တရွာလုံးနီးပါး ပညာသည်တွေ ဖြစ်နေတဲ့ မြန်မာပြည် အထက်ပိုင်းက လမိုင်းရွာ (ဖြစ်ရပ်မှန်)

တရွာလုံးနီးပါး အောက်လမ်းပညာသည်တွေ ဖြစ်နေကြတဲ့ မြန်မာပြည် အထက်ပိုင်းက လမိုင်းရွာ (ဖြစ်ရပ်မှန်)

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နယ်မြို့လေးတွေက ရွာငယ်လေးတွေတိုင်းမှာ တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဇာတ်လမ်းလေးတွေ ၊ ပရလောကဖြစ်ရပ်ဆန်းလေးတွေကတော့ ရှိတတ်ကြပါတယ် ၊ အဲ့လိုမျိုးဆန်းကျယ်တဲ့အဖြစ်အပျက် ၊ နှောင်းလူတွေ.. ကလေးငယ်တွေအထိ လက်ဆင့်ကမ်းပြီး အိပ်ယာဝင်ပုံပြင်ဆန်ဆန်ကျောရိုးယူပြီးပြောစမှတ်တွင်လောက်တဲ့ ချောက်ချောက်ချားချား ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေဆိုတာလည်း မနည်းမနောပါပဲ၊ ဒီလိုဇာတ်လမ်းလေးတွေကိုဖြစ်ခဲ့ ကြုံခဲ့ဖူးကြတဲ့ သူတွေဆိုတာလည်း တစ်ချို့က ကွယ်လွန်သွားကြသလို ၊ ဟိုးရှေးလူတွေလည်းဖြစ်နိုင်ပါတယ် ၊ တစ်ချို့က အခုထိ သက်ရှိထင်ရှားရှိပြီး လက်ဆုပ်လက်ကိုင်သက်သေနဲ့တကွ တိတိကျကျပြောပြနိုင်တဲ့အထိ ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂိုလ် ၊ နေရာတွေလည်း ရှိနေတုန်းပါပဲ ၊ အဲ့ဒီလို ပြောပြနိုင်ဆဲဖြစ်တဲ့ ရွာလေးတွေထဲမှာ ရွာလေးတစ်ရွာကလည်း အပါအဝင်ပေါ့… ၊ ရွာကလေးရဲ့နာမည်ကိုက ဆန်းနေတာ လမိုင်းရွာ တဲ့ ။

လမိုင်းဆိုတဲ့ ရွာကလေးက ဒေသအခြေအနေအရ တောဆန်ပြီးတော့ လုံးဝနီးပါး မဖွံ့ဖြိုးသေးတဲ့ ရွာကလေးတစ်ရွာပါပဲ ၊ လမိုင်းရွာဆိုတာလည်း ကွင်းပြင်ကျယ်ကြီးထဲမှာ တည်ထားတဲ့ ရွာသေးသေးလေးတစ်ခုပေါ့ ၊ ရွာနာမည်ကလည်း ရွာစတည်ကတည်းကပေးထားတဲ့နာမည်လေးပါ ၊ ရွာကလေးရဲ့ထူးခြားချက်တွေထဲက တစ်ခုက လမိုင်းရွာတစ်ရွာလုံးက လောင်းကစားကို ခုံမင်ကြတာပါပဲ ၊ တစ်ရွာလုံးက လောင်းကစားနဲ့ပတ်သတ်ရင်လူညီပြီးသား ၊ လောင်းကစားထဲမှာမှ ဖဲရိုက်တဲ့ဘက်မှာ ပိုအားသန်ကြတဲ့သူတွေ ၊ အလှူမင်္ဂလာဆောင် ၊ ဘုန်းကြီးဆွမ်းကပ် ၊ ကုန်ကုန်ပြောရရင် ကလေး ကင်ပွန်းတပ်ပါ မကျန် ဖဲဝိုင်းအမြဲရှိတယ် ၊ မိန်းမဝိုင်း ၊ ယောကျာ်းဝိုင်း ၊ ကလေးဝိုင်း ဝိုင်းကလည်း ဘာစုံသလည်းမမေးနဲ့ ၊ ဒီနေ့ဒီအချိန်အထိလည်း ဆော့နေကြတုန်းပဲ ၊

