Reading

ကချင် ဆပ်စတိတ် ပေါ်ပေါက်စေသူ ခွန်ဆန်တွန်ဟုန်း (သို့) သူပုန်ကနေ စော်ဘွားဖြစ်ခဲ့သူ

“ကချင် ဆပ်စတိတ် ပေါ်ပေါက်စေသူ ခွန်ဆန်တွန်ဟုန်း သို့မဟုတ် သူပုန်ကနေ စော်ဘွားဖြစ်ခဲ့သူ”

တနေ့က တပ်ချုပ်မင်းအောင်လှိုင် သိန္ဒီစော်ဘွားရဲ့ ဟော်နန်း ပြန်တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား သွားတက်တဲ့ သတင်းကို တွေ့လိုက်ရတယ်။ သိန္နီမြို့နယ်ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန္နီဟော်နန်း ပြန်လည် တည်ဆောက်ရေးအတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းက အဆိုပါ ဟော်နန်း ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပရာမှာ တပ်ချုပ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

စော်ဘွား ခွန်ဆန်တွန်ဟုန်း ဆိုတဲ့ နာမည်ပါလာတာကြောင့် ရတနာပုံနေပြည်တော်ခေတ်မတိုင်ခင် အမရပူရက စော်ဘွားခန့်အပ်ရေးအဆင်မပြေဖြစ်ပြီး ဘုရင့် အာဏာစက် အစောဆုံး လက်လွတ်ရတဲ့ ရှမ်းပြည်ထဲက ဒေသဖြစ်တဲ့ သိန္နီဒေသသမိုင်းအကြောင်း ပြေးမြင်မိတယ်။

ဘုရင့်နောင် သိမ်းလိုက်လို့ မောရှမ်း ဘုရင့်နို်င်ငံ ပျက်သုဉ်းသွားရတဲ့ ကာလနောက်ပိုင်းမှာ သိန်းနီ ဟာရှမ်းပဒေသရာဇ် နယ်တွေထဲမှာ အကြီးဆုံးနဲ့ သြဇာ အရှိဆုံးနယ်တနယ်ဖြစ်တယ်။ (က) ထိုင်းဘုရင် နရေဆွန် ၊ တောင်ငူမင်း နဲ့ သိန္နီခမ်းကိုင်နွဲ့တို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း ဗမာသမိုင်းမှာ သိန္နီ ခမ်းကိုင်နွဲ့ ( ၁၅၄၅-၁၆၀၅) အကြောင်းရေးထားတာ သိပ်မတွေ့မိပေမယ့် ထိုင်း နဲ့ ရှမ်းသမိုင်းမှာ အတော်လေး ရေးထားတာတွေ့ရတယ်။ ဗမာတွေ သိတဲ့ ထိုင်းဘုရင် ဗြနရာဇ် ( ခေါ် ) နရေဆွန် နဲ့ အထူးဆက်နွယ်သူလို့ ဆိုရမယ်။

ဘုရင့်နောင်က စစ်နိုင်တော့ ဓါးစာခံအဖြစ် အနိုင်ရတဲ့ ဒေသတွေက အကြီးအကဲ ၊ ဘုရင်တွေရဲ့ သားသမီးတွေကို နေပြည်တော်ကို ခေါ်သွားပြီး ကျွေးမွေး သွန်သင်ထားလ့ရှိတဲ့။ ဒီလိုနဲ့ သိန္နီဒေသက ခမ်းကိုင်နွဲ့ နဲ့ အယုဒ္ဓယသား နရေဆွန်တို့ဟာ ဟံသာဝတီ ပဲခူးနေပြည်တော်များ အတူတူ လာရောက်နေထိုင်ခဲ့ရပြီး ခင်မင်ရင်းနှီးခဲ့ကြတယ်။

