International News

ကြက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ထိုင်းနိုင်ငံက သူဌေးမလေး ဂျာရာ

လူတိုင်းမှာ အဖော်ပြုစရာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်တော့ ရှိထားသင့်ပါတယ်။ ခွေးတွေ၊ ကြောင်တွေကို မွေးမြူထားတဲ့သူတွေ အများကြီးရှိသလို ငှက်လေးတွေနဲ့ ငါးလေးတွေကို မွေးမြူတဲ့သူလည်း အနည်းအကျဉ်းတော့ ရှိပါတယ်။

ကြက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် တယုတယ မွေးထားတဲ့သူကတော့ ရှားမယ်ထင်ပါတယ်။ ကြက်ကို အဖော်အဖြစ် မွေးမြူထားတဲ့သူတွေထဲမှာ ထိုင်းက စီးပွားရေးလုပ်ငန်းရှင်မလေး ဂျာရာဗီဂန်နာရီလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

ဂျာရာ မွေးထားတဲ့ ကြက်မလေးရဲ့ နာမည်က ဂျော့လို့ခေါ်ပြီး အသက် ၄ နှစ်အရွယ် ရှိပြီဖြစ်ကာ ၄ ကီလိုဂရမ်ခွဲခန့် အလေးချိန်ရှိပါတယ်။ ဂျာရာဟာ ဂျော့ကို ဘန်ကောက်က အဆောက်အအုံ တစ်ခုအနားမှာ တွေ့ရှိခဲ့တာပါ။ ဂျာရာဟာ ဒဏ်ရာရနေတဲ့ ဂျော့ကို ချက်စားဖို့ မျက်စောင်းထိုးနေတဲ့ လူတွေရဲ့ လက်ကနေ ကယ်တင်နိုင်ခဲ့ပြီး သူ့အနားမှာ အဖော်အဖြစ် မွေးမြူခဲ့ပါတယ်။

ကြက်မလေး ဂျော့ဟာ သရက်သီး၊ ပြောင်းဖူးနဲ့ ပဲမျိုးစုံကို စားသောက်လေ့ရှိပြီး ကားစီးရတာကိုလည်း နှစ်သက်ပါတယ်။ ညအခါမှာဆိုရင် ဂျာရာ့အိပ်ရာဘေးမှာ အိပ်စက်တတ်ပါတယ်။ ဂျော့ဟာ ကားတံခါးဖွင့်ခိုင်းချင်တဲ့အခါ၊ အစာတောင်းတဲ့အခါတွေမှာ ဂျာရာ့ကို နှုတ်သီးနဲ့ ဆိတ်လေ့ရှိပါတယ်။

ဂျာရာကလည်း ဂျော့ရဲ့ ခြေထောက်တွေ ထိခိုက်ပွန်းပဲ့မှာ စိုးတဲ့အတွက် ခြေအိတ်လေးတွေ စွပ်ပေးထားပါတယ်။ အပြင်သွားရင်လည်း ဂျော့ရဲ့ အပေါ့အလေးကိစ္စ အဆင်ပြေအောင် သတင်းစာနဲ့ တစ်သျှူးတွေကိုလည်း ဆောင်သွားလေ့ရှိပါတယ်။

နှစ်ပတ် တခါ ရေချိုးဆပ်ပြာနဲ့ ကျနသေချာစွာ ရေချိုးပေးသေးတာပါ။ ဂျာရာကတော့ ကြက်မလေး ဂျော့နဲ့ အတူနေရထိုင်ရတာကို ပျော်ရွှင်လျက်ရှိပါတယ်။

(Nine Thuwun)

Leave a Comment

You cannot copy content of this page