International News

မြန်မာဖက်ကနေ မှောင်ခိုပို့တဲ့ သိန်း ၅ သောင်းကျော် တန်ဖိုးရှိ ရွှေချောင်းများ အိန္ဒိယမှာ ဖမ်းမိ

အိန္ဒိယ အခွန်အကောက်ဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားမှု ဦးစီးဌာန (DRI) က မြန်မာနိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတဲ့ ရူပီး ကုဋေ ၃၀ (မြန်မာငွေ သိန်း ၅ သောင်းကျော်) တန်းဖိုးရှိတဲ့ ရွှေချောင်း ၆၆ ကီလိုဂရမ် ကျော် (ပိသာချိန် ၄၀၀၀ ‌ကျော်) ကို နိုဝင်ဘာလ ၁၉ ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေလီ ထောက်လှမ်းရေး အေဂျင်စီ ယူနစ်ဟာ သတင်းအရ ကုန်တင်ကား ၂ စင်းကို ရပ်တန့် စစ်ဆေးရာမှာ ကားရဲ့ ဆီ သိုလှောင်ကန်ထဲကနေ ရွှေချောင်း ၄၀၀ ကို တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပဏာမ စုံစမ်း စစ်ဆေးမှုတွေအရ အဆိုပါ ရွှေချောင်းတွေဟာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက တစ်ဆင့် သယ်ဆောင်လာပြီး ပန်ဂျပ်ပြည်နယ်ကို ဦးတည်နေတာလို့ သတင်းက ဆိုပါတယ်။

ဒီနှစ်ထဲမှာ အာဏာပိုင်တွေဟာ အိန္ဒိနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ ရွှေကီလိုဂရမ် ၁၇၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး ရွှေအများစုဟာ အိန္ဒိယ – မြန်မာ နယ်စပ် မြန်မာဘက်က မှောင်ခို တင်သွင်းလာတာလို့ သတင်းက ဖော်ပြပါတယ်။

မကြာသေးမီ လများအတွင်းက အိန္ဒိယနိုင်ငံမှာ ရွှေစျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာမှုဟာ နယ်စပ်ဖြတ်ကျော် ရွှေမှောင်ခို တင်သွင်းမှုကို တိုးပွားစေတယ်လို့လည်း သတင်းက ဆိုပါတယ်။

Leave a Comment

You cannot copy content of this page