Knowledge

သံပရာသီးကို ရေနွေးစိမ်ပြီး မသောက်သင့်ပါဘူး၊ ဓါတ်သဘောအရ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်

သံပရာသီးကို ရေနွေးစိမ်ပြီး မသောက်သင့်ပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်..

ဆရာ ဦးကျော်မြင့် (တိုင်းရင်းဆေး)

“ဗုဒ္ဓစကား မူရင်းထားလျက်၊ ခေတ်စားသိပ္ပံ သွင်းစပ်ကြံ၍၊ ဆက်ဆံနိုင်မျှ သဘာဝ၌၊ ညီမျှခြင်းရှာ ပြဆိုပါသော၊ ဆေးစားနယ သစ်လွင်လှမို့၊ ကာလ ယနေ့ သည်တစ်ကွေ့ဝယ်၊ ဒါဟေ့ဗမာ(မြန်မာ) ကြွေး ကြော်ငြာသည်၊ ကမ္ဘာဦးစား မပေးတည်း”

ဆရာကြီးဦးအောင်ဒင်ပြုစုဖော်ထုတ် ရေးသား ခဲ့သော ဗုဒ္ဓနည်းကျ သြဠာရိကသုခုမ ဓာတ်ကျမ်း လင်္ကာ ပိုဒ်ရေ (၁ဝ) ၏ အဆုံးသတ်အပိုင်းကို အလွန် တရာပင် နှစ်ခြိုက်သဘောကျခဲ့မိသည်။

မိမိတို့ ကြီးပြင်းရှင်သန်နေရသောခေတ်တွင် သိပ္ပံပညာခေတ်စားရုံမျှမက အရှိန်အဟုန် ပြင်းစွာ ဖြင့် တိုးတက်မြင့်မားလာနေသည်ကို တွေ့ရှိရသည်။ အဟောင်းအဟောင်းသော အယူအဆအချို့၏ အား နည်းချက်၊ ချို့ယွင်းချက်များကို ပြုပြင်နိုင်မှု၊ အသစ် အသစ်များ ရှာဖွေတွေ့ရှိမှုတို့ဖြင့် လေ့လာသင်ယူ၍ မကုန်နိုင်မဆုံးနိုင် ဖြစ်နေကြရသည်။

လောကီအမှန်တရားတို့ကား ခေတ်ကာလ၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မပြည့်ဝပါ။ ရှင်တော်ဗုဒ္ဓ ဟောညွှန်ပြသော လောကုတ္တရာအမှန်တရားတို့ကား အကာလိကဂုဏ်တော်နှင့်အညီ အချိန်ကာလ ၏တိုက် စားမှုဒဏ်ကို ခံနိုင်ရည်ပြည့်ဝပါသည်။ သို့အတွက် ဗုဒ္ဓစကားကို မူရင်းထားလျက် သိပ္ပံပညာ၏ အဆိုအမိန့် များနှင့် ပေါင်းစပ်ညှိနှိုင်းသုံးသပ်သည့် အလေ့အကျင့် ပြုလုပ်ခဲ့သည်။

ဒေသနာနယ ဆေးပညာအရ သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး စသည်တို့သည် စူးရှသော အချဉ်အရသာရှိသဖြင့် တေဇောဓာတ်ဦးဆောင်သော အစာမားဖြစ်ကြသည့် အခွံပါးခြင်း၊ အခွံထူခြင်း၊ အခိုး နည်းခြင်း၊ အခိုးများခြင်း စသည်တို့ကွာခြားနေမှု ကြောင့် ရေလဲဆေးပညာအရ အသုံးကွာခြားသော် လည်း တေဇောဓာတ် အားကောင်းမှုတွင်ကား တူညီ နေကြသည်။

“ပူသန်ကြီးမြင့် ရင့်ခြင်းကစ အာဟာရကို ကြေမွစေမှု တေဇောပြု၏” နရသုခိ ကျမ်းပြုဆရာကြီး အဝဝန်စာရေး ဦးကောင်းက တေဇောဓာတ်ဆောင်ရွက်သော ကိစ္စ များကို လင်္ကာစပ်ဆိုထားခဲ့ခြင်းဖြစ်သည်။

အပူ (တေဇော) ဓာတ် အားကောင်းသော အာဟာရတို့သည် ရုပ်ခန္ဓာကို သန်မာထွားကျိုင်းစေ ခြင်း၊ ကြီးမားမြင့်မားစေခြင်းဖြစ်အောင် ဆောင်ရွက် နိုင်သကဲ့သို့ ရင့်ရော်အိုမင်းပျက်စီးခြင်းကိုလည်း ဖြစ် စေနိုင်ပါသည်။

