News

ယာယီပိတ်ထားရတဲ့ ကြူရှောရွာက တိမ်ပင်လယ်ကို ကိုဗစ် စည်းကမ်းချက်များဖြင့် ပြန်ဖွင့်ခွင့် ပြုပြီ

ယာယီပိတ်ထားရတဲ့ ကြူရှောရွာက တိမ်ပင်လယ်ကို ကိုဗစ် စည်းကမ်းချက်များဖြင့် ပြန်ဖွင့်ခွင့် ပြုပြီ..

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကြူရှောကျေးရွာအုပ်စု ကြူရှော (မြောက်) ရွာမှာ ယာယီပိတ်ထားလိုက်ရတဲ့ တိမ်ပင်လယ်ကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကာလဖြစ်တဲ့အတွက် တိမ်ပင်လယ်ကို ယာယီပိတ်ထားဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့က အကြောင်းကြားလာခဲ့ပြီး မနေ့ ဒီဇင်ဘာ ၂ ရက်မှာ ပြန်လည်ညှိနှိုင်းပြီးနောက် တိမ်ပင်လယ်ကို ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ဖွင့်လှစ်ဖို့ ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ကျေးရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပြန်ဖွင့်ဖို့ ခွင့်ပြုပါပြီ။ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ပြန်လည်ဖွင့်ပါပြီ”

ကပ်ရောဂါကာလဖြစ်တဲ့အတွက် တိမ်ပင်လယ်ကို လာရောက်ကြည့်ရှုသူတွေကို သေချာစွာ ထိန်းချုပ်ပြီး လူစုလူဝေးမဖြစ်ရအောင် ဆောင်ရွက်မှာဖြစ်ကြောင်း၊ တိမ်ပင်လယ်ကို ဦးဆောင်ပြီး လုပ်နေတဲ့ ဆရာတော်နဲ့ ရပ်ရွာလူကြီးတွေ ညှိနှိုင်းပြီး လူဦးရေ (၃၀) ထက် မကျော်စေပဲ လာရောက်လည်ပတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရွာအဝင်ပေါက်မှာ လက်ဆေးဆပ်ပြာ၊ ရေစင်နဲ့ လမ်းညွှန်ဆိုင်းဘုတ် သေချာစွာ ပြုလုပ်မှာဖြစ်ပြီး လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအနေနဲ့လည်း သတ်မှတ်တဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

ဓာတ်ပုံ – Mai Nyi Kham (Kyushaw)

Leave a Comment

You cannot copy content of this page