ဒါပေမယ့် နယ်မြေ ဖွံ့ဖြိုးလာလို့ထင်တယ် ဟိုးအရင်ကလောက်တော့ မရဲကြတော့ဘူး ၊ သူတို့ရွာမှာ လူတစ်ယောက် သေပြီဆို သိပ်ပျော်ကြတာ ၊ ဘေးနားကရွာတွေကဆိုရင် တစ်ခုခုအချင်းချင်း စနောက်ကြတဲ့အခါ တွင်တွင်ပြောလေ့ရှိတာတစ်ခုရှိသေးတယ် ဘာတဲ့ “ မင်းသေရင် လမိုင်းသွားပို့မယ် အနည်းဆုံးတော့ ဆိုင်ကယ်တစ်စီးလောက်တော့ စီးလို့ရမှာသေချာတယ် ” လို့ ပြောလေ့ရှိကြတယ် ၊ ဆိုလိုတာက ဒီမသာ (အသုဘ)ကို အမှီပြုပြီး ဖဲရိုက်ရင်းက ငွေတွေနိုင်ပြီး ဆိုင်ကယ်တောင်စီးနိုင်တဲ့အထိလို့ပြောချင်တာ ၊

ဟုတ်လည်းဟုတ်တာပဲလေ လမိုင်းရွာက ရွာသာငယ်တာ သူတို့ရွာမှာ ဖဲဝိုင်းဆိုတာ ပြတ်တယ်လို့ကိုမရှိတော့ အနီးအနားပတ်ပတ်လည်မှာရှိတဲ့ ရွာတွေဆီက ဖဲ ၊လောင်းကစား ဝါးသနာအိုးတွေနဲ့ လမိုင်းရွာက စည်ကားနေဆဲပဲ ၊ အသုဘဆိုရင် အလောင်းကို အရိုးကျတဲ့အထိထားပြီး ဖဲရိုက်ကြတဲ့ရွာ အဲ့လောက်အထိခုံမင်ကြတာ ၊ နောက်ပြီးအဲ့ဒီရွာက ရွာခံတွေက စရိုက်နည်းနည်းကြမ်းကြသေးတယ် ၊ ရွာမှာ ပညာသည်တွေလည်း အရမ်းပေါများကြတယ် ၊ လမိုင်းရွာသူလေးတွေဆိုတာလည်း မြို့ကမင်းသမီးရှုံ့လောက်တဲ့အထိ ချောလှကြတဲ့သူတွေ ၊ ဒါပေမယ့် အဲ့ဒီ့ ရွာသူလေးတွေကို တစ်ခြားရွာက ကာလသားတွေ ပိုးပန်းဖို့ နေနေသာသာ မျက်လုံးနဲ့တောင် စိုက်မကြည့်ရဲ့ကြဘူး ၊ ပညာသည်ပေါများတဲ့ရွာမို့လို့ ကြောက်ကြတယ် ၊

တစ်ရွာနဲ့တစ်ရွာအသွားအလာလုပ်ရင်လည်း အခုခေတ်ဆို ဆိုင်ကယ်တွေကို တွင်တွင်ကျယ်ကျယ် သုံးလာပြီဆိုပေမယ့် အရင်ဆို ထုံးစံအတိုင်း လှည်းကိုပဲ အဓိကထား သုံးကြရတာလေ ။ တစ်နေ့ လမိုင်းရွာမှာ အသုဘ ရှိတယ်ဆိုတဲ့အသံကိုကြားလို့ လမိုင်းရွာအနီးအနားမှာရှိတဲ့ ကျွဲတွင်း ရွာက ဖဲဝါသနာအိုး သုံးယောက်ဖြစ်တဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေက လမိုင်းရွာကို ချီတတ်လာဖို့ ပြင်နေကြပြီ ၊ ကျွဲတွင်းရွာဆိုတာ လမိုင်းရွာနဲ့ ကပ်လျက်ဆိုပေမယ့် တစ်ရွာနဲ့တစ်ရွာကြားမှာ မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်တဲ့ လယ်ကွင်းကျယ်ကြီးတွေက ခြားထားသေးတယ် ၊ အနည်းဆုံး တစ်ရွာနဲ့တစ်ရွာအကွာအဝေး နှစ်မိုင်ကျော်ကျော်လောက်တော့ ရှိလိမ့်မယ် ၊ ဒီလိုနဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ သုံးယောက်သား နွားလှည်းလေးနဲ့ လမိုင်းရွာဆီကို လှမ်းလာခဲ့ကြတယ် ၊