ဘုရင့်နောင် နတ်ရွာစံတော့ နရေဆွန်ဟာ အမိမြေကို အင်ပါယာ အဖြစ် ထူထောင်ဖို့ ဆန္ဒရှိသူပီပီ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှမ်းတွေကလည်း ထောက်ခံတယ်။ ခမ်းကိုင်နွဲ့ ရဲ့ အကူအညီနဲ့ လက်ရှိ ရှမ်းပြည်တဝှမ်းလုံးနဲ့ လက်ရှိထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတွေကို ပြန်လည်သိမ်းယူကြတယ်။ ခမ်းကိုင်နွဲ့ကိုယ်တိုင်ကလည်း သိန္နီကို ပြန်လည်ရယူနိုင်ခဲ့တယ်။ ( ဒီအကြောင်းကို နရေဆွန် အကြောင်းရိုက်ကူးထားတဲ့ King Naruseum ရုပ်ရှင်မှာလည်း အထူးအလေးပေး ဖော်ပြထားတာတွေ့ရတယ်။ )

ဘုရင့်နောင်ရဲ့ သားတော် နန္ဒဘုရင်လက်ထက်မှာ ဗမာတပ်တွေအနေနဲ့ ယိုးဒယားကို အကြိမ်ကြိမ် စစ်ချီပေမယ့် မအောင်မြင်ခဲ့သလို အင်အားဖြုန်းတီးရာရောက်ခဲ့ပြီး၊ ရခိုင် ၊ မွန် နဲ့ ရှမ်း တပ်တွေကပါ နန္ဒဘုရင်ကို ၀ိုင်းတိုက်လို့ ဘုရင့်နောင်တည်ထောင်ထားရတဲ့ နေပြည်တော်ကြီးပျက်စီးခဲ့ရတယ်။

ခမ်းကိုင်နွဲ့ကိုယ်တိုင်ကတော့ အယုဒ္ဓယ ဘုရင်နဲ့ မဟာမိတ်ဖြစ်မှု အကြောင်းပြုပြီး ပဏ္ဏာဆက်ဘုရင့်နိုင်ငံအဖြစ် တည်ထောင်ဖို့လုပ်တယ်။ အဲဒီအခါမှာ ကြုံတာကတော့ ဗမာရဲ့ အင်းဝဘုရင် ညောင်ရမ်း မင်းတရားကကော ၊ တရုတ်ပြည်ကပါ အခွန်ပဏ္ဏာ ဆက်သဖို့ တောင်းခံလာတာဖြစ်တယ်။ အဲတုန်းက ထုံးစံကတော့ ပဏ္ဏာ ဆက်သခံရတဲ့နိုင်ငံက ပဏ္ဏာဆက်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရတဲ့ တာဝန်ရှိတယ်။ အရင်က ပဏ္ဏာဆက်ဖူးပြီးအခုမဆက်တော့ရင်လည်း အာခံတဲ့နိုင်ငံကို အရေးယူတိုက်ခိုက်လေ့ရှိတယ်။ ခမ်းကိုင်နွဲ့ဟာ သူထီးနန်းပြန်ရတာဟာ နရေဆွန် ကြောင့်ပဲ ဖြစ်တယ်ဆိုပြီး အယုဒ္ဓယ ဘုရင် နရေဆွန်ကိုပဲ ပဏ္ဏာဆက်နိုင်မယ်လို့ တင်းခံတယ်။

အဲတော့ သိန္နီနယ်ဟာ တရုတ်နဲ့ ဗမာဘုရင်တွေရဲ့ နှစ်ဘက် ညှပ်တိုက်မှုကိုခံရတယ်။ သိန္နီနယ်ဟာ သီပေါနယ်၊ လက်ရှိ သိန္နီ ဒေသတင်မက ယနေ့ခေတ် တရုတ်ပြည်ထဲ ရှိနေတဲ့ ရှမ်းစော်ဘွားနယ် အတော်များများအထိ ကျယ်ပြန့်တဲ့ နယ်ဖြစ်တယ်။

