ကလောတို့ ပြင်ဦးလွင်တို့က အကွက်ရိုက် မြေကွက် ဝယ်တဲ့သူတွေ မတွေးမိတဲ့ အချက်များ

“ကလောတို့ ပြင်ဦးလွင်တို့က အကွက်ရိုက် မြေကွက် ဝယ်တဲ့သူတွေ မတွေးမိတဲ့ အချက်များ”

ပြင်ဦးလွင်တို့ ကလောတို့ဘက်မှာ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းနေကြတာ ကြာပါပြီ။ ဘယ်သူတွေဝယ်လဲဆို ရန်ကုန်ကလူတွေ ဝယ်ကြတာများတယ်။ ဘာလို့ဝယ်ကြလဲလို့ ကျွန်တော်စဉ်းစားကြည့်တော့ ပထမအချက်ရန်ကုန်မှာ လူအများစုက တိုက်ခန်းနဲ့နေကြရတာ။ စိတ်ကအမြဲမွန်းကြပ်တယ်။ အဲ့ဒီတော့ သူတို့မှာ မြေကွက်ပိုင်ချင်တဲ့ ဆန္ဒက သိစိတ်မှာရော မသိစိတ်မှာရော ရှိကြတယ်ဗျ။

ဒုတိယအချက် ကလောတို့ မေမြို့တို့ဆိုတာ မြေပြန့်အပူပိုင်းဒေသကလူတွေရဲ့ အိမ်မက်ထဲက မြို့တွေဖြစ်တယ်။ အသက်ကြီးရင် မေမြို့က မြေကွက်လေးမှာ အိမ်ဆောက်ပြီးနေမယ် ဘာညာ စိတ်ကူးယဉ်ကြတာပေါ့။ တတိယအချက် အကွက်ရိုက်မြေဆိုတာ ဈေးပေါတယ်။ တချို့ သိန်းဆယ်ဂဏန်း အမြင့်ဆုံး ရာဂဏန်းလေး တွေဆိုတော့ လူအများစုဝယ်နိုင်တဲ့ဈေးတွေ ဖြစ်နေတာရယ်ကြောင့်ပါ။

ဒါပေမယ့် လူတွေမတွေးမိတာက.. (၁) အချက် အကွက်ရိုက် လယ်ယာမြေအကွက်ရိုက်တယ်ဆိုတာ ခိုင်မာမှုမရှိဘူး (အခုလိုအချိန် ပိုဆိုးတယ်​)

(၂) အချက် ရန်ကုန်ကလူတွေအတွက်သာ ၄၀-၆၀ မြေကွက်က အကျယ်ကြီးလို့ထင်ပေမယ့် နယ်မြို့တွေအတိုင်းအတာနဲ့ အနားယူနေထိုင်ဖို့ဆို ပေ ၁၀၀ ပတ်လည်လောက်မှ အဆင်ပြေတာပါ။ နောက်တခု အကွက်ရိုက်သူတွေက အကွက်ပိုရအောင် လမ်းကို ၁၈ ပေ ပေ ၂၀ လောက်ပဲထားကြတာများတယ်။ တကယ်တမ်း ပေ ၃၀/၄၀ လောက်လမ်းတွေမှ နောင်တချိန်အဆင်ပြေမှာပါ။ လမ်းကျဉ်းရင် မြေဈေးမတက်ဘူး။

(၃) အချက် အသက်ကြီးလာရင် လူဆိုတာ ကိုယ့်ကိုသိတဲ့ ပတ်ဝန်းကျင်မှာပဲနေမှ အဆင်ပြေတာခင်ဗျ။ ကိုယ့်ကိုမသိတဲ့ ပတ်ဝန်းကျင်မှာနေလို့ အဆင်မပြေကြတာများတယ်။

အဲ့ဒါကြောင့် အကြံပြုရမယ်ဆို အသက်ကြီးရင်နေဖို့ဘာညာရည်ရွယ်ပြီး အကွက်ရိုက်မြေကို မဝယ်ပါနဲ့။ ခဏတာ ရင်းနှီးမြုပ်နှံမယ်ဆိုရင်လဲ နောင် ၅ နှစ် ၁၀ နှစ်မှာ ဘယ်လောက်ထိတိုးတက်နိုင်မလဲဆိုတဲ့ နေရာကို ရှာပြီးဝယ်ပါ။ သေချာမျက်မြင်သွားပြီးလေ့လာပါ။ မြန်မာနိုင်ငံမှာ မြေအရှုပ်တော်ပုံအများဆုံးမြို့ဟာ မေမြို့ပါပဲ။ ရေးမယ်ဆိုအများကြီးထပ်ရေးလို့ရသေးတယ်။ အားလုံးကျန်းမာကြပါစေ.. (ဥပဒေရေးရာ)

Leave a Reply

Your email address will not be published. Required fields are marked *