ဖဲကစားချင်ဇောနဲ့မို့ စိတ်တွေလည်းလောနေကြတယ် ၊ တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်လိုကစားမယ်ဆိုတဲ့အကြောင်းတွေ ၊ အရင်တုန်းက ဘယ်လောက်ထိနိုင်ခဲ့ဖူးတယ် ၊ ဘယ်လိုမျိုးပွဲတွေမှာ ဆန်းဆန်းပြားပြားဖြစ်တာကြုံဖူးတယ်ဆိုတာတွေကို အချင်းချင်း ရေပတ်မလည်အောင် လမ်းတစ်လျှောက်မှာပြောလာရင်းကနေ လမိုင်းရွာကို ရောက်လာခဲ့ကြတယ် ၊ ရွာအဝင်မှာသူတို့ကို ကြိုဆိုနေတဲ့ ရွာအဝင်လမ်းဘေးနားက ထန်းပင်ရှည်ကြီးတွေနဲ့ တဲအိမ်ပုပုလေးတွေကို ရင်ခုန်စွာနဲ့ကြည့်လိုက်ရင်း ညိုစိုး က “ ဟေ့ယောင်တွေ မင်းတို့အသိဆိုတဲ့အိမ်က ရွာဘယ်နေရာနားလောက်မှာလဲ ” လို့ မေးလိုက်တယ် ၊ ညိုစိုးအမေးကို ချက်ချင်းဆိုသလို မြင့်သိန်း က ထဖြေလိုက်တယ် “ ဒီလမ်းအတိုင်းရှေ့နည်းနည်းဆက်သွား ဟေ့ာဟိုမှာတွေလား အေး.. အဲ့ဒီအိမ်ဘေးနားက လမ်းအတိုင်းဆက်ဝင်လိုက် တစ်အိမ် ၊ နှစ်အိမ် ၊ သုံးအိမ်မြောက် အိမ်ရှေ့မှာ ဒန်းပင်လေးစိုက်ထားတဲ့အိမ်ပဲကွ အေး.. အဲ့ဒီအိမ်ရှေ့မှာရပ်လိုက်တော့ ” မြင့်သန်းက ညိုစိုးအမေးကိုဖြေလိုက်ရင်း နွားလှည်းမောင်းနေတဲ့ ဖိုးတေ ကိုလည်း လမ်းသေချာညွှန်ပြလိုက်သေးတယ်။

မြင့်သန်းပြောတဲ့အိမ်ရောက်တော့ သူတို့တွေ လှဲပေါ်ကဆင်းလိုက်ကြပြီးအိမ်ထဲကို ဝင်သွားလိုက်ကြတယ် ၊ အိမ်ရှင်တွေက ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ကို မြင်တော့ အားရဝမ်းသာကြိုဆို နှုတ်ခွန်းဆက်သသေးတယ် ၊ အဲ့ဒီ့အခါမှ မြင့်သန်းက အိမ်ရှင်တွေထဲက သူ့အသိဆိုတဲ့ အရီးလေးတစ်ယောက်ကိုစကားလှမ်းပြောလိုက်တယ် “ အရီးလေးကြိုင် ကျုပ်တို့ ဒီရွာမှာ နာရေးတစ်ခုရှိတယ်ကြားထားလို့ အပျင်းပြေ ဖဲလာကစားတာပါ အရီးလေး ” အဲ့လိုလည်းပြောလိုက်ရော တစ်ဖက်က အရီးလေးက “ အေးကွယ် ရွာအနောက်ဘက်နားကအိမ်မှာရှိတာလေ၊ စည်တာမှပြောမနေနဲ့ ငါတို့ရွာအကြောင်းလည်းနင်သိသားပဲ ကဲကိုယ်တော်တွေ သွားမယ်ဆိုလည်း မြန်မြန်သွားပြီးမြန်မြန်ပြန်လာကြ ၊ ငါ့တူတွေ နောက်ကျနေရင် မှောင်ပြီးတော့ ရွာအပြန်ခတ်နေမယ်ကွယ်” အရီးလေးကြိုင် စကားကြောင့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား ငွေစက္ကူအပြည့် ထည့်လာတဲ့ ဘေးသိုင်းလွယ်အိတ်တွေကို သိုင်းလွယ်လိုက်ရင်း သူတို့စီးလာတဲ့နွားတွေကို ကြိုးဖြည်ပေး ၊ ရေတိုက် ၊ အစာကျွေးလုပ်ရင်း အရီးလေးအိမ်မှာ ဒေါက်ထောက်ထားတဲ့ လှည်းကလေးကိုပါ ထားခဲ့လိုက်ပြီး ဖဲဝိုင်းဆီကို အရမ်း တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့ အတူတူသွားဖို့ ပြင်နေကြတုန်း ၊ အိမ်ဝိုင်းထဲကို ဝင်လာတဲ့ လူတစ်ယောက်နဲ့ ဆုံပါလေရော..