နရေဆွန်လည်း သိန္နီကို စစ်ကူဖို့ သူကိုယ်တိုင် ရှမ်းပြည်ကို စစ်သည်ဗိုလ်ပါတွေနဲ့ လာခဲ့ပေမယ့် ယနေ့ ခေတ်မိုင်းတုံ မြို့နယ်ကို အရောက်မှာ ဖျားနာပြီး နတ်ရွာစံသွားတယ်။ အယုဒ္ဓယ တပ်တွေ ရဲ့ အကူအညီလည်း မရတော့ ခမ်းကိုင်နွဲ့ရဲ့ ရှမး်တပ်တွေလည်း စစ်ရှုံးပြီး ခမ်းကိုင်နွဲ့လည်း ထီးနန်းပါ စွန့်ခဲ့ရတယ်။

သင်ခန်းစာအနေနဲ့ကတော့ တရုတ်နဲ့ အဆင်ပြေတဲ့ ရှမ်းညီနောင် ၃ ပါး နဲ့ ဆေခန်ဖှ တို့ဟာ ဗမာဘုရင်တွေအဖြစ် ကာလအတန်ကြာ စိုးစံကာ နိုင်ငံ့အရေးအရာ ဆုံးဖြတ်နိုင်ခဲ့ကာ တရုတ်နဲ့ အဆင်မပြေတဲ့ ဆေချီဖှ ၊ ဆေငမ်ဖှ နဲ့ ခမ်းကိုင်နွဲ့တို့ဟာ ရှိရင်းစွဲ ပိုင်နက်နဲ့ အခွင့်အာဏာတွေကိုတောင်မှ ဆုံးရှုံးရတယ်လို့ အာဂျန် ခွန်းဆိုင် က သူ့စာအုပ်မှာ ထောက်ပြဖူးတယ်။

(ခ) အင်္ဂလိပ်မဝင်ခင်ကာလက ဗမာဘုရင် လက်လွတ်ရတဲ့ သိန္နီ နဲ့ ခွန်ဆန်တွန်ဟုန်း

ခမ်းကိုင်နွဲ့ နောက်ပိုင်းခေတ်မှာတော့ သိန္နီနယ်ဟာ ရှမ်းပဒေသရာဇ် အချင်းချင်း အာဏာလုပွဲတွေ ၊ ဗမာဘုရင်တွေရဲ့ပရောဂတွေနဲ့အတူ သိန္နီနယ်ဟာ အစိပ်စိပ် အမွှာမွှာကွဲခဲ့ရတယ်။ မင်းတုန်းမင်းမတက်ခင် ၁၈၄၆ ခုနစ်မှာ သိန္နီစော်ဘွားအဖြစ် ဆိုင်နော်ဖှကိုခန့်အပ်လိုက်ရာမှာ သူက မူလ သိန္နီနယ် ရဲ့ နောက်ဆုံးအကြီးအကဲလို့ ဆိုနိုင်တယ်။ သူ့လက်ထက်မှာ နယ်အခြေအနေက တော်တော်ဆိုးလာခဲ့ပြီး တောင်သိန္ဒီ ၊ မြောက်သိန္ဒီ လို့ ဆိုပြီး နှစ်ပိုင်းပိုင်းလိုက်ရလို့ဖြစ်တယ်။

