Reading

ရှေးရှေးတုန်းက လ္ဘက်ရည် (သို့) အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင် သမိုင်း

ရှေးရှေးတုန်းက လ္ဘက်ရည် (သို့) အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင် သမိုင်း..

ရှေး နန်းတွင်းလက်ထက်တော်ကြီးမှာတော့ “လ္ဘက်ရည်တော်” ဆိုတဲ့ ရာထူးပို့စ် တစ်ခုရှိခဲ့ကြောင်း ဖတ် မှတ်ဖူးပါတယ်ဗျာ။ သို့သော် နို့ သကြား ဘာညာ မပါတဲ့ ဗမာ့လ္ဘက်ရည်အခါး၊ အဖန် ၊ အကြမ်း ပဲလို့ ယူဆမိပါတယ်။ နယ်ချဲ့ရောက်လာပြီးမှ ဒီ “လ္ဘက်ရည်အချို” တွင်ကျယ်လာပုံရသဗျ။

ကျုပ်တို့ငယ်ငယ်က လူကြီးတွေပြောကြတဲ့ “အချိုပန်းကန်လုံး” ဆိုတာကြားဖူးနားဝ ရှိကြပါတယ်။ ကျုပ်တို့ နယ်မြို့လေးမှာ တရုတ်လ္ဘက်ရည်ဆိုင် ၄ – ၅ ဆိုင်၊ ကာကာဆိုင် ၁ ဆိုင်လောက်ရှိပါတယ်။ ဗမာထဲက လ္ဘက်ရည်ဆိုင်ဖွင့်သူ နည်းပါတယ်။ ကျုပ်တို့က အိမ်ဖျော် ကော်ဖီနဲ့ ကြီးလာရတော့ လ္ဘက်ရည်ဆိုင်တွေကို လှမ်းကြည့်ရင်း အသစ်အဆန်း စိတ်ဝင် စားဖွယ်ဖြစ်လာကြတာပဲဗျ။

အဲ့ဒါ ၁၉၆၀ လောက်မှာ စီနီယာ အိမ်နီးချင်းကျောင်းသားက “မင်း ၅ မူး ယူခဲ့ကွတဲ့။ ဒီနေ့ တို့ လ္ဘက်ရည်ဆိုင်ထိုင်ကြမယ်” တဲ့။ လ္ဘက်ရည်က တစ်မတ်ဗျာ၊ တရုတ်မုန့် တစ်မတ်။ အတော် နိပ်တာကိုးဗျာ။ သဘောကျတာပေါ့။ နောက်တော့ တစ်သက်လုံး လ္ဘက်ရည်ဆိုင်နဲ့ကို ခွဲရခက်တော့တာကိုး။

ရှေးက တရုတ်လ္ဘက်ရည်ဆိုင်တွေက စတိုးနဲ့ တွဲထားတတ်ကြပါတယ်။ ရှပ်အင်္ကျီ၊ ခေါင်းလိမ်းဆီ၊ ကော့စမစ်တစ်၊ လက်ကိုင်ပုဝါ ရှိုးကေ့စ်ထဲ ပြထားကြတာပါပဲ။ တရုတ်မျိုးနွယ်စုများစွာထဲမှာ (ကျုပ် သိသလောက်) ကွမ်းတုံ (လက်တို) ၊ ဖူးကျင့် (လက်ရှည်)၊ ဟက်က (လက်စက) ဆိုပြီးရှိကြရာမှာ ဒီ လ္ဘက်ရည်ဆိုင်ဖွင့်သူတွေဟာ ဟက်က တွေပဲဗျ။ သူတို့က မုန့်ဖုတ်၊ လိုင်စင်စီ အရက်ဆိုင်၊ အပေါင်ဆိုင် စတဲ့ လုပ်ငန်းတွေ လုပ်ကြသတဲ့။ ကျုပ်တို့ ​ဗာစီတီ ရောက်ချိန် ရန်ကုန် ၂၃ လမ်း၊ ဒါလဟိုဇီ ထိပ်မှာဟက်က လ္ဘက်ရည်ဆိုင်ကြီးရှိသဗျ။ တရုတ်ကုန်သည် ပွဲစားကြီးတွေ ကုန်ပစ္စည်းအရပ်ရပ် စျေးဖွင့်တဲ့ ဆိုင်ပဲ။

ကာကာဆိုင်လို့ ခေါ်ကြတဲ့ ကုလားလ္ဘက်ရည်ဆိုင်တွေလည်း ရှိခဲ့ကြပါတယ်။ သူတို့က မီးရထားဘူတာရုံတွေမှာ အပိုင်စားပဲဗျာ။ ကာကာဆိုင် ပြယုဂ်က ဆိုင်အဝင်မှာပြထားတဲ့ ဒန် ရေနွေးအိုးကြီးပဲဗျ။ မီးသွေးကို အလယ်ခေါင် က အခေါင်းထဲထည့်၊ ရေနွေးကို tap နဲ့ဖွင့်ယူရတဲ့ အိုးမျိုးပေါ့။ သူတို့က ချာပါတီ၊ ခါဂျာမုန့်၊ ဂျလေဘီ စမူစာ ပေါ့လေ။