အဲ့ဒီ့လူကလည်း မြင့်သိန်းကိုမြင်တာနဲ့ ရင်းရင်းနီးနီးပုခုံးကိုဖက်ထားပြီး စကားတွေပြောရင်း ရွာထဲက တစ်နေရာဆီကို ဦးတည်ပြီးခေါ်သွားပါလေရော ၊ ဟိုနေရာရောက်တော့မှ ရွာထဲက အရက်ပုန်းဆိုင်ဖြစ်နေတာကိုသိလိုက်ရတယ်.. ခေါ်လာတဲ့သူကလည်း မြင့်သိန်းနဲကရင်းနီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်နေပြန်တော့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း အားနာပါးနာနဲ့ လိုက်ပြီးအရက်သောက်ဖြစ်ခဲ့ကြသေးတယ် ၊ အရက်သောက်ပြီးတော့မှ ရွာထဲက အသုဘအိမ် ဖဲဝိုင်းဆီကို ဦးတည်ပြီးထွက်သွားဖြစ်ကြတယ် ။

နာရေးအိမ် ရောက်တော့ အိမ်တွင်းအိမ်ပြင်မှ လူတွေ ပြည့်လျှံနေတာကိုမြင်လိုက်ရတယ် ၊ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း ဖဲဝိုင်းတွေကိုလိုက်ကြည့်ပြီး ဝိုင်းချောင်တဲ့ ဖဲဝိုင်းထဲမှာ ဝင်ထိုင်လိုက်ကြရင်း အိမ်ကနေ မရှိရှိ ရှိတာလေးတွေအကုန်သယ်လာတာလေးနဲ့ ဝင်ကစားဖြစ်ကြတယ် ၊ ကံကပဲဆိုးနေတာလားတော့မသိဘူး တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ကို သုံးယောက်လုံး ရှုံးနေကြရော ၊ အရက်ကလေးကလည်းအရှိန်တက်လာတော့ ရှုံးလေ ပိုပြီး ငွေထိုးလေနဲ့ သိပ်မကြာလိုက်ပါဘူး သုံးယောက်သား ပါသမျှအကုန်ကုန်သွားပါလေရော..၊ အလာတုန်းက လွယ်လာတဲ့ လွယ်အိတ် ဖောင်းဖောင်းလေးတွေကလည်း ပြားကပ်လို့ ၊ ထပ်ဆော့ချင်သေးပေမယ့် လောင်းစရာငွေကြေးတစ်ပြားတောင် မရှိတော့တာမို့ သုံးယောက်လုံးလက်လျော့ပြီး ထပြန်လာလိုက်ကြတယ် ။

ဒီ လမိုင်းရွာမှာက ဖဲဝိုင်းတွေ ၊လောင်းကစာဝိုင်းတွေ ဘယ်လောက်များများ ၊ ရန်ဖြစ်တာ ၊ ခိုးတာ ၊ ဝှက်တာ ၊ ကလိန်ကကျစ်ကျတာတွေ မရှိကြဘူး ၊ ဘာလို့လဲဆိုတော့ သူတို့ရွာစည်းကမ်းကိုက လမိုင်းရွာမှာ ဘယ်သူမှ မခိုးရဘူး ၊ ကလိန်ကကျစ်မကျရဘူး ၊ တကယ်လို့လုပ်ချင်လည်းလုပ်ခွင့်ပေးထားတယ် သူတို့မသိအောင်လုပ်ပေါ့လေ… ၊ သိသွားရင်တော့ လုပ်တဲ့သူအတွက် မတွေးဝံ့စရာဘဲ ၊ အိမ်ကိုအသက်ပြန်ပါသွားမယ်မထင်လေနဲ့ ၊ တစ်ရွာလုံးနီးပါးက (စုန်း၊အောက်လမ်း)ပညာသည်တွေလေ ။ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား လမိုင်းရွာကနေ ဖဲရှုံးပြီး စိတ်ပျက်လက်ပျက်နဲ့ နွားလှည်းထားထားတဲ့အိမ်ကိုသွား နွားလှည်းလေးယူ ၊ အိမ်ရှင်တွေကိုနှုတ်ဆက်ပြီး ကိုယ့်ရွာကိုယ်ပြန်ဖို့ပြင်လိုက်ကြတယ် ၊ အချိန်က ညတောင်ရောက်နေပြီ ၊ ဒီနေ့ညများဖဲနိုင်လိုက်ရင် ဒီရွာမှာပဲ တစ်ညလုံးမူးအောင်သောက်ပြီး မနက်မှ ပြန်မယ်စိတ်ကူးထားတာ အခုတော့ အရှုံးသမားတွေရဲ့ အိမ်အပြန်လမ်းက တိတ်ဆိတ်လို့ ။ လရောင်က ညအမှောင်ကို တိုးမပေါက်သလို ဝါးတားတားလေးနဲ့..

