ထိုင်းရွှေ (သို့) ဘတ်ရွှေ ဆိုတာ ဘယ်လိုလဲ၊ ရွှေရည် ဘယ်လောက်ရှိသလဲ၊ ဘယ်လို ချိန်တွယ်ကြသလဲ

ထိုင်းနိုင်ငံက ထိုင်းရွှေ (သို့) ဘတ်ရွှေ ဆိုတာ ဘယ်လိုလဲ..

ထိုင်း ရွှေရည်.. ထိုင်းနိုင်ငံမှာ အများဆုံးအသုံးပြုကြတဲ့ရွှေရည်ကတော့ 965 လို့ခေါ်တဲ့ 96.5% ရွှေပါဝင်နှုန်းရှိတဲ့ ရွှေပါ။ ပြည်တွင်းမှာရှိတဲ့ လက်ဝတ်ရတနာတွေမှာရော၊ အတုံးအခဲတွေမှာပါ ဒီရွှေရည်ကို အသုံးပြုကြပါတယ်။ ထူးခြားတာကတော့ အခေါက်ကဲ့သို့ မီးလင်းပါတယ်။

ဒီလိုမီးလင်းရတဲ့အကြောင်းကတော့ ရွှေရည်စပ်တဲ့နေရာမှာ ကြေးနီနဲ့မစပ်ဘဲ ဘော်(ငွေစင်)နဲ့ စပ်ထားတာမို့ပါ။ ကျနော်တို့ ပန်းထိမ်အခေါ်အရတော့ အဖန်ရည်လို့ဆိုရမှာပါ။ မြန်မာ့ရွှေရည်နဲ့ ပြောင်းတွက်ကြည့်ရင်တော့ ၁၅ ပဲရည်ထက်သာတဲ့ (ပြန်ချွတ်လျှင် ၁၅ ပဲ ၃ ရွေးသာသာတင် နိုင်သော) ရွှေရည်ပဲ ဖြစ်ပါတယ်။ တွက်ယူကြည့်တဲ့နည်းကလည်း လွယ်ကူပါတယ်။

16 X 96.5 % = 15.44 ဖြစ်တဲ့အတွက် ၁၅ ပဲ ၃ ရွေး ၁ ခြမ်း ဖြစ်ပါတယ်။ Density တိုင်းတဲ့စက်နဲ့တိုင်း ကြည့်မယ်ဆိုရင်တော့ 18.6438 ဆိုတဲ့ Density ကိုရရှိမှာဖြစ်ပါတယ်။ (19.32 x 96.5 % = 18.6438)

ထိုင်းရွှေ ချိန်တွယ်ပုံ စနစ်.. ထိုင်းနိုင်ငံတွင်းမှာ ရွှေအလေးချိန်ကို ဘတ် (Baht) နဲ့ သုံးပါတယ်။ ထိုင်းရွှေ တစ်ဘတ် (One Baht) ဟာ 15.2 g (၁၅.၂ ဂရမ်) ရှိပါတယ်။ မြန်မာ့အလေးချိန်နဲ့ဆိုရင်တော့ ထိုင်းရွှေတစ်ဘတ်ဟာ ၁၄ ပဲ ၅ ရွေးခန့် ရှိပါတယ်။ ဂရမ်ချိန်သိရတဲ့အတွက် တွက်ယူရ လွယ်ကူပါတယ်။

ထိုင်းရွှေတစ်ဘတ်ကို မြန်မာ့အလေးချိန်နဲ့ တွက်ယူကြည့်မယ်ဆိုရင်.. 15.2 / 16.606 x 16 = 14.645 ဖြစ်တဲ့အတွက် ပဲရွေးပြောင်းဖွဲ့လိုက်ရင် ၁၄ ပဲ ၅ ရွေးသာသာရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

အထက်ပါအချက်အလက်များကို လေ့လာကြည့်ပြီးပြီဆိုရင်တော့ ရွှေရည်လည်းသိပြီ ရွှေအလေးချိန် တွက်ယူပုံပါသိပြီဖြစ်တဲ့အတွက် ပေါက်စျေးနဲ့တွက်ချက်ပြီး ဝယ်နိုင်ရောင်းနိုင်ကြမယ်လို့ထင်ပါတယ်။ (Ye Man Aung)

Leave a Reply

Your email address will not be published. Required fields are marked *