Knowledge

ရာသီပေါ် သဘာဝ မှိုများကို စားသုံးသူတို့ သိရှိစေဖို့ စားသင့်တဲ့ မှိုနဲ့ မစားသင့်တဲ့ မှိုများ

ရာသီပေါ် သဘာဝ မှိုများကို ချက်ပြုတ် ကြော်လှော် စားသုံးသူတို့ သိရှိစေဖို့ စားသင့်တဲ့ မှိုနဲ့ မစားသင့်တဲ့ မှိုများ..

အခုလို မိုးတွင်းကာလမှာ ရာသီပေါ်လည်းဖြစ်တဲ့ သဘာဝမှိုတွေကို လူအများစုက ဝယ်ယူစားသုံ လေ့ရှိကြပါတယ်။ တချို့သော ကျေးလက်ဒေသတွေမှာလည်း သဘာဝအလေ့ကျ ပေါက်ရောက်မှိုများကို ခူးယူစားသောက်လေ့ ရှိကြပါတယ်။ အဲလို စားသုံးလေ့ရှိကြတဲ့အတွက် စားသုံးသင်တဲ့ မှို ဒါမှမဟုတ် စားသုံးရန်မသင့်တဲ့ မှိုအမျိုးအစားတွေကိုတော့ အများပြည်သူတွေအနေနဲ့ သိထားဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးလာပါတယ်။

စားသုံးသင့်တဲ့ မှိုများကို စားသုံးပါက ပြဿနာတစ်စုံတစ်ခု မရှိပေမယ့် စားသုံးရန်မသင့်တဲ့ မှိုစားသုံးမိပါက ခေါင်းမူးတာ၊ တံတွေးထွက်များလာတာ၊ အော့အန်တာ၊ ဆီးသွားနည်းတာ၊ ကိုယ်လက် ထိုင်းမှိုင်းလေးလံတာ အပြင် သတိလွတ်လာမယ့် အခြေအနေမျိုးတွေပါ ကြုံနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တစ်ဦးက ဆိုထားပါတယ်။

အဲဒါအပြင် အတက်ရောဂါအခံရှိပါကလည်း ပြန်လည် ရုတ်ချည်း တက်လာတာတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း အားနည်း သူတွေအတွက် ဝမ်းလျှောတာတွေ၊ ချွေးထွက် တုန်ယင်လာတွေလည်း ရှိသလို မှိုအဆိပ်သင့်မှုကြောင့် လက္ခဏာ အမျိုးမျိုးဖြစ်လေ့ရှိပြီး ပြင်းထန်ပါက တစ်ရက်ကနေ ၄ ရက်အတွင်း အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ အသိပေးထားပါတယ်။

အများပြည်သူ စားသုံးရန်သင့်တဲ့ မှိုအမျိုးအစားတွေကတော့ မှိုဖြူ၊ မှိုဥနှောက်၊ မြတ်ကြားမှို၊ တောင်ပို့မှို ၊ ငှက်ပျောမှို၊ ကောက်ရိုးမှို၊ အပ်မှို စတာတွေဖြစ်ပြီး အဓိက စားသုံးဖို့ မသင့်တဲ့ မှိုများကတော့ ခွေးချေးမှို၊ နွားချေးမှို၊ မှိုကွန်ချာ၊ သဲမှို၊ သစ်ကြားမှို၊ ကြက်ဆူမှို စတာတွေဖြစ်ပါတယ်။ မှားယွင်းစွာ စားသုံးမိလို့ မှိုအဆိပ်သင့်ခံစားလာရပါက ရှေးဦးပြုစုနည်းတွေကို မပြုလုပ်ပဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီ သွားရောက်ပြသဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ပုံ – မှိုကွန်ချာ

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ချင်းပြည်နယ် မတူပီမြို့နယ်၊ ထောင်လန်ကျေးရွာတွင် တောအလေ့ကျပေါက် မှိုပွင့် စားမိသည့် မောင်နှမ ကလေးငယ်နှစ်ဦးသေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ မှိုအမျိုးအစား ၁၀၀၀ ကျော်ရှိပြီး မှိုအမျိုးအစား ၁၀၀ က အဆိပ်ရှိ ကြပါတယ်။ မှိုတွေက အရသာရှိ တာ မှန်ပေမယ့် စျေးကွက်ထဲ တရားဝင်ရောင်းချတဲ့ မှိုမှ လွဲပြီး အမျိုးအစားမသိတဲ့မှို၊ စားနေကျ မဟုတ်တဲ့မှို၊ ဟိုနား ဒီနားပေါက်လာတဲ့မှို တွေကို လုံးဝမစားသင့်ကြောင်း အစားတလုတ်ကြောင့် အသက်မဆုံးရှုံးရစေဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားတာပါ။

Leave a Comment

You cannot copy content of this page