လှည်းမောင်းသူကအလာတုန်းကလိုပဲ ဖိုးတေ ၊ ကျန်တဲ့နှစ်ယောက် ညိုစိုး ၊ မြင့်သိန်း တို့က လှည်းအနောက်မှာ ပတ်လက်ကလေး မိုးကောင်းကင်မဲမဲကြီးကိုကြည့်ရင်း လိုက်ပါလာကြတယ် ၊ သူတို့သုံးယောက်သားလှည်းကလေး တအိအိနဲ့မောင်းလာလိုက်တာ လမိုင်းရွာထဲကတောင် ထွက်စပြုနေပြီ ၊ ရွာအထွက် လယ်ကွင်းအစပ်လေးအနားရောက်တော့ သူတို့လှည်းအနောက်က ထူးဆန်းတဲ့ အသံတစ်သံကို ကြားလိုက်ရတယ် ။

လူတွေက ညစ်နေကြတဲ့အထဲ လမိုင်းရွာက သူငယ်ချင်းထည့်ပေးလိုက်တဲ့ မီးတောက်အရက်ပုလင်းနှလုံးကအစစ်ပါလာသေးတယ်လေ ၊ ရုတ်တရက် လှည်းအနောက်က အသံကြားရတော့ အံ့သြသွားပြီး သုံးယောက်သား လှည်းကိုခဏရပ်လိုက်ရင်း အသံကြားတဲ့နေရာကို လိုက်ရှာကြည့်နေမိတယ် ၊ အသံက သူတို့အနောက်ဘက်မှာကျန်ခဲ့တဲ့ လမိုင်းရွာအထွက်နားလေးမှာရှိတဲ့ ခြုံထဲကနေ ကြားနေရတဲ့အသံ ၊ ခြုံကလေးကလည်းလှုပ်လှုပ် လှုပ်လှုပ်နဲ့ အားလုံး ခြုံနေရာကို သေချာ စိုက်ကြည့်နေမိတုန်း ခြုံထဲကနေ ဝုန်းဆို ဝက်ကလေးသေးသေးလေးတစ်ကောက် ခုန်ထွက်လာတာကို တွေ့လိုက်ရတယ် ၊ လရောင်မှိန်ပြပြဆိုပေမယ့် ဝက်ကလေးကိုတော့ သဲသဲကွဲကွဲမြင်နိုင်သေးတယ်လေ ။ ဝက်ကလေးမို့ သူတို့အာရုံတွေကို ပြန်လွှဲလိုက်ရင်း ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့လည်း လှည်းကိုဆက်မောင်းလိုက်ကြတော့ ဝက်ကလေးကတော့ အန္တရယ်ကိုမြင်ပုံမရဘူး.. တအိအိသွားနေတဲ့ သူတို့လှည်းလေးနောက်ကို ပြေးလိုက်လာပါလေရော ၊ ဝက်ကလေးဆိုပေမယ့် ဝက်ပေါက်တစ်ကောင်ပါ ၊ လူအရမ်းယှဉ်နေတယ် ၊ ဝက်ပေါက်လေးက အချိန်နှစ်ဆယ်လောက်တော့ထွက်မယ့်ပုံရှိတယ် ၊ ဘယ်သူဘယ်ဝါပိုင်တဲ့ ဝက်မှန်းလည်းသူတို့မသိဘူး ၊ လူအရမ်းယဉ်နေတာနဲ့ သူတို့တွေ ချော့ခေါ်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ။

“ ဟေ့ယောင်တွေ ငါတို့ ဖဲလည်းရှုံးလာတဲ့အတူတူ ဒီရွာက ငါတို့နဲ့ထိုက်တန်တာ တစ်ခုခုတော့ ယူသွားသင့်တယ်လို့ ငါထင်တယ် ” ညိုစိုးစကားထဲမှာ အဓိပ္ပာယ်တွေပါနေမှန်းသိလိုက်ကြတာမို့ ဖိုးတေ က ဝင်ထောက်လိုက်တယ် “ လူရိပ်လူကဲလည်းကြည့်ဦး ဒီရွာအကြောင်းမင်းပိုသိပါတယ် မြင့်သိန်း ” မြင့်သိန်းလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ လူရှင်းနေတာနဲ့ လူယဉ်နေတဲ့ ဝက်ပေါက်လေးကို ချော့မော့ပြီး လှည်းနောက်က ခေါ်လာခဲ့လိုက်တယ် ၊ ဝက်ကလေးကို ပွေ့ချီပြီး လှည်းပေါ်တင်သယ်လာလိုက်တာ ဝက်ကလေးကလည်း ငြိမ်နေတာပဲ ။ ဒီဝက်ကလေးက အရင်ကလည်း လှည်းတွေဘာတွေလိုက်စီးဖူးတဲ့ပုံမျိုးပဲ ၊ သခင်နဲ့လည်းရင်းရင်းနီးနီးနေတဲ့ပုံပေါ်တယ် ၊ တွေ့တဲ့လူနောက်ကို လိုက်ရဲတယ်ဆိုတော့ လူမွေးထားတာတော့ သေချာနေပြီ ၊ ဒါပေမယ့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်လည်း ထွေထွေထူးထူးစဉ်းစားမိမနေတော့ဘူး.. သူတို့ရွာအရောက် လှည်းကိုမောင်းလာခဲ့လိုက်ကြတယ် ၊

