News

အမေရိကန်သမ္မတသစ်၊ နိုင်ငံတော်အတိုင်ပင်ခံ နှင့် မြန်မာပြည် ကိုဗစ်အတွက် နေဝင်းရောင်နီ သန်းခဲ့ပြီ

အမေရိကန်သမ္မတသစ်၊ နိုင်ငံတော်အတိုင်ပင်ခံ နှင့် မြန်မာပြည် ကိုဗစ်အတွက် နေဝန်းရောင်နီ သန်းခဲ့ပြီ..

ဇန်နဝါရီလ ၂၁ ရက်မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအဝေးမှာ အမေရိကန်နိုင်ငံရဲ့ ကိုယ်စား ဒေါက်တာ Fauci က တက်ရောက်ခဲ့ပါတယ်။ သူဟာ သမ္မတသစ်ဘိုင်ဒန်ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးလဲ ဖြစ်ပါတယ်။ သူက ဒီနေ့အစည်းအဝေးမှာ ပြောကြားရာမှာ အရင်အစိုးရလက်ထက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နှုတ်ထွက်ခဲ့လို့ သူနဲ့ အမေရိကန်က ဆေးပညာရှင်တွေဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေနဲ့ မပူးပေါင်းနိုင်ခဲ့ကြောင်း အခုတော့ သမ္မတကြီး ဘိုင်ဒန်က အမိန့်အသစ်တွေ ထုတ်ပြန်လိုက်လို့ WHO နဲ့ ပြန်လည်ပူးပေါင်းတော့မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး သူ့ရဲ့ ပြောကြားချက်တွေထဲက အရေးကြီးအချက်တွေကို တင်ပြပေးချင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို လိုအပ်နေတဲ့ ငွေကြေးတွေ ထောက်ပံ့သွားမယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ ကိုဗစ်ကာကွယ်ဆေး ရရှိရေးအတွက် COVAX အစီအစဉ်ကို အမေရိကန် ပါ၀င်မယ်။ တကမ္ဘာလုံးက ဆင်းရဲတဲ့နိုင်ငံတွေက လူသားတွေအားလုံးကို ကာကွယ်ဆေးထောက်ပံ့နိုင်ဖို့ ပါ၀င်ကူညီမယ့် အမိန့်ကို ဘိုင်ဒန်က ဒီနေ့မှာ လက်မှတ်ထိုးမယ်။

ဒါ့အပြင် သမ္မတဟာ ရောဂါစမ်းသပ်ဖို့၊ ကုသဖို့နဲ့ သုတေသနလုပ်ဖို့ လိုအပ်တာတွေ အားလုံးကို ပါ၀င်ကူညီနိုင်ဖို့လဲ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ HIV, AIDS၊ ငှက်ဖျားရောဂါ၊ အစားအသောက် သန့်ရှင်းရေးနဲ့ အမျိုးသမီးကျန်းမာရေးကဏ္ဍတွေကို မြှင့်တင်ဖို့။ ရောဂါစတင်ဖြစ်ပေါ်လာပုံကို ဖော်ထုတ်ပြီး အနာဂတ်မှာ ကပ်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့။ တကမ္ဘာလုံးလွှမ်းခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တခု ဖော်ဆောင်မယ်။ WHO ရဲ့ ပုံစံပြောင်းလဲဖို့ အားထုတ်ပြီး တကမ္ဘာလုံးက လူသားတွေကို ဒီကပ်ဘေးကနေကော နောက်လာမယ့် ကပ်ဘေးတွေကပါ ကာကွယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကျနော်တို့အပါအ၀င် တကမ္ဘာလုံးက ဘိုင်ဒန်ကို မျှော်လင့်နေခဲ့တာက အဲဒါပါပဲ။ အမေရိကန်သမ္မတဟာ တကမ္ဘာလုံးမှာ အင်အားအရှိဆုံးလူသားပါပဲ။ WHO ကို ငွေကြေးထောက်ပံ့တဲ့အထဲမှာ အမေရိကန်က သန်း ၄၀၀ ကျော်နဲ့ အများဆုံးပါ။ ကျန်နိုင်ငံတွေက သန်း ၅၀ ၀န်းကျင်တောင် မနည်းထောက်ပံ့နေကြရတာပါ။ ရှင်းရှင်းပြောရရင် WHO လည်ပတ်နေတာ အမေရိကန်က ပိုက်ဆံတွေနဲ့ပါ။ ထရန့်တက်လာတော့ အမျိုးသမီးကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေတွေကို ရပ်လိုက်ပါတယ်။ အကျိုးဆက်ကတော့ တကမ္ဘာလုံးက NGO အတော်များများ ၂ နှစ်အတွင်း ရပ်တန့်သွားပါတယ်။ အခု ကိုဗစ် ကိစ္စမှာလဲ တကမ္ဘာလုံးက အမေရိကန်ရဲ့ ဦးဆောင်မှုကို မျှော်လင့်ခဲ့ကြပါတယ်။ ရလာတာကတော့ ထရန့်ရဲ့ ပေါက်ကရ လုပ်ဆောင်မှုတွေပါပဲ။