ဆိုင်နော်ဖှဟာ နယ်ကိုလည်း ကောင်းမွန် နိုင်နင်းစွာ မအုပ်ချုပ်နိုင်တော့ သူ့ရဲ့ လက်အောက်ခံဖြစ်တဲ့ ဆန်ဟိုင်း ဆိုသူက နယ်ကိုလုပြီး သူ့ကိုတောင်နှင်ထုတ်လိုက်တယ်။ ဒါကြောင့်နယ်ကို မနိုင်နင်းတဲ့ သူ့ကို ဗမာဘုရင်က မန္တလေးကိုခေါ်ယူပြီး အကျဉ်းချထားတယ်။ သူ့ဆီက အာဏာလုတဲ့ ဆန်ဟိုင်းက ယိုးဒယားက ပါဝင်ပတ်သက် တိုက်ခိုက်ခဲ့တဲ့ ကျိုင်းတုံအရေးတော်ပုံမှာ ဗမာဘုရင်က ဆင့်ခေါ်လို့ ရှမး်နယ်ပယ်တွေ ခွဲတမ်းအလိုက် ပေးပို့တဲ့ တပ်တွေအနက် သိန္နီနယ်က တပ်မကို ဦးဆောင်ခဲ့တဲ့ တပ်မှူးဖြစ်တယ်။ စော်ဘွားဆိုင်နော်ဖှရဲ့ ဆွေမျိုးတဦးကို နယ်ကို အုပ်ချုပ်ဖို့ မင်းတုန်းဘုရင်က တပ်အခြွေအရံတွေနဲ့ စေလွှတ်ပေမယ့့် သူတို့လည်း ထွက်ပြေးရပြန်တယ်။

တပ်လည်းပျက်တယ်။ သိန္နီကို မရဘူး။ ၁၈၇၇ ခုနစ်မှာတော့ မင်းတုန်းမင်းက ရှမ်းနယ်ရှင်တွေအားလုံးကို ဆင့်ခေါ်ပြီး သိန္နီနယ်ကို ပေါင်းတိုက်ကြတယ်။ ဆန်ဟိုင်းက သိန္နီရဲ့ အရှေ့ဘက် သံလွင်တဘက်ကမ်းက ကိုးကန့်နယ်ထဲဆုတ်သွားတယ်။ မင်းတုန်းမင်းက သူအောင်ပွဲခံပြီထင်ပြီး ဆိုင်နော်ဖှကို အကျဉ်းကနေ လွတ်ပေးပြီး စော်ဘွားအဖြစ် ပြန်စေလွတ်ပေမယ့် နယ်ကို မထိန်းနိုင်ဘူး။ နယ်မှာပုန်ကန် မင်းမူခဲ့တဲ့ ဆန်ဟိုင်းရဲ့ တပည့်ဖြစ်သူ ခွန်ဆန်တွန်ဟုန်း ဆိုသူက သိန္နီနယ်မှာ မင်းမူနေတယ်။

သီပေါဘုရင်လက်ထက်မှာလည်း သိန္နီ အရေးအခင်းကို မဖြေရှင်းနိုင်ခဲ့သလို ၁၈၇၉ ခုနစ်မှာတော့ ဆန်ဟိုင်း ခွန်ဆန်တုန်ဟွန်း စတဲ့ သူပုန်တွေဟာ သိန္နီအရှေ့ဘက်နဲ့ မြောက်ဘက်တွေကို ကောင်းစွာအုပ်ချုပ်ထားနိုင်ပြီဖြစ်တယ်။ ဆန်ဟိုင်းကွယ်လွန်တော့ ခွန်ဆန်တုန်းဟုန်းက ပြိုင်ဘက်မရှိဗိုလ်ဖြစ်လာတယ်။ မန္တလေးကို အင်္ဂလိပ်တို့ သိမ်းပြီးတဲ့အချိန်မှာ ဆိုင်နော်ဖှရဲ့ သားဖြစ်သူ နော်မိုင်းက မြင်စိုင်းမင်းသားနဲ့ ပေါင်းပြီး ရှမ်းကုန်းမြင့်မှာ အာဏာထူထောင်ဖို့ ကြိုးစားကြသေးတယ်။ သိန္နီကို လူစုပြီးတိုက်တယ်။ မရတော့ သီပေါကို ဖျက်ဆီးကြတယ်။