ရွာအနားကိုပြန်ရောက်တော့ သုံးယောက်သား ညတွင်းချင်းပဲ ရွာအစပ်နားက အိမ်မှာ ကိုင်စရာတွေတောင်းပြီး ဝက်ကလေးကို (ဖော် ၊ သတ်) ကိုင်ကြတော့တာပဲ ၊ ကိုင်လို့လဲပြီးရော အသားတွေကို သူတို့စီးလာတဲ့ လှည်းပေါ်မှာ ဖက်ခင်းတင်ပြီး ရွာထဲကိုဝင်လာခဲ့ကြတယ် ၊ သူတို့ ဝက်ကိုင်ထားတဲ့ ဓါးတွေ ၊ ရေနွေးတည်ဖို့ ဒယ်တွေ ၊ ပုဆိန်တွေကို ငှားပေးတဲ့ ရွာအစပ်နားက အိမ်အတွက်လည်း ဟင်းစားပေးခဲ့ကြသေးတယ် ၊ ဒါပေမယ့် အဲ့ဒီ့အိမ်က တစ်အိမ်လုံး ဝက်သားရှောင်ထားတဲ့ကရင်စပ်တဲ့အိမ်မို့ မယူကြဘူး သူတို့ပစ္စည်းတွေကိုပဲ သေချာ ပြောင်အောင် ပြန်ဆေးပေးခဲ့ပါလို့ပြောခဲ့တယ် ။ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း သူတို့ ဝက်ကိုင်ခဲ့တဲ့ ပစ္စည်းတွေကို သေချာ ပြန်ဆေးကြောပြီးပေးခဲ့လိုက်ကြတယ် ။ ညက ၂ချက်တီးလောက်ပဲရှိသေးတယ်.. ဝက်ကလည်း အချိန်နှစ်ဆယ်လောက်ထွက်တဲ့ဝက်ဆိုတော့ မကုန်တာနဲ့ မိသားစု ဆွေမျိုးနီးစပ်အိမ်တွေကို လိုက်ဝေပေးလိုက်ကြတယ်.. ၊ ဒီလိုနဲ့ ညတစ်ညက ကုန်ဆုံးသွားခဲ့ပြီ.. ။

နံနင်ခင်းတစ်ခုကို မသာယာစေအောင်ပြုလိုက်သူက လမိုင်းရွာက ရွာသူ မသန်းအေး ၊ အသက်ငါးဆယ်ဝန်းကျင်ရှိတဲ့ မသန်းအေးတစ်ယောက် သူမွေးထားတဲ့ ဝက်ကလေးပျောက်လို့ တစ်ရွာလုံးကို ပတ်သောင်းကျန်းပြီး လိုက်ရှာနေလိုက်တာ ဒေါင်းတောက်နေတာပဲ ။ ရှာလည်းရှာရင်းပြောလည်းပြောရင်း ရှိုက်ကြီးတငင်ငိုနေရှာတယ် “ အမလေး.. ကျုပ်သမီးလေး ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ၊ ဝက်ကလေးတွေပေါက်လာကတည်းက သူတစ်ကောင်ပဲအသက်ရှင်တာနဲ့ သားသမီးမရှိတဲ့ကျုပ်မှာလေ.. ဒီဝက်ကလေးကို ကလေးတစ်ယောက်လို ကျုပ်နို့တိုက်ပြီး မွေးလာတာပါတော် ၊ ခါတိုင်းဆို သမီးလေး အချိန်တန်ရင် အိမ်ပြန်လာနေကျပါ မနေ့က တစ်နေကုန်ပျောက်နေတာ ဒီမနက်အထိပြန်မလာဘူး.. သေချာနေပါပြီ ကျုပ်သမီးလေးတစ်ခုခုဖြစ်ပြီထင်တယ် အဟီး.. ” တဖြည်းဖြည်း တစ်ရွာလုံးလည်းအနှံ့မေးပြီးရော.. သူ့ဝက်ကလေးရွာထဲမှာ မရှိတော့တာသေချာပြီဆိုတာသိလိုက်တဲ့အတွက် မသန်းအေး ဒေါသပိုထွက်သွားမိတယ် ။

