“မြန်မာပြည်မှာ ပျောက်ကွယ်သွားတဲ့ သမန်းကျား မျိုးဆက်များ” (ဒဏ္ဍာရီကနေ အမှန်ဖြစ်သွားတဲ့ ဖြစ်ရပ်)

မြန်မာနိုင်ငံတွင် ထူးခြားသည့် သတ္တဝါတစ်မျိုးရှိပါသည်။ ဒါကတော့ မြန်မာနိုင်ငံအထက်ပိုင်းက သမန်းကျားတွေပါ။

သမန်းကျားဆိုသည်မှာ လူကနေ ကျားအသွင်ပြောင်းလဲနိုင်သော မျိုးနွယ်စုကို ခေါ်ဆိုတာပါ။ ထိုလူမျိုးကို ထမန်းလူမျိုးဟုလည်း ခေါ်ဆိုကြပါတယ်။ ထမန်းလူမျိုးသည် တိဗက် မြန်မာအစုဝင် သက်အုပ်စုခွဲတွင် ပါဝင်၍ မြန်မာနိုင်ငံအထက် ချင်းတွင်းခရိုင်၏မြောက်ဘက် ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေတို့ ဆုံရာဒေသတွင် နေထိုင်ကြပါသည်။ လူဦးရေ နှစ်သောင်းခန့်ရှိ၏။

ထမန်းတို့ပြောဆိုသော စကားသည် ကချင်စကား၊ နာဂစကားတို့နှင့် အဆက်အစပ် ရှိသည်ဟု ယူဆရပါသည်။ သို့ရာတွင် ကဒူးစကားကဲ့သို့ပင် ရှမ်းနှင့်ချင်းတို့၏ အငွေ့အသက်မကင်းသည်ကို တွေ့ရပါသည်။ လူမျိုး အဆက်အနွယ်အားဖြင့် ကဒူးတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရပါသည်။

ထမန်းလူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်းခရိုင် ဟုမ္မလင်းနယ်တွင် ထမန်းသည် တစ်ရွာတည်းသာရှိပါသည်။ သို့သော် အထက်ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုးအနည်းငယ်ကို တွေ့ရပါသည်။ ထမန်းတို့သည် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ မိမိတို့ပိုင်ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေးလေ့ ရှိကြောင်းကို ယခင်အထက်ချင်းတွင်းခရိုင်ဝန်ဖြစ်ခဲ့ဘူးသူ မစ္စတာ ဂရန့်ဗရောင်းဆိုသူက ၁၉ဝ၈ ခုနှစ်၌ စာအုပ်ရေးသား ထုတ်ဝေခဲ့ဘူးပါသည်။

သမန်းကျားဆိုသည်မှာ လူက ကျားအဖြစ်ပြောင်းလဲသော မိစ္ဆာအတတ် တစ်မျိုးဖြစ်သည်ဟု ယူဆကြပါသည်။ မူလအမည်မှာ ရှမ်းစကားထမန်း ဖြစ်သည်။ ထမန်းကျားဟု ခေါ်ရာမှ ကာလရွေ့လျားလာသော် သမန်းကျား ဖြစ်လာသည်။ ချင်းတွင်းမြစ်ညာတွင် (ထမံသည်) ထမံသီရွာဟူ၍ ရှမ်းလူမျိုးများ နေထိုင်သောရွာ ယခုတိုင်ရှိသေးသည်။ အင်းတော်ကြီးအိုင်ဝန်းကျင်နှင့် ချင်းတွင်းမြစ်ညာတွင် နေထိုင်ကြသော ရှမ်းနီလူမျိုးတို့က လူမှဖြစ်သောကျားကို မော်လခေါင်ကျား ဟုခေါ်ကြသည်။