သီပေါစော်ဘွား စဝ်ခွန်ဆိုင်ကလည်း ကရင်နီ တပ်သားတွေအပြင် ခွန်ဆန်တွန်ဟုန်းနဲ့လည်း မဟာမိတ်ဖွဲ့ထားလို့ မြင်စိုင်းမင်းသား ၊ နော်မိုင်း တို့အုပ်စုဟာ သီပေါကို ကြာကြာမထိန်းနိုင်ပဲ ဆုတ်ခွာပြေးရတယ်။ နောက်ဆုံး ဆန်ဆယ်ခေါ် သုံးဆယ် ယနေ့ ပြင်ဦးလွင်ဒေသကို အတန်ကြာ ထိန်းထားနိုင်ပေမယ့် အင်္ဂလိပ်ကို သစ္စာခံသွားပြီဖြစ်တဲ့ သီပေါစော်ဘွား နဲ့ ခွန်ဆန်တွန်ဟုန်း တို့အုပ်စုကို ကြာကြာမခုခံနိုင်တော့ပါဘူး။

ခွန်ဆန်တွန်ဟုန်းက သိန္နီနယ် တောင်ခြမ်း ယနေ့ လားရှိုးတောင်ဘက် မိုင်းရယ် ဒေသကို ဝင်ရောက်စီးနင်းပြန်တယ်။ နောက်ဆုံး အဲနယ်လုတဲ့ ပဋိပက္ခတွေကို အင်္ဂလိပ်က ကစားပွဲ စားပွဲသောက်ပွဲတွေလုပ်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာစေကာ နယ်မြေသတ်မှတ်ခွဲဝေပေးခဲ့တယ်။ ၁၈၈၈ မတ်လ ၃ ရက်နေ့မှာ သိန္နီနယ်ကို နှစ်ပိုင်းခွဲလိုက်ကြောင်းကြေညာတယ်။ လက်ရှိမိုင်းရယ်နယ်က တောင်သိန္နီနယ် ဖြစ်လာပြီး နော်မိုင်းကို စော်ဘွားအဖြစ် အုပ်ချုပ်စေကာ မြောက်သိန္နီနယ်ကိုတော့ ခွန်ဆန်တွန်ဟုန်းကို စော်ဘွားအဖြစ် အုပ်ချုပ်စေတယ်။ နောက်ပိုင်း တရုတ်ရဲ့ ချင်မင်းဆက် နဲ့ အင်္ဂလိပ်တို့အကြား စာချုပ်အရ ပါလာတဲ့ နမ့်ခမ်း ( အဌားနဲ့ပါ ) ၊ ကိုးကန့်နယ် (၁၈၉၅ ခုနစ် ) တို့ဟာ သိန္နီနယ်အောက်က မြို့စားနယ်လေးတွေ ဖြစ်လာကြတယ်။

(ဂ) ဒေသခံမဟုတ်တဲ့ ခွန်ဆန်တွန်ဟုန်းနဲ့ ကချင် ဆပ်စတိတ်

တကယ်တော့ သူပုန်ကနေ စော်ဘွားဖြစ်လာသူ ခွန်ဆန်တွန်ဟုန်းဟာ သိန္နီဒေသခံလည်းမဟုတ်ပါ။ ၁၈၅၂ ခုနစ်မှာ သံလွင်မြစ်အရှေ့ဘက်ခြမ်း ၀ နယ် မိုင်းလင်း ( ဗုဒ္ဓဘာသာ ၀ အများစု နဲ့ ရှမ်းများ နေထိုင်ကာ Wa State ထဲ မပါပါ ) နယ်က တွန်ဟုန်းဆိုတဲ့ ကျေးရွာလေးမှာ မွေးဖွားပြီး လူနာမည် ခွန်ဆန် နဲ့ တွဲလို့ ခွန်ဆန်တွန်ဟုန်း ဆိုပြီးဖြစ်လာတာဖြစ်တယ်။ ခွန်ဆန်တွန်ဟုန်း စော်ဘွားဖြစ်လာမှုနဲ့ သူပုန်ဗိုလ်ဖြစ်လာမှုမှာ သိန္နီနယ်ထဲက ကချင်တွေက အတော်အရေးပါခဲ့တယ်။