မသန်းအေး ဆိုတာ ရွာထဲမှာ ဆယ်နှစ်ကြိုးလို့တောင် အများက သတ်မှတ်ထားကြတဲ့သူတစ်ယောက် မသန်းအေး နဲ့ ပတ်သတ်တဲ့အရာမှန်သမျှ တစ်ရွာလုံးကရှောင်ကြတယ် ၊ ကြောက်ကြတယ် ၊ အခု တစ်ရွာသားတွေက မသန်းအေးရဲ့ ဝက်ကလေးကို ခိုးသွားတဲ့ကိစ္စဖြစ်ခဲ့ပြီ ၊ လမိုင်းရွာတစ်ရွာလုံးကလည်း ဒီတစ်ခါ ပွဲကြီးပွဲကောင်းပဲဆိုပြီး မသန်းအေး ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေမိကြတယ် ။

ရက်ပိုင်းလောက်တော့ မသန်းအေး ဘာမှလှုပ်ရှားတာမတွေကရဘူး..ပတ်ဝန်းကျင်ကပြန်သိထားကြတာတော့ မသန်းအေး က စိတ်နာဒေါသကြီးလွန်းလို့ ကိုယ်တိုင်လုပ်ရင် ခံရတဲ့သူ သိပ်မခံရမှာစိုးလို့ဆိုပြီး သူကဆရာကိုပင့်ထားတယ်လို့ပြောကြတယ် ။ ဒီသတင်းတွေကလည်း အမှန်ပါပဲ ရက်ပိုင်းလောက်အကြာမှာ မသန်းအေးရဲ့ ဆရာဆိုတဲ့သူ မသန်းအေးဆီကို ရောက်လာခဲ့တယ် ၊ မသန်းအေးရဲ့ဆရာ ရုပ်နဲ့တင်အတော်ကြောက်စရာကောင်းလှနေပြီ ညဘက်များမြင်လိုက်လို့ကတော့ လူလို့ကို ထင်ရက်စရာမရှိဘူး..။

အတော်လေး ဝေးဝေးတစ်နေရာကနေ ကြွလာတယ်လို့ပြောတဲ့ မသန်းအေးရဲ့ဆရာက “ ဟဲ့ သမီး.. အချိန်အခါလည်းသင့်ပြီ…ညနေစောင်းနေဝင်ရီတရောအချိန်ကွဲ့ သမီး ဝက်ကလေးကို အဆာကျွေးနေကျ အစာခွက်ကလေး အဘကိုပေးစမ်း ” ဆိုပြီး တောင်းလိုက်တော့ မသန်းအေး က ကမ်းပေးလိုက်တယ် ။ ဆက်ပြီးတော့ ဆရာက သူ့လက်ထဲက ဝက်အစာခွက်ကလေးကိုကိုင်ပြီး ဂါထာတွေကိုဆက်တိုက်ရွတ်နေရင်းလက်ထဲကနေ ခွက်ကို လွှတ်ချလိုက်တယ်.. ၊ ထူးခြားတာက ခွက်က လက်ထဲက လွှတ်ချလိုက်ပေမယ့် မြေကြီးပေါ်ပြုတ်ကျမသွားဘဲ လေပေါ်ကိုတက်သွားပြီးတော့ ပျံတတ်သွားတယ်.. ဘယ်လောက်ဝေးဝေးသွားတယ်မသိဘူး.. တစ်ဖက်ရွာဖြစ်တဲ့ ကျွဲတွင်း ရွာ မှာရှိတဲ့ ဝက်သားစားမိတဲ့သူတွေရဲ့ အိမ်ရှေ့တွေမှာ ခုန်ဆွ ခုန်ဆွနဲ့ တစ်အိမ်ပြီးတစ်အိမ် အဲ့ဒီ့ခွက်က အိမ်ရှေ့တည့်တည့်မှာ ကျလာပါလေရော..၊

ကျွဲတွင်းရွာသားတွေလည်းအကုန် အံ့သြနေမိကြတယ် ၊ မကြာပါဘူး…ခွက်ကလေး ကျကျသွားခဲ့တဲ့ အိမ်တွေထဲက အိမ်သားတွေထဲမှာမှ မသန်းအေးရဲ့ ဝက်ကလေးအသားကို သိသိမသိသိ စားခဲ့တဲ့သူတွေ အကုန် ချက်ချင်း ဝမ်းတွေပြိုင် လျောပြီး ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့အပါအဝင် တစ်ယောက်ပြီးတစ်ယောက် နေ့မကူးခင်မှာပဲ သေကုန်ကြတယ်၊ အလောင်းတွေဆိုတာ ကျွဲတွင်းရွာမှာ တန်းစီနေတာပဲမြင်မကောင်းရှုမကောင်းအောင်ဖြစ်လို့ ၊ မြန်မာတွေအကျင့်ကလည်း ကိုယ်စားရရင် ကိုယ့်မိသားစိုကိုပါကျွေးချင်ကြတယ်လေ….အခုတော့ အကျွေးကောင်းလို့ အလောင်းတွေ ပုံနေတဲ့အထိပါပဲ ၊ စားကောင်းမှန်းမသိ ၊ မစားကောင်းမှန်းမသိ ၊ အလကားရတာလေးမို့ စားမိတဲ့သူတွေလည်း ဘုမသိဘမသိနဲ့ ကိစ္စချောကုန်လိုက်တာ.. ကျွဲတွင်းတစ်ရွာလုံး တစ်ရက်တည်းနဲ့ လုံးပါးပါးကုန်တော့တာပဲ ။