ထမန်တို့သည် ရှမ်းလူမျိုးများဖြစ်ကြပြီး တစ်ချိန်က အင်းတော်ကြီးအိုင် ဖြစ်လာမည့်နေရာတွင် စည်ခမ်း အမည်ရှိသည့်မြို့ကို တည်ထောင်နေထိုင်ခဲ့ကြသည်။ စည်ခမ်းမြို့ ရေအောက်ရောက်သွားပြီးနောက် ကျန်ခဲ့သောအဆက်အနွယ်များသည် အနောက်ဖက်သို့ ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်းမပြုဘဲ(အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု)သီးခြားနေထိုင်ခဲ့ကြသည်။

အခြားသူများက ယင်းတို့ကို ထမန်းများ ဟုခေါ်ကြသည်။ ထမန်းတို့ကလည်း မိမိတို့ပညာများကို သားစဉ်မြေဆက် သင်ကြားပေးခဲ့ပြီး ပြင်ပသို့ မပေါက်ကြားအောင်ထိန်းသိမ်းခဲ့ကြသဖြင့် ယင်းပညာတတ်ကြောင်း အခြားလူများမသိနိုင်ကြချေ။

ရှမ်းလေးမြို့ရာဇဝင်တွင် စည်ခမ်းမြို့မှ မင်းသားတစ်ယောက်သည် ကျားဖြူဘဝနှင့် တောလိုက်နေစဉ် တာပိန်မြစ်ညာရှိ တိုင်းပြည်တစ်ခုမှ ရေထဲမျှောလာသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျရာမှ မွေးဖွားလာသော ကလေးများသည် နောင်ကြီးပြင်းလာချိန်တွင် မိုးညှင်း၊ မိုးကောင်းမြို့၊ မိုးမိတ်မြို့များကို တည်ထောင်သည်ဟု ပါရှိသည်။ ထိုမင်းသားအား ကျားဖြူရှင် ဟူ၍ သိရှိကြပေသည်။

ခရီးသွားလာရာတွင် လူခန္ဓာကိုယ်ဖြင့် သွားလာသည်ထက် ကျားခန္ဓာကိုယ်ဖြင့်သွားလာသည်က များစွာသက်သာခြင်း၊ အမဲလိုက်ရာတွင် လက်နက်ကိရိယာမလိုပဲ အချိန်ကုန်၊ လူပမ်း သက်သာခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အသုံးပြုသည်။ ယခုအခါ ယင်းအယူအဆများ ကွယ်ပျောက်သလောက်ရှိနေပြီ ဖြစ်သည်။

လူသား အဖြစ်မှ ကျား အဖြစ်သို့ ပြောင်းလိုသည့်အခါ ကျားဖြစ်မည့်သူ နှင့် အတူ အဖော်တစ်ဦးလည်း လိုအပ်ပါသည်။ ထိုအဖော်နှင့်အတူ ကျားအဖြစ် ပြောင်းမည့်နေရာသို့ သွားရောက်ရသည်။ အထူးသဖြင့် လူတို့နှင့် မနီးစပ်ရာ တောထဲသို့သွားရောက်ကာ ကျားအဖြစ်ပြောင်းမည့်သူက ဝတ်ထားသည့် အဝတ်အစားများ အားလုံးကို ချွတ်ပြီး ပါလာသည့် အဖော်အား ပေးထားရပါသည်။

ထို့နောက်အဖော်ဖြစ်သူ မှ အဝတ်အစားများယူကာ လုံခြုံမှုရှိသော အန္တရာယ်ကင်းသော သစ်ပင်အမြင့်ပေါ်သို့ တက်နေရပါသည်။ ထိုသို့တက်ရခြင်းသည် လူ မှ သမန်းကျားဖြစ်သောအခါ မိမိအဖော်အား အန္တရာယ် မဖြစ်စေရန်ဖြစ်၏။ ထို့နောက် ကျားဖြစ်မည့်သူက ကျားစိတ် ကျားမာန်များ ဝင်လာရန် အစီအအမံများကို တဆင့်ချင်းပြုလုပ်ကာ နောက်ဆုံး ကျွမ်း ၃ ခေါက်ထိုးကာ ကျားအဖြစ်သို့ ရောက်ရှိသွားပြီး တောကောင်လိုက်ရန် တော အတွင်းသို့ ချီးနှင်းဝင်ရောက်တော့၏။

