“လက်ဗွေ၊ မျက်နှာနဲ့ ဖွင့်ရတဲ့ ခေတ်မှီ စမတ်ဖုန်းတွေနဲ့ နောက်ဆက်တွဲ လုံခြုံရေး ပြဿနာ” ရေးသားသူ – Ko Aung Moe (UK)
အခုခေတ် ဖုန်းတွေက သိပ်ခေတ်မီတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကဆို ဒီလိုဖုန်းတွေ သုံးရမယ်လို့ စိတ်ကူးထဲတောင် မရှိခဲ့ဘူး။ ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ဖုန်းက နိုကီရာဖုန်းလေး။ အင်္ဂလန်ရောက်ခါစက ဖုန်းမဝယ်နိုင်သေးဘူး။ ကိုယ့်ထက် စီနီယာကျတဲ့ မိတ်ဆွေတယောက်က သူ မသုံးတော့တဲ့ နိုကီယာဖုန်း အကောင်းလေးကို ကိုယ့်ကို လက်ဆောင်ပေးတယ်။ ဆင်းကဒ်တော့ ကိုယ့်ဘာသာ ဝယ်လိုက်တယ်။ အဲဒီခေတ်က မြန်မာပြည်မှာ ဖုန်းတလုံးကို သိန်းသုံးဆယ်လောက် ပေးနေရချိန်မှာ အင်္ဂလန်မှာ ကိုယ့်ကို ဖုန်း အလကားပေးတဲ့ မိတ်ဆွေကို အခုထက်ထိ ကျေးဇူးတင်ဆဲပါ။
အဲဒီခေတ်က နိုကီရာဖုန်းက ဆရာကြီးပါပဲ။ အကြမ်းလည်းခံတယ်။ ပြုတ်ကျ၊ လွှတ်ကျ ဘာမှ မဖြစ်ဘူး။ တခါအားသွင်းထားလည်း နှစ်ရက်လောက် သုံးလို့ရတယ်။ အဲလို ကောင်းပေမဲ့ လုံခြုံရေးကတော့ အားနည်းတယ်။ ဖုန်းတလုံးကို အလွယ်တကူ ဖွင့်လို့ရတယ်၊ ခေါ်လို့ရတယ်။ ဖုန်းမော်ဒယ် သိရင် ဘယ်လို ဖွင့်ရမယ် ဆိုတာ အင်တာနက်ပေါ် ရှာလိုက်ရုံပဲ။
နောက်ပိုင်းတော့ smart phone တွေပေါ်လာတယ်။ မှတ်မိသေးတယ်။ ပထမဆုံးပေါ်တဲ့ စမတ်ဖုန်းတွေက အခုလို လက်နဲ့ နှိပ်လို့ မရဘူး။ pen လေးနဲ့ ‘တတောက်တောက်’ နဲ့ နှိပ်ရတယ်။ အိုင်ဖုန်း ပေါ်လာတော့ လက်နဲ့ နှိပ်လို့ ရမှာ ဖုန်းဖြစ်လာတော့တယ်။ လုံခြုံရေးလည်း ကောင်းလာတယ်။ Passcode မသိရင် ဖွင့် မရဘူး။ Google ကလည်း Andriod ဖုန်းစနစ်တွေလုပ်တော့ ဆမ်ဆောင်းလို ဖုန်းတွေပေါ်လာတယ်။ လုံခြုံရေးတွေကလည်း အပြိုင်ဆိုတော့ ဖုန်းတွေက ကောင်းလာတယ်။ biometric တွေပေါ်လာတော့ လက်ဗွေနဲ့ ဖွင့်လိုက်၊ မျက်နှာနဲ့ ဖွင့်လိုက် အစုံပါပဲ။
ခက်တာက သုံးသူအတွက် အဆင်ပြေပေမဲ့ လုံခြုံရေးပိုင်းမှာ နည်းနည်း ပြဿနာ ရှိတယ်။ ဥပမာ ဆိုပါစို့၊ လူတယောက်ကို သူ့ရှေ့မှာပဲ သူ့ဖုန်းကို အတင်းဖွင့်သွားမယ်။ ဖွင့်ခိုင်းသူက သူ့ ရည်စားလည်း ဖြစ်နိုင်တယ်၊ ရဲလည်း ဖြစ်နိုင်တယ်၊ ဓားပြလည်း ဖြစ်နိုင်တယ်။ ဖွင့်ပြလိုက်ရင် ကိုယ့်အတွက် ပြဿနာ အကြီးကြီးတက်မယ်။ ကိုယ့်လက်ကို ဆွဲပြီး လက်ဗွေနဲ့ ဖုန်း ဖွင့်လိုက်တာ၊ ကိုယ့်မျက်နှာနဲ့ ဖုန်းနဲ့ အပ်လိုက်လို့ ဖုန်းပွင့်သွားတာတွေ ဖြစ်နိုင်တယ်။ ကိုယ့်မှာ မပေးချင်ရင်တောင် တားလို့စီးလို့ မရဘူး။
ဒီလို အဖြစ်အပျက်တွေကို လျှပ်တပျက် ကာကွယ်နိုင်တဲ့နည်း တချို့တော့ ရှိတယ်။ ကိုယ်က လက်မြန်ဖို့တော့ လိုတယ်။ အိုင်ဖုန်းမှာဆို ပါဝါခလုတ်နဲ့ အသံခလုတ်ကို ၅ စက္ကန့် တပြိုင်တည်း ဖိထားလိုက်ရင် “Emergency SOS” ဆိုတာ ပေါ်လာတယ်။ အဲဒါပေါ်လာပြီးရင် biometric လည်း disable ဖြစ်သွားတယ်။ လက်ဗွေ၊ မျက်နှာတွေနဲ့ ဖွင့် မရတော့ဘူး။ Passcode နဲ့ပဲ ဖွင့်လို့ ရတော့တယ်။ passcode မသိလို့ ဆယ်ကြိမ် မှားနှိပ်ရင် အဲဒီအိုင်ဖုန်းက သုံးလို့ကို မရတော့ဘူး။ ဖုန်းထုတ်ပေးသလိုနဲ့ အဲလို ခလုတ်နှစ်ခုကို လက်နဲ့ ဖိထားလိုက်ပေါ့။
Android စက်ရုပ်ဖုန်းတွေကတော့ အမျိုးအစားများတော့ တမျိုးနဲ့ တမျိုးမတူဘူး။ များသောအားဖြင့် ပါဝါခလုတ်ကို သုံးကြိမ် အမြန်နှိပ်ရင် အဲလို ဖြစ်တယ်လို့ ဆိုတယ်။ ဖုန်းတိုင်းတော့ ဖြစ်ချင်တော့ ဖြစ်မယ်။ Andriod ဖုန်းရော iPhone ရောမှာ သေချာပေါက် လုပ်နိုင်တာတခုတော့ ရှိတယ်။ ဖုန်းကို ပါဝါပိတ်ချလိုက်တယ်၊ Restart လုပ်လိုက်တယ် ဆိုရင်တော့ သေချာပေါက် biometric ဟာ disable ဖြစ်တယ်။ လက်မြန်ဖို့နဲ့ အချိန်ရဖို့တော့ လိုတာပေါ့။
ဒီလို လုပ်လိုက်တဲ့အတွက် ဖုန်းကို ကိုယ် passcode မပေးမချင်း ဖွင့်လို့ မရတဲ့အတွက် ကိုယ့်ကို ဖုန်းဖွင့်ခိုင်းသူကတော့ ပြဿနာရှာမှာ သေချာတယ်။ ဒါပေမဲ့ ဖွင့်ပေးလိုက်လို့ ဖြစ်လာမဲ့ ပြဿနာက ပိုကြီးတယ်ဆိုရင် အပေါ်က ပြောတာတွေ လုပ်ပါ။ အမေရိကန်မှာ ရဲက biometric ကို ပိုင်ရှင်ခွင့်ပြုချက် မလိုဘဲ သုံးခွင့် ရှိတယ်။ ဒါပေမဲ့ passcode ရဖို့တော့ တရားရုံးက ခွင့်ပြုချက်လိုတယ် လို့ ဖတ်ဖူးတယ်။ ဘယ်လောက်အထိမှန်တယ်တော့ အသေအချာ မသိဘူး။
ကြုံကြိုက်လို့ ဖုန်းလုံခြုံရေး နည်းပညာ ဆိုင်ရာလေး မျှဝေတာပါ။ မိတ်ဆွေအတွက်လည်း တနေ့နေ့ အသုံးဝင်ချင်ရင်လည်း ဝင်မှာပေါ့။ ဖုန်းစစ်တော့မယ်လို့ အသံကြားတာနဲ့ ကိုယ့်ဖုန်းမှာ သူများကို မပြချင်တာတွေ ရှိရင် ဖုန်းကို Restart လုပ်ပါ။ passcode တောင်းရင် အမှားတွေ ရိုက်ထည့်ပြီး ဖုန်းပျက်ချင်ယောင်ဆောင်၊ မေ့ချင်ယောင်ဆောင်ပေါ့။ အဲဒီအတွက် အထုအထောင်းလည်း ခံရင် ခံရနိုင်တယ်။ ချစ်သူလည်း ဖြစ်ချင်ဖြစ်မယ်။ မသမာသူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေ ကံကောင်းပါစေ။ (AKMoe)