News

အမျိုးသား (၂) ဦး စီးနင်းခွင့်ရမည့် ပထမဆုံး ဆိုင်ကယ်ကယ်ရီအသင်းကို စတင်ဖွဲ့စည်း

အမျိုးသား (၂) ဦး စီးနင်းခွင့်ရမည့် ပထမဆုံး ဆိုင်ကယ်ကယ်ရီအသင်းကို စတင်ဖွဲ့စည်း…

မြိတ်မြို့တွင် မော်တော်ဆိုင်ကယ် တစ်စီးပေါ်တွင် အမျိုးသား နှစ်ဦး စီးနင်းခွင့်ရှိမည့် ဆိုင်ကယ်ကယ်ရီအသင်းကို မြန်မာပြည်မှာ ပထမဆုံး စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ အဝေးပြေး ကားဝင်း အတွင်း အသင်းဝင် ဦးရေ ၄၀ ကျော်ဖြင့် နိုဝင်ဘာလ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အသင်း ဥက္ကဌ ဦးမောင်မောင်က ပြောပါသည်။

“မော်တော် ဆိုင်ကယ် အသင်းကို အယောက် ၄၀ ကျော်နဲ့ စတင် ဖွဲ့လိုက်တာ ဖြစ်တယ်။ မြိတ်မှာ ဆိုင်ကယ် ကယ်ရီဆွဲ အလုပ်လုပ်သူတွေ အတွက် အဆင်ပြေအောင် စီစဉ်ပေးတာ ဖြစ်တယ်” ဟု အသင်း ဥက္ကဌက ပြောပါသည်။

ဆိုင်ကယ် စီးနင်းမှု အများဆုံး ရှိသော မြန်မာပြည်တွင်း မြို့ကြီးများ၌ ဆိုင်ကယ် တစ်စီးတွင် အမျိုးသား နှစ်ဦး လိုက်ပါစီးနင်းခွင့်ကို စကစ က ယခု နိုဝင်ဘာလထဲတွင် တားမြစ် ပိတ်ပင်ခဲ့သည်။ ယင်းသို့ ပိတ်ပင်ခြင်းကြောင့် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲ အသက်မွေးဝမ်းကြောင်း ပြုနေသူများ၏ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည်။

ယခု အသင်းသို့ ဝင်ထားလျှင် ဆိုင်ကယ်တွင် အမျိုးသားနှစ်ဦး စီးနင်းခွင့်ရမည် ဖြစ်ပြီး အသင်းဝင်များသည် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း တောက်ခံစာ စသည်များ ပေးရမည်ဟု ပြောပါသည်။

အဆိုပါ ဆိုင်ကယ် ကယ်ရီ အသင်းဝင်သူ တစ်ဦးလျှင် အသင်းဝင်ကြေး ၁၀,၀၀၀ ကျပ် ပေးဆောင်ရကာ လစဉ်ကြေး အနေဖြင့် တစ်လ ၅၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Comment

You cannot copy content of this page