အစောပိုင်း သူပုန်ဘဝကတည်းက သိန္နီမြောက်ဘက်ခြမ်း ယနေ့ခေတ် ကွတ်ခိုင်နယ်ဘက်မှာ သူလွှမ်းမိုး အုပ်ချုပ်နိုင်ခဲ့မှုမှာ ကချင် ကျေးရွာတွေရဲ့ ထောက်ခံပူးပေါင်းမှုက အရေးပါခဲ့တာဖြစ်တယ်။ အဲဒီခေတ်က မြောက်သိန္နီနယ်မှာ တိုက်နယ်ပေါင်း ၁၀၁ နယ်ရှိရာ ကချင် တိုက်နယ်က ၅၆ နယ်ရှိပြီး ရှမ်းတိုက်နယ်က ၄၅ နယ်သာ ရှိတယ်။

ကချင်လူဦးရေများခဲ့တယ် ဆိုနိုင်တယ်။ သူသူပုန်ဘဝမှာ သူ့ရဲ့ အဓိကကျတဲ့ စစ်သည်တွေဟာ ကချင်တွေဖြစ်တယ်။ သူစော်ဘွားရာထူးကို ရလည်း ရပြီးရော ကချင်တွေရဲ့ အရေးကိစ္စကို မေ့သွားတယ်။
သူစော်ဘွားအဖြစ် တရားဝင်သတ်မှတ်ခံရပြီးနောက် ၁၈၉၁ ခုနစ်မှာ သိန္နီမြိုကို ကချင်တွေ ၀ိုင်းထားတာနဲ့ ကြုံရတယ်။ဒါနဲ့ သူဟာ အင်္ဂလိပ်ရုံးစိုက်ပြီး အင်္ဂလိပ်တပ်ရှိတဲ့ လားရှိုးကို ထွက်ပြေးရတယ်။ အင်္ဂလိပ်က သူ့ကို ကယ်ဆယ်လိုက်ရပြီး အစောင့်အရှောက်နဲ့ သိန္နီမြို့ကို ပြန်ပို့ပေးရတယ်။

ကချင်တွေရဲ့ မကျေနပ်မှုဟာ ဆက်ရှိနေပြီး ဘယ်သူမှ မနှစ်သိမ့်နိုင်တဲ့အတွက် နောက်ဆုံးမှ သိန္နီနယ် (Hsenwi State ) အောက်က ကချင် ဆပ်စတိတ်အဖြစ် သတ်မှတ်ပေးလိုက်ရတယ်။ ၁၈၉၃ ခုနစ်ရောက်တော့ Kchin Hill Tracts Regulation စည်းမျဉ်းပေါ်လာပြီး ဒူဝါတွေကို အုပ်ချုပ်စေတယ်။ အဲဒီနယ်က ပေါ်လာတဲ့ ကချင်အုပ်ချုပ်ရေးအစဟာ ပင်လုံစာချုပ်ချုပ်ဆိုတော့ မြောက်သိန္နီနယ်က ကချင်ကိုယ်စားလှယ်တဦး လက်မှတ်ရေးထိုးဖို့ အကြောင်းဖန်လာဖို့အတွက် လမ်းခင်းပေးနိုင်ခဲ့တယ်။

အဲဒီခေတ်ကာလက State ဆိုတာ ယနေ့ခေတ်လို ရှမ်းတပြည်နယ်လုံကို State လို့ခေါ်တာမျိုး မဟုတ်ဘဲ သီပေါ ၊ သိန္နီကလည်း State ဖြစ်သလို ညောင်ရွှေဆိုလည်း Yawnghwe State ၊ တောင်ပိုင် ( ပလောင် ) State ၊ သထုံ ( ပအိုဝ်း ) State စသဖြင့် ခေါ်ဝေါ်စေတာဖြစ်ပါတယ်။

ကိုးကား- ခွန်းဆေ – ကျွန်တော် သူပုန်ဖြစ်လာပုံ
Sai Aung Tun – History of Shan State (From Its origin to 1962)
အုန်းဖေ (ပင်လုံစစ်တမ်း)

Leave a Comment

You cannot copy content of this page