“မှန်လှပါ” ဆိုသည့် တဖက်ပိတ်သမားများ နှင့် စာသင်ကျောင်းက စပြင်ရမည့် ပညာရေးစနစ်

“မှန်လှပါ” ဆိုသည့် တဖက်ပိတ်သမားများ နှင့် စာသင်ကျောင်းက စပြင်ရမည့် မြန်မာပြည် ပညာရေးစနစ်..

လောကတွင် “မှန်လှပါ” ဟု လူကြီးနောက်က ကုပ်ချောင်းချောင်းနှင့် လက်အုပ်လေးလိုက်ချီကာ ပြောတတ် သည့် လူစားမှာ မုန်းစရာအကောင်းဆုံးဖြစ်သည်။ ကိုယ်တိုင်ကမှားမှန်းသိသည်။ သို့သော် လူကြီးနှင့် ခံပြီး ငြင်းနေလျှင် ကိုယ့်အတွက် အကျိုးမရှိဟူသော ညံ့ဖျင်းသည့် စိတ်ဓာတ်ပိုင်ရှင်တွေကြောင့်လည်း “မှန်လှပါ” ဆိုသည်ကလွဲပြီး မပြောတတ်သည့်လူစားတွေနှင့် “မှန်လှပါ” ဟုသာ အပြောခံချင်သော လူစားတွေ ပေါများလာရသည်။

ကျွန်တော်ဖတ်ဖူးသည့် သောမတ်စ် အယ်ဒီဆင်အကြောင်းကို သတိရသည်။ အယ်ဒီဆင်သည် သူ၏ဓာတ်ခွဲခန်းအတွင်း သူနှင့်အတူ လက်တွဲလုပ်နိုင်မည့် လက်ထောက်တစ်ယောက်ကို ရှာတတ်သည်။ သူက တီထွင်မှုတွေကို အဆက်မပြတ်လုပ်နေရသူဖြစ်ရာ သူ့အတွက် လက်ထောက်အဖြစ် အားကိုးရသူတွေကို အမြဲလိုအပ်နေသည်။

သူ့လက်ထောက်အဖြစ် ရွေးချယ်မည့်သူများကို အယ်ဒီဆင်က ကိုယ်တိုင်အင်တာဗျူးတတ်သည်။ သူအင်တာဗျူးပုံက ထူးဆန်းလှသည်။ သူ့ထံသို့ အလုပ်လာလျှောက်သူတစ်ဦး၏ အရည်အချင်းကို သဘောကျပြီဆိုလျှင် သူက ထိုသူကို ညစာစားရန် ဖိတ်ခေါ်တတ်သည်။ ထိုညစာစားပွဲသည် အလုပ်အတွက် အင်တာဗျူးဖြစ်သည်။ ညစာအတွက် အသင့်ပြင်ထားသော စားပွဲဝိုင်းတွင် အယ်ဒီဆင်ရော သူအင်တာဗျူးရမည့်သူပါ မျက်နှာချင်းဆိုင် ထိုင်နိုင်ရန် စီစဉ်ထားသည်။

အယ်ဒီဆင်က ဘာမျှ မပြောမီ သူ့ရှေ့ရှိ ပန်းကန်ထဲမှ တစ်ခုခုကို ကောက်ပြီး မြည်းလိုက်မည်။ ထို့နောက် “ဆားပေါ့လိုက်တာ” ဟု ပြောလိုက်သည်။ ပြီးမှ “စားဗျာ” ဟု ဆိုလိုက်သည်။ ထိုသူက အစားအစားကို တစ်ချက်မျှ မြည်းမကြည့်ဘဲ သူက ပေါ့သည်ဟု ဆိုရုံမျှဖြင့် သူစားမည့် ပန်းကန်ထဲသို့ ဆားထည့်နေလျှင် ထိုသူကို စားသောက်ပြီးနောက် အယ်ဒီဆင်က ငြင်းလိုက်ပေလိမ့်မည်။ အကယ်၍ ထိုသူက ဆားပေါ့သည်ဆို၍ မြည်းကြည့်ပြီးမှ အမှန်တကယ်ပေါ့သည်ဆိုကာ ဆားကိုသူ့ပန်းကန်ထဲ ထပ်ထည့်လျှင် အယ်ဒီဆင်က ထိုသူကို ညစာစားပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူ့လက်ထောက် အဖြစ် ငှားရမ်းလိုက်ကြောင်း ပြောပေလိမ့်မည်။

