။

ကြိုးစားပါဦးမည်.. (မိုးစွေ)

Leave a Comment

You cannot copy content of this page