International News

ကေပေါ့နဲ့ ဒုံးကျည်ရောင်းရင်း ရေနံသူဌေးတွေနဲ့ပါ လက်တွဲထားတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ အခုအပတ်ထဲ အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးထွက်ခဲ့ပြီး အားကောင်းတဲ့ စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲတွေနဲ့ တောက်ပြောင်တဲ့ ကေပေါ့ပ်ယဉ်ကျေးမှုတွေကို ပေါင်းစပ်လို့ ကျယ်ပြန့်တဲ့ ပို့ကုန်အများအပြား တင်ပို့နိုင်မှု ပေါ်လွင်စေခဲ့ပါတယ်။ ဒီနိုင်ငံတွေရဲ့ ဖျော်ဖြေရေး၊ စွမ်းအင်နဲ့ လက်နက်တွေရဲ့ နယ်ပယ်တွေမှာ တောင်ကိုရီးယားပါဝင်မှု ကြီးထွားလာမှုနဲ့ ဒေသတွင်းဦးစားပေးမှုကိုလည်း သရုပ်ပြခဲ့တာပါ။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ သမ္မတမွန်း ပထမဆုံးရပ်နားခဲ့ပြီး တောင်ကိုရီးယားလုပ် တာလတ်ပစ် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ ရောင်းချဖို့ ဒေါ်လာ ၃.၅ ဘီလျံ တန်ဖိုးရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ Hanwha Defense နဲ့ LIGNex1 တို့လို ကုမ္ပဏီတွေ ပါဝင်မယ့် ဒီသဘောတူညီချက်ဟာ ရေရှည်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆီ ဦးတည်ဖို့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ တောင်ကိုရီးယားလက်နက်ဝယ်ယူရေးအေဂျင်စီက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတမွန်းဟာ PSY အပါအဝင် K-pop ဖျော်ဖြေသူတွေ ပါဝင်တဲ့ ဖျော်ဖြေပွဲတစ်ခုကိုလည်း တက်ရောက်အားပေးရင်း တောင်ကိုရီးယားရဲ့ ပေါ့ပ်ယဉ်ကျေးမှုနဲ့ နူးညံ့တဲ့စွမ်းပကား ခင်းကျင်းမှုကို ဂုဏ်ပြုခဲ့ပါသေးတယ်။

ယူအေအီးပြီးတော့ ဆော်ဒီအာရေဘီးယားနဲ့ အီဂျစ်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ခေတ်မီစစ်ရေးနည်းပညာအပါအဝင် သူထုတ်ကုန်တွေအတွက် ဦးတည်ရာနေရာတစ်ခုအဖြစ် အရှေ့အလယ်ပိုင်းကို စိတ်ဝင်စားမှု တိုးလာနေပါတယ်။ လက်ရှှိမှာ တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ နဝမမြောက် လက်နက်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး တင်ပို့မှုပမာဏဟာ အရင်ငါးနှစ်တာကာလထက် ၂၀၁၆-၂၀ မှာ ၂၁၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

မွန်းရဲ့ သမ္မတငါးနှစ်သက်တမ်းဟာ မေလမှာ ကုန်ဆုံးမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တောင်ကိုရီးယားလူလတ်တန်းစားတွေရဲ့ ကံကြမ္မာကို သိသိသာသာ တိုးတက်မှုမပြုလုပ်နိုင်ဘဲ ရာထူးက ထွက်ခွာရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

ဟနွိုင်းမှာ လုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုလည်း ရပ်တန့်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း မြောက်ကိုရီးယားဟာ လက်နက်စီမံကိန်း ဆက်လက်တိုးတက်မှုကို ဖော်ပြတဲ့ ဒုံးကျည်စမ်းသပ်မှု လေးကြိမ် ပြုလုပ်ခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်တွေပြန်လုပ်ဖို့ ဆိုးလ်ဘက်က အကြိမ်ကြိမ် တောင်းဆိုမှုတွေကို ပြုံယမ်းက ငြင်းဆန်ခဲ့ပါတယ်။

စီးပွားရေးမျက်နှာစာမှာ တောင်ကိုရီးယားဟာ ကိုဗစ်ကာလအတွင်း စီးပွားရေးကျဆင်းမှုကို တားဆီးဖို့ များပြားတဲ့ဘဏ္ဍာရေးအသုံးစရိတ် ချမှတ်ခဲ့ပေမယ့် အိမ်ရာဈေးနှုန်းတွေ အရှိန်နဲ့ မြင့်တက်လာတာမို့ အများပြည်သူ စိတ်ပျက်စရာဖြစ်လာပါတယ်။ အာရှမှာ စတုတ္ထအကြီးဆုံး ပို့ကုန်အားကိုးအားထားပြုတဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့ အစီအမံတွေကို ကျန်တဲ့သမ္မတသက်တမ်းအတွင်း ပြင်းပြင်းထန်ထန် မက်လုံးပေးလုပ်ဖို့ မွန်းအပေါ်မှာ ဖိအားဖြစ်နေပါတယ်။

တောင်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ၁၉၇၀ ခုနှစ်တွေက တောင်ကိုရီးယားကုမ္ပဏီတွေနဲ့ အလုပ်သမားတွေဟာ ဒေသအနှံ့ ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ရေနံမထွက်တဲ့ တောင်ကိုးရီးယားဟာ စွမ်းအင်လိုအပ်ချက်နဲ့ကိုက်ညီဖို့ လိုအပ်တဲ့ ရေနံအများအပြားကို ဝယ်ယူဖို့နဲ့ နိုင်ငံရဲ့ကြီးမားလှတဲ့ ရေနံချက်လုပ်ငန်းကို ထောက်ပံ့ပေးဖို့ အရှေ့အလယ်ပိုင်းမိတ်ဖက်တွေအပေါ် ကာလရှည်ကြာ မှီခိုအားထားနေခဲ့ရပါတယ်။

တောင်ကိုရီးယားရဲ့ ပထမဆုံးနိုင်ငံရပ်ခြား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရတဲ့ ယူအေအီးကို ၂၀၁၈ ခုနှစ်ကလည်း မွန်း သွားလည်ခဲ့ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ တောင်ကိုးရီးယားတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ယူအေအီးမှာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလုပ်ခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားလို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေမှာ အကူအညီတွေ ပေးအပ်ခြင်းနဲ့ မတည်မငြိမ်ဖြစ်လေ့ရှိတဲ့ဒေသမှာ တောင်ကိုရီးယားဟာ မိတ်ဖက်များ တည်ဆောက်ထားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့တေးဂီတနဲ့ ရုပ်ရှင်ထွက်ရှိမှုအပေါ် အရင်းအနှီးလုပ်ဖို့နဲ့ နည်းပညာဆိုင်ရာ ပို့ကုန်တွေရဲ့ ခေတ်မီဆန်းသစ်မှုကို စီးပွားရေးတိုးတက်မှု အရင်းအမြစ်တွေအဖြစ် အသုံးချဖို့ နိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီကြီးနှစ်ရပ်က သဘောတူညီထားတာကြောင့် မွန်းဂျေအင်းသမ္မတသက်တမ်းကုန်ရင်လည်း အရှေ့အလယ်ပိုင်းနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဖွယ်ရှိနေပါတယ်။

Min Myat San (ရည်ညွှန်း အယ်လ်ဂျားဇီးယား)

Leave a Comment

You cannot copy content of this page