International News

မြန်မာပြည်က နတ်တွေထက် ပိုကြမ်းတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး မယ့်နပ်ခ် နတ်နန်း

ထိုင်းနိုင်ငံမှ နာမည်ကြီး မယ့်နပ်ခ် (Mae Nak) နတ်နန်း..

ထိုင်း လူမျိုးတွေဟာ နတ်ကိုးကွယ်မှုနဲ့ အစွဲကြီးမှုမှာ မြန်မာလူမျိုးတွေထက် သာပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ နာမည်အကြီးဆုံးကတော့ မယ့်နပ်ခ် (Mae Nak) ဆိုတဲ့ သရဲမပါပဲ။ Mae Nak ရဲ့ နတ်နန်းက သူမ လူ့ဘဝ က နေထိုင်ခဲ့ရာ ဗန်ကောက်မြို့ရဲ့ တောင်ဘက် ဖရာခနောင်း တူးမြောင်း ဘေးနားမှာ ရှိပါတယ်။

ဇာတ်လမ်းလေးကတော့.. ၁၈၀၀ ပြည့်လွန် နှစ်တွေတုန်းက Mae Nak လို့ ခေါ်တဲ့ မိန်းမလှလေး တစ်ယောက်က ထခ်မက်ပ် (Tak Mark) ဆိုတဲ့ သူနဲ့ လက်ဆက်ခဲ့ပါတယ်။ သူတို့က ဗန်ကောက်မြို့ တောင်ဘက် ဖရာခနောင်း တူးမြောင်းဘေး မြစ်ဆိပ် အိမ်လေးမှာ နေကြပါတယ်။ Mae Nak ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာပဲ သူမ အမျိုးသား Tak ဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံရပါတယ်။ အားလုံးလည်း သိပြီးသားမို့ တိုတိုပဲ ပြောရရင် Tak Mark ရှေ့တန်းသွားနေတုန်း Mae Nakက ကလေး မမွေးနိုင်ပဲ ဆုံးပါး သွားခဲ့ရှာတယ်။

ထိုနောက်တော့ ဝိဥာဉ်ဘဝနဲ့ Tak Mark ကို စောင့်နေတဲ့ အချိန် သူ့ယောကျ်ား Tak Mark က ရှေ့တန်းကနေ မသေပဲ ပြန်ရောက်လာခဲ့ပါတယ်။ Tak Mark က အစပိုင်းတော့ သူ့မိန်းမ Mae Nak နဲ့ ကလေး သေတာကို မသိခဲ့ပါဘူး။ ရွာသားတွေ သတိပေးတာကိုလည်း လက်မခံခဲ့ပါဘူး။ Tak Mark ကို သတိပေးတဲ့ ရွာသားတွေကိုလည်း Mae Nak က ရှင်းပစ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Tak Mark တောထဲကနေ ပြန်အလာမှာ Mae Nak က ခြေတံရှည် အိမ်အပေါ် ကနေ လက်အရှည်ကြီးထုတ်ပြီး ဟင်းချက်ဖို့ အသီးအနှံတွေ ယူနေတာ ကိုကြည့်ပြီး သွေးပျက် ခြောက်ခြားပြီး ထွက်ပြေးခဲ့ရပါတယ်။

Tak Mark ပြေးထွက်ခဲ့ရာ နေရာကတော့ ဝပ်မဟာဘတ် ဘုရားကျောင်းထဲကိုပါ။ Mae Nak က လိုက်လာလို့ ဘုန်းကြီးတွေက သိမ်ကျောင်းထဲမှာ ပုန်းအောင်းစေခဲ့ပါတယ်။ သိမ်ထဲကိုတော့ Mae Nak က မလိုက်နိုင်ပါဘူး။ ဒါပေမယ့် Mae Nak က အငြိုးထားပြီး ရွာကို ဖျက်စီးပစ်ခဲ့ပါတယ်။ Mae Nak ကို ကြောက်လို့ ရွာကြီး ပျက်ခဲ့ရတယ်။ ထွက်ပြေးသွားတဲ့ ရွာသားတွေက အထက်လမ်း ဆရာကိုပင့်ပြီး Mae Nak ကို နှိမ်နင်းရာမှာ အထက်လမ်းဆရာက Mae Nak ကို ကြွေခရားထဲ ပိတ်ကာ မြစ်ထဲ ပြစ်ချပြီး ” မြစ်အောက်ထဲမှာ အမြဲနေ ” ဆိုပြီး အမိန့်ပေးခဲ့ပါတယ်။

နှစ် အနည်းငယ်အကြာ မှာတော့ တံငါသည် တစ်ဦးက ကြွေခရားကို ဆယ်ယူရရှိပြီး ဖွင့်မိလိုက်လို့ Mae Nak က လွတ်မြောက် လာခဲ့ပါတယ်။ Mae Nak က ဖရာခရောင်း တူးမြောင်း တလျှောက် ပြန်လည်သောင်းကျန်း လာတာနဲ့ လောင်ပေါ်တုန်း ဆိုတဲ့ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီး တစ်ပါးက သူ့ စိတ်တန်ခိုး နဲ့ Mae Nak ရဲ့ အရိုးစုကို တွေ့အောင်ရှာ ပြန်တူးဖော်ပြီး သူမဝိဥာဉ်ကို အရိုးစုထဲ မှာ ပြန်ပိတ်ပြီး ချုပ်ထားခဲ့တယ်။ အဲဒီ အရိုးစုကို ထိုင်းတော်ဝင်မိသားစု အမိန့်နဲ့ အခု သူမ နတ်နန်း ဆောက်လုပ်မယ့် အဆောက်အဦး အောက်မှာ မြုပ်ထားခဲ့ပါတယ်။

Mak Nak ရုပ်တုက သူမသားလေးကို ပိုက်ထားတဲ့ ရုပ်တုပါ။ ရွှေချ ထားပါတယ်။ လာရောက် ပူဇော်သူတွေက အမွှေးနံ့သာတွေ၊ ပိုက်ဆံ၊ ထိုင်းရိုးရာ အဝတ်အထည်၊ ရွှေထည်တွေ နဲ့ ပူဇော်လေ့ ရှိပါတယ်။ လာရောက် ပူဇော်သူတွေကတော့ အထူးသဖြင့် ထိုင်း စစ်မှုထမ်းတွေရဲ့မိခင်တွေ ၊ ဇနီးသည်တွေက စစ်ထွက် ယောကျ်ား သားသမီးတွေကို အန္တရာယ် ကင်းအောင် စောင့်ရှောက်ပေးဖို့ လာရောက် ပူဇော်လေ့ ရှိကြ ပါတယ်။ နတ်နန်းထဲကို ကိုယ်ဝင်ဆောင် မဝင်ရပါဘူး။ ဝင်ရင်တော့ ဆိုးကျိုးတွေ ကြိမ်းသေခံစားရတယ် လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဗန်ကောက်မြို့ တောင်ဘက် ဖရာခရောင်း တူးမြောင်း နဘေးက Mae Nak နဲ့ Tak Mark တို့ရဲ့ အိမ်နေရာလေးကတော့ နတ်နန်း ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်ကထက်တောင် စည်ကား နေပါတယ်။ ဒါပေမယ့် တစ်နှစ်တစ်ခါတော့ နတ်နန်း တဝိုက် မီးနေသည်နံ့ ရရင်တော့ လူအသေအပျောက်ရှိပြီး Mae Nak က ဖမ်းစားလျှက်ပင် ရှိပါသတဲ့။

Lu Myanmar

Leave a Comment

You cannot copy content of this page