International News

ကိုဗစ်ကာလမှာ ဘန်ကောက်မြို့က အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး

ဘန်ကောက်မြို့က အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး

မနေ့ည (စနေည) က လူပေါင်း ၃ သောင်းကျော်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကြီးကို လုပ်ခဲ့ကြတယ်။

ဆန္ဒပြပွဲကြီးကို ဦးဆောင်သူတွေဟာ United Front of Thammasat and Demonstration (UFTD) လို့ ခေါ်တဲ့ အဖွဲ့က တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြပြီး တခြားမြို့တွေက နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေလည်း လာရောက်ပူးပေါင်းကြတယ်။ ဆန္ဒပြတဲ့ နေရာဟာ ဘုရင့်နန်းတော်အနီးက Sanam Luang မြေကွက်လပ်ကြီးမှာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ အဲဒီနေရာမှာ တစ်ညလုံး စခန်းချကြပြီး ဒီနေ့မှာ (သူတို့ မကြေညာတဲ့) အစိုးရရုံးတွေဆီ ချီတက်ကြမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောကြပါတယ်။

ဒီဆန္ဒပြပွဲဟာ မကြာခင်က ဝန်ကြီးချုပ် ပရာယွတ်ခေါင်းဆောင်တဲ့ ညွှန့်ပေါင်းအစိုးရကို ဆန္ဒပြနေခဲ့တာတွေရဲ့ နောက်ဆုံးတစ်ခုပါ။ ဆန္ဒပြပွဲမှာ တောင်းဆိုတဲ့ အဓိကအချက်က ထိုင်းနိုင်ငံရဲ့ အာဏာရှိပြီး ချမ်းသာကြွဝတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က ဆန္ဒပြပွဲမှာ UFTD က တောင်းဆိုတဲ့ အစိုးရကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုချက် ၁၀ ချက်မှာ ဘုရင်နဲ့ မင်းမျိုးမင်းနွယ်တွေအတွက် ပေးတဲ့ ဘတ်ဂျက်ကို လျှော့ချပေးဖို့ဆိုတာပါဝင်ပါတယ်။ ထိုင်းနိုင်ငံအတွက် ချပေးတဲ့ စုစုပေါင်း ဘတ်ဂျက်ဖြစ်တဲ့ ဘတ်ငွေ ၃.၃ ထရီလီယန်မှာ မင်းမျိုးမင်းနွယ်တွေအတွက် ဘတ်ငွေ ၉ ဘီလီယံပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ စီးပွားရေးကျဆင်းနေမှုကြောင့် အလုပ်ပြုတ်သူများလာတာ အလုပ်အကိုင်ရှားပါးလာတာစတဲ့ အကြောင်းတွေကြောင့် နိုင်ငံသူနိုင်ငံသားတွေကလည်း နိုင်ငံရဲ့ ဘတ်ဂျက်ငွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို သေချာဆန်းစစ်လာကြပါတယ်။ အထူးသဖြင့် နိုင်ငံဆင်းရဲလာချိန်မှာ ဘုရင်နဲ့ဆွေတော်မျိုးတော်တွေဟာ စည်းစိမ်အပြည့်နဲ့ ချမ်းသာစွာ နေကြတာကို နိုင်ငံသားတချို့က မကျေနပ်ကြပါဘူး။

ဆန္ဒပြပွဲနေရာမှာ ရဲအင်အား ၁ သောင်းချထားပြီး အရေးယူမှု တစ်စုံတစ်ရာ မလုပ်သေးပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် ပရာယွတ်က ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ခုလို ကြေညာထားပါတယ်။ ‘လူစုလူဝေးလုပ်ခြင်းဟာ ကိုဗစ်ရောဂါကို ကူးစ်ပျံ့ပွားစေပါတယ်။ ဒီလိုဖြစ်လာရင် သန်းပေါင်းများစွာသော နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ရှိပါတယ်’တဲ့။ နောက်ပြီး သူက ဆက်ပြောပါတယ်။ သူဟာ ရဲတပ်ဖွဲ့ကို သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောထားပေမယ့် ဆန္ဒပြပွဲတွေကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာမယ်။ ကမ္ဘာလှည့်ခရီးသည်တွေဟာ ထိုင်းနိုင်ငံကို လာကြမှာ မဟုတ်ဘူးတဲ့။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စိတ်ဝင်စားဖွယ်ကောင်းနေတာမို့ တင်ပြပေးလိုက်တာပါ။

(ဗန်းမော်သိန်းဖေ)

Leave a Comment

You cannot copy content of this page