တောအတွင်းသို့ဝင်ရောက်လာပြီးနောက် သွက်လက်ဖျက်လတ်သော ရဲရင့်စွမ်းအားပြည့်ဝသော ကျားတစ်ကောင်ကဲ့သို့ သားကောင်များအား ဖမ်းဆီးကိုက်ဖြတ်တော့သည်။ သားကောင်များ ရရှိလာပြီးနောက် အဖော်ရှိရာသို့ပြန်လာ၏ ထိုအခါ အဖော်က ကျားဘဝ မှ လူသားအဖြစ်သို့ ပြန်ဖြစ်လာရန် သူ၏ အဝတ်အစားများအား ပြသ ပေးရပါသည်။ အဝတ်အစားကို မြင်မှ တဖြည်းဖြည်း သတိရလာပြီး လူစိတ်ပြန်ဝင်ကာ လူသားဘဝ ပြန်ဖြစ်လာလေသည်။

ထိုအခါ မှ အဖော်ဖြစ်သူက အဝတ်အစားများ ပေးပြီး သားကောင်များ ယူဆောင်ကာ ရွာအတွင်းသို့ အတူဝင်ကြလေ၏။

သမန်းကျားအတတ်ပညာမှာမှာ အဓိက (၃) မျိုးရှိပါသည်။ (၁) မွေးကတည်းက ထူးခြားစွာပါလာသော သမန်းကျားအတတ် (၂) မျိုးရိုးစဉ်ဆက် တတ်ကျွမ်းခဲ့သော သမန်းကျားအတတ် (၃) ဆေးဝါးမန္တာန်တို့ဖြင့်သင်ယူထားသောသမန်းကျားအတတ် တို့ဖြစ်ပါသည်။

သမန်းကျားအမျိုးအစားသုံးမျိုးရှိပါတယ်.. (၁) လူစင်စစ်ကနေ တကယ့်ကျားအဖြစ်ကူးပြောင်းသွားသောအမျိုးအစား (များသောအားဖြင့် ၁၂ နာရီခန့်…ကျားဘဝရောက်သွားပါတယ်) (၂) လူစင်စင်ကနေ တကယ့်ကျားအဖြစ် ကူးပြောင်းမသွားဘဲ ကျားကဲ့သို့ တိရစ္ဆာန်စိတ်ဝင်လာသောအမျိုးအစား (၂၄ နာရီခန့်တိရစ္ဆာန်စိတ်ဝင်နေတတ်ပါတယ်)

(၃) လူဖြစ်လိုက် တကယ့်ကျားဖြစ်လိုက်နှင့်.. တလှည့်စီကူးပြောင်းနေသောအမျိုးအစား (ဆိုလိုတာက.. လူနေအိမ်တွေနားရောက်ရင် သာမာန်လူဖြစ်သွားပြီ တောတွင်းထဲရောက်သွားရင် တကယ့်ကျားဖြစ်သွားတာမျိုး အဲဒီအမျိုးအစားကတော့အချိန်အကြာဆုံးကူးပြောင်းနိုင်ပါတယ်)

သမန်းကျားတွေမှာ လူစင်စစ်ကနေကျားအဖြစ်ကူးပြောင်းမယ့်အမျိုးအစားတွေက အချိန်အားဖြင့်လပြည့်ညနဲ့လကွယ်ညတွေမှာကူးပြောင်းကြပါသည်။ လူစိတ်ကနေကျားတိရစ္ဆာန်စိတ်ဝင်တတ်တဲ့အမျိုးအစားကတော့ အချိန် လပြည့်နေ့ လပြည့်ကျော်တစ်ရက် လကွယ်နေ့တွေမှာ လူစိတ်ပျောက်ပြီ ကျားတိရစ္ဆာန်စိတ်ဝင်တတ်ပါသည်။

