News

မြန်မာပလာဇာတွင် မရောင်းချတော့ကြောင်း ပို့စ်တင်သူများ ပြန်ဖျက်ခိုင်းပြီ

ရန်ကုန်မြို့ရှိ ဗီယက်နမ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်သော မြန်မာပလာဇာတွင် မရောင်းချတော့ကြောင်း အသိပေးကြော်ငြာထားမှုများကို ဖယ်ရှားပြီး ၎င်းတို့ရေးသားခိုင်းသည့်စာသားများကို အစားထိုးဖေါ်ပြရန် အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဆိုင်ရှင်များအား ဖိအားပေးနေကြောင်း သိရပါသည်။

မြန်မာပလာဇာတွင် ဆိုင် မဖွင့်တော့ကြောင်း၊ ပွဲ မလုပ်တော့ကြောင်း၊ အဆိုပါပလာဇာသို့ ပစ္စည်းအမှာများ မပို့တော့ကြောင်း လူမှုကွန်ယက်မှတစ်ဆင့် အများပြည်သူအား အသိပေးကြော်ငြာထားသည့် ဆိုင်ခန်းပိုင်ရှင်များကို စကစ က ခေါ်ယူကာ ၄င်းတို့ရေးသားထားသည့် ပို့စ်များဖျက်ပြီး သူတို့ရေးသားခိုင်းသည့် စာသားများ ပြန်လည်ဖေါ်ပြခိုင်းကြောင်း သိရသည်။

ဆန္ဒပြသူလူငယ်တွေအပေါ် မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ပြုမူချက်ကြောင့် မြန်မာပလာဇာတွင် ဈေးမဝယ်ရန် လူထုသပိတ်မှောက်မှုကို အကြီးအကျယ်ကြုံတွေ့လိုက်ရပြီး ညတွင်းချင်းမှာပင် ပလာဇာတာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းမှုများလုပ်နေကြောင်း ထုတ်ပြန်ခဲ့ကာ အဆိုပါဖြစ်ရပ်မှ ထိခိုက်ခံစားရသူများနှင့် အများပြည်သူကို အနူးအညွတ်တောင်းပန်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။

စကစ က မြန်မာပလာဇာကို လက်နက်ကိုင်အများအပြားဖြင့် လုံခြုံရေးပေးခဲ့သည်ကို တွေ့ရပြီး လူထု၏ သပိတ်မှောက်မှုလည်း ဆက်လက်ရှိနေကာ နောက်ရက်များတွင် ပလာဇာသို့ လာရောက်သူလုံးဝမရှိတော့ဘဲ ဖြစ်သွားသည်ကို တွေ့ရသည်။

ဈေးဆိုင်ခန်းများ၊ ဘားများ၊ ရုံးခန်း၊ ဟိုတယ်စသည့် လုပ်ငန်းများစွာဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အချက်အခြာကျသည့်နေရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် မြန်မာပလာဇာကို ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai (HAGL) Group က လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါမြေနေရာတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌတာဝန်ယူထားသည့် ဦးစိုးသိန်းက ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။

Leave a Comment

You cannot copy content of this page