ကျုပ်ငယ်ငယ်က မဂိုလမ်းအောက် ဘလောက် ၃ လွှာမှာနေရတော့ မျက်နှာချင်း ဆိုင် ပလက်ဖောင်းပေါ်က ကာကာဆိုင်ကို လှမ်းမြင်နေရပါတယ်။ ကော်ဖီ လ္ဘက်ရည်ဖျော်ရာမှာ မတ်ခွက်ကြီး နှစ်ခွက်ကို အပေါ်အမြင့်ကြီးမြှောက် ခွက်လှဲ့သွန်ချရင်း ဖျော်တာပဲဗျ။ အမြှုပ်တွေနဲ့ပေါ့။ ချစ်တီးကော်ဖီ လို့ခေါ်ကြပါတယ်။ ကျုပ်ငယ်ငယ်က အဖိုးနဲ့ ကာကာဆိုင်လိုက်သွားတဲ့အခါ အဖိုးက “ဟေး.. ကာကာ ကျာရေ့ပြာလား၊ ကျီးနိကပ် ပတီနိမ်း” တဲ့။ လ္ဘက်ရည်တစ်၊ မလိုင်နဲ့ အချိုလျှော့ ဆိုတာကိုး။ အခု အဆင်မြင့် အိန္ဒိယရ က်စ်ထရွန့်တွေမှာ မဆလာတီး၊ ဂျင်ဂျာတီး ရပါတယ်။ စကားစပ်လို့ ကြော်ငြာဝင်ရရင် ကလောရောက်ခိုက် နေပါလီ ဆိုင်မှာ အဲ့ဒီလို တီး ဝင်သောက်ရသဗျ။

အဲ့ဒီကာလမှာ ဒို့ဗမာ လ္ဘက်ရည်ဆိုင် တချို့လည်းရှိသဗျ။ သင်္ဘောဆိပ် လိုနေရာမျိုးမှာ ရှိတတ်ပါတယ်။ မုန့်ကြွပ်ကလေး၊ ဘိန်းမုန့်လေးနဲ့ပေါ့ ခင်ဗျာ။ အရွယ်လေးရလာတော့ တစ်ယောက်ထဲ လ္ဘက်ရည်ဆိုင် ထိုင်ဝံ့ လာပြီ။ အိမ်နဲ့အနီးဆုံး တရုတ်လ္ဘက်ရည်ဆိုင်မှာ ဖောက်သည် ဖြစ်လာပြီ။ ဆိုင်ရှင် ထောင်ကဲ ဖျော်တာ မြင်ရဖန်များတော့ မှတ်မိနေပါတယ်။ အရင်ဆုံး မတ်ခွက်ထဲ အဖန်ကျရည်ထည့်၊ နွားနို့ထည့် သကြားထည့်၊ နို့ဆီ နို့စိမ်း ထည့်။ မလိုင်နည်းနည်းထည့် ပြီးရင် ရပြီ။ လ္ဘက်ရည် ဆိုင်သွားထိုင်ရတာက ပိုလို ခဲချင်တာလည်း ပါ ပါတယ်ခင်ဗျာ။

နောက် ကျောင်းသားကြီးဘဝ ဦးချစ်လ္ဘက်ရည်ဆိုင်၊ စေတနာရှင်၊ ဖြိုးဝေ၊ ကိုအောင်ရင့်ဆိုင်၊ ကိုကျော့် ဆိုင်စတဲ့ လ္ဘက်ရည်ဆိုင်တွေ လိုက်ထိုင်ခဲ့တာပါပဲ။ မြို့ထဲ ရွှင်ကြည်အေး၊ နယူးရောင်စိန်၊ လေထန်ကုန်း၊ မုတ်ဆိတ် တဲ့ဗျာ။

အခုခေတ်မှာတော့ လူငယ်လူရွယ် လူမျိုးစုံ လ္ဘက်ရည်ဆိုင်ဖွင့်ကြပြီ။ တီးဟောက်စ်တဲ့၊ စားဖွယ်စုံ တဲ့။ ကဖီး တဲ့။ တကယ်လည်း စားဖွယ်စုံပါတယ်။ တရုတ်ဒင်ဆမ်းက အစ အိန္ဒိယ တိုရှည်အလယ်၊ ဗမာ နန်ကြီးအဆုံး အကုန်ရတာကိုး။ လ္ဘက်ရည်ကျတော့လည်း ပုံမှန်တဲ့၊ ပေါ့ဆိမ့်တဲ့၊ ချိုဆိမ့်တဲ့ ၊ဖန်ကျတဲ့၊ ရိုရိုး ရှယ် တိုင်ကီ ဆိုတာလည်း ရှိသေး။

၈၈ နောက်ပိုင်း ကော်ဖီမစ် တီးမစ်တွေပေါ်လာတော့ ဝေးသီခေါင်တဲ့ နေရာတွေက လ္ဘက်ရည်ကော်ဖီကြိုက် သူတွေ အဆင်ပြေသွားကြပါတယ်။ သို့သော် မရှိ သုံး ပဲဗျ။ ဆိုင်ဖျော် လ္ဘက်ရည်ကို တမ်းတကြပါတယ်။ အင်္ဂလိပ်တွေက ညနေ ၄ နာရီ နောက်ပိုင်းဆို tea time တဲ့ဗျာ။ လ္ဘက်ရည်ကျဲကျဲလေးနဲ့ ကွတ်ကီး ဘီစကွတ်လောက်နဲ့ အနားယူကြတာပေါ့။ ကျုပ်လည်း အဲ့ဒီစနစ်တော့ ကြိုက်သားဗျ။ အိမ်ဖျော်တီးလေးနဲ့ ကွပ်ကီးလေးနဲ့ စာဖတ်ရင်း သောက်သုံး နေရပေမဲ့ လမ်းဘေးလ္ဘက်ရည်ဆိုင်ကြီးတွေ လှမ်းမြင်ရရင် ရံခါ ဝင်သောက်တုန်းပါ့ ခင်ဗျာ။

(ကြွက်စုတ်ကြီး)

Leave a Comment

You cannot copy content of this page