ကူးပြောင်းပုံကတော့ လူသူမရှိတဲ့ကွင်းပြင်လိုနေရာမျိုးမှာ လူ့စိတ်ကနေတိရစ္ဆာန်စိတ်ဝင်စေသတည်းလို့အာရုံပြုလိုက်တာနဲ့ စိတ်ပြောင်းသွားပြီး တကယ့်ကျားတစ်ကောင်လိုပဲ သွားလာလှုပ်ရှားပါတော့ပါသည်။ အသံကအစ လူလိုမပြောတတ်တော့ဘဲ ကျားလိုဟိန်းဟောက်တာမျိုးဖြစ်လာပါသည်။

လူဖြစ်လိုက်ကျားဖြစ်လိုက် အမျိုးအစားကတော့ကြိုက်တဲ့နေရာ ကြိုက်တဲ့ဒေသမှာ လူကနေကျားအဖြစ်ကူးပြောင်းနိုင်သလို ကျားအဖြစ်ကနေ ချက်ချင်းလူအဖြစ် ကူးပြောင်းနိုင်ပါသည်။ အမှတ်(၁)အမျိုးအစားနဲ့ အမှတ်(၂)အမျိုးအစားကတော့ သူတို့ကူးပြောင်းရမယ့်အချိန်မကုန်သရွေ့လူ့ဘဝ လူ့စိတ်ပြန်မရောက်နိုင်ပါဘူး..။

သမန်းကျားတွေမှာ လူကနေကျားစင်စစ်ဖြစ်သွားရင်သော်လည်းကောင်း…။ လူကနေ ကျားစိတ်ပေါက်သွားရင်သော်လည်းကောင်း…။ လူတွေကိုဘယ်တော့မှ အန္တာရယ်မပြုပါဘူး…။ သူတို့ဘာသာ စိတ်ကြိုက် ကျားဘဝနဲ့ ကျားစိတ်နဲ့ခုန်လိုက်ပေါက်လိုက် ဟိန်းလိုက်ဟောက်လိုက် နေကြပါသည်။ တခါတလေတော့ ကျားရဲသဘာဝ အမဲလိုက်ကြပါသည်။ တောထဲကယုန်လေးတွေ..။ ဆိတ်ကလေးတွေ ကိုက်ချီလာမျိုးရှိပေမယ့်လူတွေကို အန္တရာယ်မပေးတတ်ပါဘူး..။

အမှတ်(၃)အမျိုးအစားကတော့ လူကိုဒုက္ခမပေးပါဘူး။ အဲဒီအမျိုးအစားက အရမ်းရှားပါးလို့ပါ။ အရင်တုန်းကတော့ပဲခူးရိုးမ ၊ ရှမ်းရိုးမတောင်ခြေတစ်ဝိုက်မှာ သမန်းကျားမျိုးနွယ်ဝင်တွေဟာ ကိုယ့်ရွာကိုယ်တည်ပြီးနေကြပါသည်။ အခုခေတ်အခါမှာတော့ အဲဒီအမျိုးအနွယ်တွေဟာ လူတွေနဲ့ရောနှောနေထိုင်နေကြပါသည်။

သမန်းကျားပညာသည်တွေဟာ သာမာန်လူတွေလိုပါပဲ။ ပုံသဏ္ဍာန်ထူးခြားမှု ခန္ဓာကိုယ်တည်ဆောက်ပုံထူးခြားမှု လုံးဝမရှိပါဘူး။ သမန်းကျားအချင်းချင်းတော့သိကြပါသည်။ သမန်းကျားပညာရှင်အချင်းချင်းတွေ့ရင် နှစ်ယောက်စလုံးက အမှတ်တမဲ့ကိုယ့်ခြေတစ်ဖက်ကိုနောက်ကိုဆုတ်လိုက်ကြပါသည်။

(လင်းညို့တာရာ) ကိုးကား မှီငြမ်း ။ ။ ၁။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်မှ ထုတ်ဝေသော သိင်္ဂါနဒီ မြန်ပြည်မြောက်ဖျားသို့ စာအုပ် ၂။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅) ၃။ ကိုယ်ပိုင်လေ့လာချက်များ

Leave a Reply

Your email address will not be published. Required fields are marked *