ယင်းမှာ အယ်ဒီဆင်၏ အလုပ်အတွက် လူရွေးနည်းဖြစ်သည်။ အယ်ဒီဆင်မှာ လက်တွေ့သမားတစ်ဦးဖြစ်သည်။ သူက သူများပြောတိုင်း ယုံကာ လိုက်လုပ်တတ်သူတွေကို မယုံကြည်။ ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ပြီးမှ လက်ခံသည့်သူမျိုးကိုသာ ယုံကြည်တတ်သည်။ ထိုသူမျိုး သာလျှင် ဆန်းသစ်သော အတွေးအခေါ်တွေကို တွေးတောကြံဆနိုင်သူတစ်ဦးဟု သူကလက်ခံထားသည်။

“မှန်လှပါ” ဆိုသည့် သူတွေမှာ တစ်ဖက်ပိတ်သမားတွေဖြစ်သည်။ ထိုသူမျိုးတွေသည် ရှိခိုးဦးတင်ခံချင်သော သူတွေနှင့်သာ ကိုက်ညီပေလိမ့်မည်။ ကျွန်တော်တို့ပညာရေးစနစ်တွင် ပြုပြင်ရမည့်အချက်ထဲတွင် ဆရာကပြောသမျှ အမှန်ဟု လက်ခံယူဆစေသော စနစ်ဖြစ်သည်။ ဆရာကလည်း ပြန်လည်ဝေဖန် တုံ့ပြန်သည်ကို ကြိုဆို၊ တပည့်ကလည်း ပြန်လည် တုံ့ပြန်နိုင်စွမ်းရှိသည့် ပညာရေးစနစ်မျိုး လိုအပ်သည်။

“ခံမပြောနဲ့ နားထောင်၊ ခိုင်းတာလုပ်” ဆိုသည့် အမြင်ကို ရိုက်သွင်းထားသောကြောင့် တစ်ဖက်ပိတ်ပညာရေးဖြစ်နေသည်။ လူငယ်တို့၏ဘဝ ပတ်ဝန်းကျင်သည် အကြောက်တရားတွေ လွှမ်းမိုးနေမှုများမှ ကင်းဝေးနေရမည်။ အကြောက် လည်းမရှိ၊ ခြောက်လှန့်ခြင်းလည်းမရှိသော ဝန်းကျင်တွင် ရှင်သန်လာရသော ကလေးများသည်သာ အတွေး အမြင် လွတ်လပ်သည်။ ကျွန်တော်တို့ လူ့ဘောင်တွင် အကြောက်တရားတွေနှင့် ကြီးပြင်းလာစေရခြင်း ကလည်း ဘာမဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲဘဝတွေကိုရောက်စေသည်။

ကျွန်တော်တို့လူ့ဘောင်က အကြောက်တရားတွေကို လွှမ်းမိုးနေစေသည် အစဉ်အလာကို ဆန့်ကျင်ရာရောက်မည်ကိုကြောက်သည် မိဘကိုကြောက်သည် ဆရာကိုကြောက်သည် အလုပ်ရှင်ကိုကြောက်နေရသည် အလုပ်ပြုတ်မည်ကိုကြောက်သည်။ ထို့ကြောင့် လူကြီးက ငန်သည်ဆိုလျှင် လိုက်ငန် ပေါ့သည်ဆို လိုက်ပေါ့ ကိုယ့်နေရာ ကိုယ့်အလုပ်မဟုတ်၊ ကိုယ့် Professional မဟုတ်သူတွေက လမ်းညွှန်သည်ဆိုခြင်းကို ခါးလေး တွေကိုင်း၊ လက်လေးတွေယှက် “ဟုတ်ကဲ့.. ဟုတ်ကဲ့” လိုက်လုပ်ပြီး ကြောက်နေကြရသည်။ ကျွန်တော်တို့ပြင်ရမည် ကျောင်းတွေကစပြင်ရမည် ကျောင်းတွေကစပြီး ကြောက်နေရလျှင် ကျွန်တော်တို့ကလေးတွေဘဝသည် သင်းသတ်ထားသလိုဖြစ်လိမ့်မည်။

တင်ညွန့် (၇.၆.၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *