ပညာ မသင်ခဲ့ရတဲ့ အဖေနဲ့ အတန်းတက်ပြီး အကန်းဖြစ်နေတဲ့ သား (ပညာဆိုတာ ဘာလဲ)

“မိန်းမ ဒါတွေက ဘာတွေတုန်း” တုတ်ချောင်းတွေ အဝိုင်းတွေ အတွန့်အတက်တွေနဲ့ “ဘယ်သိမလဲ ရှင့်သားကိုခေါ်မေး..” “ဟေ့ကောင် – သူရ.. ဒါကဘာတွေတုန်း!” “အာ အဖေကလည်း အဲ့တာ ကိုရီယားစာတွေဗျ ။ ကျွန်တော် ခုအဲ့ဘာသာစကားတက်ပြီး လေ့လာနေတာ ။ အဖေ ဘာမှနားမလည်ဘဲနဲ့များ”

“အေးလေ. .ငါမသိလို့မေးတာပေါ့.. ငါ့သားရဲ့..”” “မသိလည်း အေးဆေးနေပါအဖေရာ” “အဖေကို ရှင်းပြလည်းနားလည်မှာမှ မဟုတ်တာ” ဒါကိုဘေးက မိခင်ဖြစ်သူကြားတော့ မျက်နှာလေးညှိုးသွားတယ် ။ ဖအေဖြစ်သူက သူ့ဇနီးကို ခေါင်းခါပြလိုက်တယ် ။

အဲ့လိုနဲ့ ညစားထမင်းစားပြီး အိပ်ရာဝင်ခါနီးကြတော့ သားလုပ်သူက အမေ့နားကပ်ပြီး “အမေမုန့်ဖိုးပေးဦး မနက်သင်တန်းတက်ရင် သုံးမလို့” “ရော့သား တစ်သောင်း ချွေတာသုံး။ သားတတ်ချင်တာကို သေချာသင်.. လူငယ်ဆိုတာ ပျော်တတ်ရတယ် လေ့လာသင့်တာလည်း လေ့လာရမယ်..” သား မအိပ်သေးရင် မင်းအဖေအင်္ကျီတွေ မီးပူတိုက်လိုက်ဦး..

“အမေ အဖေအင်္ကျီတွေမှာ ပခုံးအသားတွေက အရောင်ဖျော့ပြီး ဘာလို့ ပါးနေတာလဲ? မိခင်လုပ်သူက အတော်လေးနူတ်ဆိတ်နေပြီးမှ.. “သား သစ်ပင်တစ်ပင်မှာ အသီးတွေသီးဖို့ အကိုင်းအခတ်တွေ ပင်စည်တွေ မရှိပဲဖြစ်ပါ့မလား” “အမေလည်း အဖေ့လိုပဲ ဘာမှမသိဘူး, ဘာတွေမေးမှန်း မသိဘူး..”

“ဟုတ်တယ်.. မင်းအဖေက ဘာမှမသိဘူး.. ဘာမှလည်း မတတ်ဘူး.. သူတတ်တာနှစ်ခုရှိတယ် သိလား..” “ဘာလဲဟင် ” ၁။ မိသားစု အေးအေးချမ်းချမ်းနေရဖို့ ၂။ မင်း ခုလိုပညာတွေတတ်မြောက်ဖို့” သားမှတ်ထားပါ မင်းအဖေ ပညာမတတ်ဘူး ဒါပေမယ့် သူ့လုပ်အားနဲ့တော့ မင်းပညာတတ်ဖြစ်နေပြီ” “ဒါပေမယ့် မင်းက ပညာကိုသိပဲ သိသေးတာ.. မင်းအဖေလောက် ပညာမတတ်သေးဘူး..”

“ဟားဟား.. အမေကလည်း အဖေက မြန်မာစာတောင်ဖြောင့်အောင် မရေးနိုင်တာ ပညာတတ်ဖြစ်မလားဗျ” အမေဖြစ်သူက တစ်ခွန်းပဲပြောလိုက်တယ်..။ “မင်းစီးထားတဲ့ ဖိနပ်တောင် မင်းအဖေရင်းထားတဲ့ ပညာတွေပါတယ်”.. “ပညာဆိုတာဘာလဲသား သိလား?” “သိဖို့တတ်ဖို့ထက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်တာကို ပညာလို့ခေါ်တယ်”

“ခုသားက သင်ညာသိပဲရှိသေးတယ် ပညာရှိ မဖြစ်သေးဘူး”.. ဘဝမှာ ပညာသိ ၊ ပညာတတ် ၊ ပညာရှင်ဆိုပြီး သုံးမျိုးရှိတယ်။ ကိုယ်တိုင်သိနေဖို့ထက် ကိုယ်သိသလို သူလည်း နားလည်ဖို့ ဝေမျှရမယ် အဲ့လို့ဝေမျှဖို့လည်း ဆန်းသစ်နေရမယ် လူတစ်ယောက်က အားလုံးသိပါတယ်လို့ ကြွေးကြော်နေပြီဆိုရင် သေချာတယ် သူဘာမှမသိသေးလို့ အတန်းတက်ပြီး အကန်းဖြစ်နေသမျှတော့ ပညာဆိုတာဝေးနေဦးမှာ.. ဟုတ်ကဲ့.. ကျွန်တော်ပညာနဲ့ ဝေးနေတုန်းပါ.. လောကမှာ ဘာမှမသိလို့မိုက်တာ ပြင်ပေးလို့ရတယ် ။ သိပြီးမိုက်တာကမှ အတော်လေးကြောက်ဖို့ကောင်းတာပါ။ အတွေးတစ်ခုခုရကြပါစေ။ (ဘာမထီဘွား)

Leave a Reply

Your email address will not be published. Required fields are marked *