News

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ တခြားနေအိမ်တခုသို့ ရွှေ့ပြောင်းရန် စီစဉ်

သမ္မတကြီးဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ တခြားနေအိမ်တခုသို့ ရွှေ့ပြောင်းဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ ပါတီ ဗဟိုပြန်ကြားရေးမှ ဦးကြည်တိုးက အခုလို ပြောပါတယ်..

“နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) တွင်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ်များကို နေရပ်ပြန်ခိုင်းနေပါပြီ။ ချက်ခြင်းမပြန်ကြသေးဘဲ ခေါင်းဆောင်များ၏ ညွှန်ကြားချက်များကို ဆက်လက်စောင့်စားရန် ပါတီအနေဖြင့်မှာ ကြားထားပါသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ (ပြုတ်/ဖြုတ်) ကို နေအိမ်မှ ၃ ရက်အတွင်းရွေ့ပြောင်းရန်အတွက် အမိန့်ပေးနေပြီး ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး/ဒုဝန်ကြီးအိမ်ရာဝင်း အဝင်အထွက်လမ်းများတွင် တားဆီးထားခြင်းများကို လျှော့ချပေးလိုက်သည်။

သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်မှ အခြားနေအိမ်တစ်ခုသို့ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့ကို ရွှေ့ပြောင်းရန်ပြောကြားခြင်း ယခုအချိန်ထိ မရှိသေးပါ။ လူကြီးများ ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရပါသည်။ လုံခြုံရေးတင်းကြပ်စွာ ရှိနေဆဲဖြစ်သည်”

“ဒီညနေပိုင်းမှာ ကျွန်တော်တို့ကိုဝိုင်းထားတဲ့စစ်တပ်ကတော့နောက်ဆုတ်သွားပြီရဲတွေပဲရှိတော့တယ်။ ကျွန်တော်တို့ကို ဒီနေ့ပြန်ရမယ်ဆိုပြီးတော့လည်း သူတို့အသိလာပေးထားပါတယ်။ ကျွန်တော်တို့ကတော့ အခုပါတီရဲ့လမ်းညွှန်မှုကိုစောင့်နေပါတယ်။” လို့ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းက ပြောပါတယ်။

ပါတီဘက်ကတော့ ကိုယ်စားလှယ်တွေကို ချက်ခြင်းမပြန်ကြသေးဘဲ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေကို ဆက်စောင့်ဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page