အစာချက်မီး(ပါစကတေဇော) ပုံမှန်မျှခြေတွင် ရှိပါက စားမြိုအပ်သော အစားအသောက်များကို ကြေ ကျက်အောင် ခြေချက်နိုင်စွမ်းရှိပြီး ရသရည်အဖြစ်ဖြင့် လူ့ခန္ဓာကိုယ်ကို ဆက်လက်ရှင်သန်အောင် ထောက်ပံ့ မည်ဖြစ်၏။ အသက်၏ အရံအတားကိုဖြစ်စေပြီး အနာရောဂါကို ဆန့်ကျင်ဘက် ပြုသောကြောင့် အာဟာရ၏ဂုဏ်သတ္တိနှင့် ညီညွတ်ပေမည်။

အကယ်၍ လွန်ကဲသော အစာချက်မီး (ဉာဟတေ ဇော) ဖြစ်နေပါမူ အစားအသောက်များကို ခြေချက်ရာ၌ အကြေအကျက်လွန်ပြီး ချိုးတူးကာ အဆိပ်သင့် ရသ ရည်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ အာဟာရ၏ ဂုဏ်သတ္တိများ ပျက်ပြယ်သွားပြီး ရှင်သန်မှုကို လျော့ ကျစေကာ အသက်တိုခြင်း၊ အနာရောဂါတိုးပွားစေ ခြင်းတို့ကြောင့် အဆိပ်အတောက်သဘောဆောင်သွား တတ်ပါသည်။

ခန္ဓာကိုယ်တွင်း တေဇောဓာတ်ခံမျှခြေရှိနေသူ အတွက် ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ဖြစ်နိုင် သော်လည်း တေဇောဓာတ်ခံမျှခြေ ပျက်ပြားနေသူ (ယုတ်လွန်းသော အစာချက်မီး သန္တပ္ပနတေဇော သို့ မဟုတ် လွန်ကဲသော အစာချက်မီး ဍဟတေဇောရှိနေ သူ)အတွက် ”မသင့်သောအစာသည် အနီးဆုံးဘေး၊ အနီးဆုံးဘေးသည် မသင့်သောအစာ”ဖြစ်ပေလိမ့် မည်။

ရေနွေးသည် အာပေါဓာတ် ဦးဆောင်သော ရေ ကို အပူပေးပြီး တေဇောဓာတ်ဦးဆောင်သည့် အခြေ အနေသို့ ရှောက်ရှိနေချိန်ဖြစ်ပါသည်။ သို့အတွက် သံပရာသီး စသည့် အချဉ်ဓာတ်စူးရှသော အသီးများ ကို ရေနွေးတွင်စိမ်၍ သောက်သုံးပါက ခန္ဓာကိုယ်တွင်း သို့ တေဇောဓာတ်များ ဖြည့်ဆည်းရာရောက်ပါသည်။

သိပ္ပံပညာအရ အချဉ်စူးရှသောအသီးများတွင်-
– Citric acid
– Phosphoric acid
– Malic acid
– Ascorbic acid (Vitamin C) စသည်တို့ အများစု ပါဝင်ကြသည်။

သက်စောင့်ဓာတ် Vitamin C ပါဝင်မှုများသဖြင့် လူ့ခန္ဓာကိုယ်အတွက် သုံးဆောင်သင့်သော အစာ အာဟာရတစ်မျိုးဖြစ်သည်။ အဆီကို လောင်ကျွမ်း ခြေ ဖျက်နိုင်သလို ကျောက်များကိုည်း ကြေမွစေပါသည်။ ထို့ထက်ပို၍ အရိုးများကိုပင် ပွယောင်းပျော့ပြောင်းစေ နိုင်ပါသည်။ ငါးသလောက်ပေါင်းရာတွင် သံပရာရည် ထည့်ပေါင်းပါက အရိုးနူးလွယ်သကဲ့သို့ပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် မြောက်လတ္တီတွဒ် ၁ဝ ဒီဂရီ မှ ၂၇ ဒီဂရီဝန်းကျင်အတွင်း တည်ရှိသဖြင့် မြို့ရွာ အများစုမှာ အပူပိုင်းဇုန်အတွင်း တည်ရှိနေပါသည်။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော လူအများစု ၏ ရုပ်ခန္ဓာကို စိစစ်ကြည့်ပါက ရုပ်ကို ဖောက်ပြန် ပြောင်းလဲစေသော ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါးစလုံး ကံပူ၊ စိတ်ပူ၊ ဥတုပူ၊ အာဟာရပူများနှင့် ထိစပ်နေကြောင်း တွေ့ရှိရသည်။ ကံ ပူပြင်းသောနေရောင်ခြည်အောက်တွင် သွားလာ နေထိုင် လုပ်ကိုင်ရခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း စသည်တို့သည် ကံပူများ ဖြစ်ကြသည်။