ဝက်ကိုဦးဆောင်ပြီး သတ်ခဲ့ကြတဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့တွေလည်း မိသားစုလိုက် သေကုန်ကြတယ် ထူးခြားတာက သူတို့ထဲက ညိုစိုးရဲ့ လူမမယ်အရွယ် လေးနှစ်သားကလေးလေး တစ်ယောက်ပဲ အသက်ရှင်တယ် ကလေးက ဝက်သားမစားလိုက်လို့ထင်ပါတယ် ၊ ကျွဲတွင်းရွာသူကြီးကတော့ ဝမ်းရောဂါဖြစ်တယ်ထင်ပြီးကြောက်ကြောက်လန့်လန့်နဲ့ ရွာပြောင်းပြေးဖို့စီစဉ်နေပြန်တယ် ၊ အဲ့ဒီ့အချိန်မှာပဲ ဝက်ပိုင်ရှင် မသန်းအေး ကျွဲတွင်းရွာသတင်းကိုကြားပြီးရောက်လာခဲ့တယ်.. မသန်းအေး ရွာကိုရောက်တော့ တစ်ရွာလုံးဖြစ်ပျက်နေတာတွေကိုကြည့်ရင်း အားရပါးရရယ်မောလိုက်ရင်း..“ ဟား..ဟား.. ဟား.. မှတ်ထား အဲ့ဒါ ငါ့သမီးလေးကို ငါမသိတုန်းခိုးသွားပြီး သတ်စားလို့ မကျေနပ်လို့ လုပ်တာ ….ငါလုပ်တာကို မကျေနပ်တဲ့ကောင်ရှိရင် ငါနဲ့အခုလာရှင်းလို့ရတယ် ဟား.. ” ဆိုပြီးပြောလာတယ်… ၊ မသန်းအေး စိန်ခေါ်သွားပေမယ့် ကျွဲတွင်းရွာကလူတွေကတော့ တစ်ယောက်မှ အသံမထွက်ရဲကြဘူး ၊ဖြစ်စဉ်အရဆို မသန်းအေးက မှန်နေတာကို…. ။ ရွာကတော့ နာရေးကိစ္စတွေနဲ့ တော်တော်လေး အလုပ်ရှုပ်သွားကြတယ်.. ၊ ရွာတစ်ဝက်နီးပါးလောက်လည်း လျော့သွားကြတယ် ။

နှစ်ပေါင်းတွေအလီလီကြာတော့ ဒီဇာတ်လမ်းလေးက ပုံပြင်လိုလို ဇာတ်လမ်းလိုလိုနဲ့ ပြောစမှတ်တွင်ကျန်နေရစ်ခဲ့တယ်.. ၊ ကျွဲတွင်းရွာမှာလည်း ကလေးတိုင်းချစ်တဲ့ ပုံပြင်တွေ ပြောပြတတ်တဲ့ အဘိုးကြီးတစ်ယောက်ရှိသေးတယ် အဲ့ဒီအဘိုးကြီကလည်း ဒီပုံပြင်ဇာတ်လမ်းလေးကို ခဏခဏပြောပြောနေတတ်တယ် ၊ သူပြောတဲ့အကြိမ်ရေ ဘယ်လောက်များပါစေ ကလေးတွေကလည်း လမိုင်းရွာအကြောင်း ပညာသည်တွေရဲ့ ကလဲ့စားချေတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုရင် မျက်တောင်မခတ်တမ်းကို နားထောင်နေတတ်ကြတယ်လေ ၊ အဲ့ဒီအဘိုးကြီးကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ တစ်ချိန်က အသက်ရှင်ကျန်ခဲ့သူ ဦးညိုစိုး ရဲ့ လေးနှစ်သားအရွယ် ကလေးလေးဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို နားထောင်နေကြတဲ့သူတွေ သိပါရဲ့သလား..။

မိုးစွေ

Leave a Reply

Your email address will not be published. Required fields are marked *