အခု ဘိုင်ဒန်ကတော့ မနေ့က အရေးကြီးအမိန့်တွေကို လက်မှတ်ထိုးခဲ့သလို ဒီနေ့မှာ ကိုဗစ်အတွက် အမိန့် ၁၀ ခုကို လက်မှတ်ထိုးပါမယ်။ အရေးအကြီးဆုံးက COVAX ပါ။ အမေရိကန်နဲ့ တရုတ်က အစမှာ လက်မှတ်မထိုးခဲ့ပါဘူး။ နောက်တော့ တရုတ်က ပါ၀င်လာခဲ့ပါတယ်။ အခုတော့ အမေရိကန်ပါ၀င်လာတော့ အများကြီး အသက်ရှူချောင်သွားပါပြီ။ ဒီအစီအစဉ်ကိုက ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကို ကာကွယ်ဆေးထိုးပေးနိုင်အောင်ပါ။ ဆင်းရဲတဲ့နိုင်ငံတွေက လူအများစုက မထိုးနိုင်ကြပါဘူး။ သူတို့ အစိုးရက ဆေးတန်ဖိုးကို အကုန်ကျ မခံနိုင်လို့ပါ။ ဒါကြောင့် အဲဒီဆေးတန်ဖိုးကို ချမ်းသာတဲ့ နိုင်ငံတွေက ၀င်စိုက်ပေးတာဖြစ်ပါတယ်။ အကုန်လုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေပါ။ ဒီတော့ ရန်ပုံငွေများများထည့်နိုင်တဲ့ နိုင်ငံတွေ ပါ၀င်လာလေ ကောင်းလေပါပဲ။ အခု သမ္မတကြီး ဘိုင်ဒန်က COVAX ထဲ ပါ၀င်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရည်ရွယ်ချက်က လူသားအားလုံးကို ကိုဗစ်ရောဂါ ကင်းစင်စေချင်လို့ပါ။

ကျနော်တို့ မြန်မာနိုင်ငံက အိန္ဒိယကနေ လူ ၁၅ သန်းအတွက် ဆေး သန်း ၃၀ ၀ယ်ယူထားသလို COVAX ကနေလဲ ဆေးတွေရဖို့ရှိပါတယ်။ အမေရိကန် ဒီအစီအစဉ်မှာ ပါ၀င်လာတဲ့အတွက် ကျနော်တို့ တိုင်းပြည်ကော၊ ကျနော်တို့ထက် ပိုဆင်းရဲတဲ့ တိုင်းပြည်တွေပါ ကာကွယ်ဆေးကို အားလုံးထိုးကျရဖို့က သေချာသလောက်ဖြစ်သွားပါပြီ။ နှစ်ပိုင်းတော့ ကြာမြင့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် WHO နဲ့ အတူ အမေရိကန် ပြန်လည်ပူးပေါင်းပါ၀င်လာခြင်းဟာ ကမ္ဘာကြီးအတွက်တော့ အင်မတန်ကောင်းတဲ့ အရွှေ့တခုပါပဲ။