စိတ် စိုးရိမ်ပူပန်ခြင်း၊ သောက ပရိဒေဝ များခြင်း၊ ဒေါသထွက်ခြင်းတို့ သည် စိတ်ပူများဖြစ်ကြသည်။ ဥတု အပူချိန်မြင့်မားသော လေထုနှင့် ပတ်ဝန်းကျင်အတွင်း နေထိုင်ခြင်း သည် ဥတုပူများဖြစ်ကြသည်။ အာဟာရ စူးရှသော အလင်းရောင်များ ကြည့်ရှုခြင်း၊ ဆူညံသောအသံများ နားထောင်ခြင်း၊ အပူညှော်များ နမ်းရှူခြင်း၊ ပူစပ်သောအရသာ များ စားသုံးခြင်း၊ ဓာတုပစ္စည်း များဖြင့် ပြုလုပ်ထားသော အသုံး အဆောင်များနှင့် တွေ့ထိလိမ်းကျံ ခြင်း၊ ပူဆွေးစေသောအတွေးများ တွေးခြင်းတို့သည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့အတွက် အာဟာရပူများ ဖြစ်ကြသည်။

ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ စသည့် အအေးဓာတ် လွန်ကဲသော နေရာဒေသများတွင် ဥတုအအေးလွှမ်း မိုးမှုကြောင့် မှီတင်းနေထိုင်ကြသူများအနေဖြင့် သံပရာ သီးကို ရေနွေး၌ စိမ်သောက်ခြင်း၊ ရေနွေးချိုးခြင်း၊ အပူအစပ်စားခြင်း၊ အရက်ဆေးဝါးသောက်သုံးခြင်းတို့ သည် လွန်ကဲမှုမရှိပါက ပုံမှန်အစာချက်မီး ပါစက တေဇောဓာတ် မျှခြေမပျက်ပြားသောကြောင့် ကျန်းမာ ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် အေးသောအရပ်ဒေသ များတွင် နေထိုင်ကြသူများအတွက်လည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။

ပူသောအရပ်ဒေသ၊ ပူပြင်းသောရာသီဥတု အတွင်း နေထိုင်ကြသူများ သံပရာသီးကို ရေနွေးစိမ် ၍ သောက်ခြင်း၊ ရေအေးအစား ရေနွေးသောက်သုံး ခြင်း၊ ကံပူ၊ စိတ်ပူ၊ ဥတုပူ၊ အာဟာရပူများ မှီဝဲခြင်း ပြုလျှင်ကား ပုံမှန်အစာချက်မီး မျှခြေပျက်ပြားသွားမည် ဖြစ်သည်။ လွန်ကဲသော အစာချက်မီး ဍဟတေဇော ဓာတ်ကြောင့် အပူလွန်နာ၊ အပူလွန်ရောဂါများ မုချ တိုးပွားဖြစ်ပေါ်လာပါလိမ့်မည်။

အဆီဓာတ်များကို လောင်ကျွမ်းဖျက်ဆီးရာမှ ထွက်ပေါ်လာသော အပူစွမ်းအင်ကြောင့် အဖုအကျိတ် များဖြစ်ပေါ်လာခြင်း၊ သွေးဖြူဥပိုများလာခြင်း၊ Cancer Cell များ တိုးပွားလာခြင်း၊ အရိုးများ ကြွပ်ဆတ်လာ ခြင်း၊ ကိုယ်တွင်းကလီစာများ လျင်မြန်စွာ ရင့်ရော် ပျက်စီးခြင်းတို့ ဘေးထွက်ဆိုးကျိုးအနေဖြင့်ဖြစ် ပေါ်လာနိုင်ပါကြောင်း စေတနာကောင်းဖြင့် အသိပေး ရေးသားလိုက်ရပါသည်။

Leave a Comment

You cannot copy content of this page