ကျနော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေအတွက်က သူတို့ကို မှီခိုရပါတယ်။ ကိုဗစ်ကပ်ရောဂါ စဖြစ်တော့ နမူနာတွေကို ထိုင်းကို ပို့ပီးစစ်ရတယ်။ အဲဒီကုန်ကျစရိတ်တွေကို WHO က ကျခံပါတယ်။ အဲဒီ ကျခံတဲ့ငွေတွေက အမေရိကန်လို ချမ်းသာတဲ့နိုင်ငံမျိုးတွေက ထည့်၀င်ထားတဲ့ ငွေကြေးတွေပါ။ နောက် ရောဂါစစ်ဆေးစမ်းသပ်မှုတွေ၊ ကုသမှုလုပ်ငန်းတွေမှာလဲ သူတို့ရဲ့ အခန်းကဏ္ဍတွေ ပါ၀င်ပါတယ်။ ဒါတွေက ငွေကြေးမရှိရင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အမေရိကန် ပြန်လည်ပါ၀င်လာတာကို ၀မ်းသာကြိုဆိုမိပါတယ်။ လူသားဆန်တဲ့၊ ရိုးသားတဲ့၊ သနားတတ်တဲ့၊ မျက်ရည်လွယ်တဲ့၊ သိပ္ပံပညာနဲ့ ပညာရှင်တွေကို တန်ဖိုးထားတဲ့၊ဘ၀တခုလုံးကို အခြေခံလူတန်းစားတွေအတွက် တိုက်ပွဲ၀င်ပေးခဲ့တဲ့ သမ္မတကြီးဘိုင်ဒန်ရဲ့ လက်ထက်မှာတော့ ကိုဗစ် ကို တကမ္ဘာလုံးမှာ ပိုပြီး တိုက်ဖျက်နိုင်ပါလိမ့်မယ်။

မြန်မာပြည်မှာလဲ လာမည့်အပတ်က စပြီး ကိုဗစ်ကာကွယ်ဆေးတွေ စထိုးနိုင်တော့မှာဖြစ်ပါတယ်။ နောက်နှစ်အထိ ဆေးမထိုးနိုင်သေးပါဘူးဆိုပြီး လှောင်ရယ်ကြတဲ့ အဆိုးမြင်ပါးစပ်တွေလဲ ပိတ်သွားခဲ့ပါပြီ။ ဒါတွေအားလုံးဟာလဲ ကျနော်တို့ရဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေကြောင့်ပါ။ ဒီလို ဆေးတွေ၀ယ်ယူနိုင်ဖို့ ဝိုင်း၀န်းလှူဒါန်းကြတဲ့ ပြည်သူတွေကိုကော၊ ဆေးတွေအမြန်ထုတ်ပြီး ပို့ဆောင်ပေးတဲ့ အိန္ဒိယကိုကော ကျေးဇူးတင်ရမှာပါ။ ကျနော်တို့ကတော့ အမှောင်မိုက်ဆုံး အချိန်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ အခုတော့ အရှေ့ဆီမှာ ရောင်နီလင်းခဲ့ပါပြီ။ မကြာခင် နေလဲ ထွက်လာပါတော့မည်။

ကိုဗစ် ကို အနိုင်တိုက်နိုင်မည်ဟု ယုံကြည်သော ခေတ်သစ်ကမ္ဘာမြေသို့ ရည်မှန်းလျက်.. (နေသွေး)

Leave a Comment

You cannot copy content of this page