International News

ကမ္ဘာပေါ်မှာ နောက်ဆုံးအဆင့် (Phase 3) သို့ ရောက်ရှိနေကြပြီဖြစ်သော ကိုဗစ်ကာကွယ်ဆေး (၉) မျိုး

ကမ္ဘာပေါ်မှာ နောက်ဆုံးအဆင့် (Phase 3) သို့ ရောက်ရှိနေကြပြီဖြစ်သော ကိုဗစ်ကာကွယ်ဆေး (၉) မျိုး…

တရုတ်နိုင်ငံမှ COVID-19 ရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီး ယခုအချိန်ထိ COVID-19 ကို ရင်ဆိုင်နေကြရသည့်ကာလ 10 လအထိရှိလာခဲ့ပြီ ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးသို့ ရောဂါပိုးပြန့်နှံ့သွားခဲ့ပြီးနောက် ဆေးဝါးသိပ္ပံပညာရှင်များဟာ ကာကွယ်ဆေးကို အစွမ်းကုန်ရှာဖွေခဲ့ကြသည်။

ယနေ့အချိန်အခါမှာတော့ ကမ္ဘာတဝန်း၌ စမ်းသပ်ဆဲဖြစ်သော COVID-19 ကာကွယ်ဆေးအမျိုးအစားပေါင်း 176 မျိုးအထိ ရှိနေခဲ့ပြီဖြစ်သည်။ WHO ကတရားဝင်ဖော်ပြထားချက်မှာတော့ 35 မျိုးသော ကာကွယ်ဆေးတို့ကို လူတွေ၌ လက်တွေ့စမ်းသပ်မှုတွေလုပ်နေကြပြီ ဟုဆိုထားသည်။ ထိုဆေးအမျိုးအစားများအားလုံးထဲမှာ အောက်ပါဆေးဝါး 9 မျိုးတို့ဟာ စမ်းသပ်မှု အဆင့် တတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနေကြပြီဖြစ်သည်။

(1) ထိပ်တန်းမှာ ဦးဆောင်နေသော COVID ကာကွယ်ဆေးကတော့ အောက်စဖို့ဒ် တက္ကသိုလ်ဆေးဝါးသုတေသနအဖွဲ့နှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့မှ ဖော်စပ်ထုတ်လုပ်ပြီး စမ်းသပ်နေသော ကာကွယ်ဆေးဖြစ်သည်။ စမ်းသပ်ကုသမှုကို ခေတ္တရပ်နားခဲ့သော်လည်း ဘရာဇီးနှင့် ယူကေတို့မှာ စမ်းသပ်ကုသမှုကို ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်သည်။ အမေရိကန်၌ နောက်ဆုံးအဆင့်စမ်းသပ်ရေးအတွက် ရက်အနည်းငယ်တော့ ထပ်မံစောင့်ဆိုင်းရနိုင်ချေ ရှိနေပါသည်။ AstraZeneca ကတော့ ယခုနှစ်ထဲ သို့မဟုတ် 2021 နှစ်စမှာ ဆေးကို တရားဝင်သုံးလို့ရနိုင်မည် ဖြစ်ကြောင်း ဆိုထားပါသည်။

(2) အမေရိကန် Pfizer, Fosun Pharma, BioNTech တို့သည်လည်း စမ်းသပ်မှုအဆင့် 3 သို့ရောက်ရှိနေပြီး အမေရိကန် အစိုးရကျောထောက်နောက်ခံထားသည့် ကာကွယ်ဆေး 3 မျိုးအနက် Pfizer ကတော့ ရှေ့ပြေးလျက်ရှိနေသည်။ Trump အစိုးရကတော့ Pfizer ကုမ္ပဏီမှ ကာကွယ်ဆေးကို တစ်ခါထိုးစာ dose အရေအတွက် သန်း 100 (တန်ဖိုးအားဖြင့် ဒေါ်လာ 1.95 ဘီလီယံ)ကို ကြိုတင် အမှာလွှာတင်ထားပြီးဖြစ်သည်။ Pfizer ကုမ္ပဏီ၏ CEO ဖြစ်သူ Albert Bourla ကတော့ ကာကွယ်ဆေးကို dose တစ်သိန်း ထုတ်လုပ်ရန် အဆင်သင့်ရှိနေပြီး ယခုနှစ်ကုန်မှာ ဖြန့်ချီနိုင်လိမ့်မည်ဟု ဆိုထားသည်။

(3) တရုတ်နိုင်ငံမှ CanSino ကာကွယ်ဆေးကတော့ စမ်းသပ်မှု အဆင့် 1 နှင့် 2 အဆင့်တို့တွင် အောင်မြင်ခဲ့ပြီး တရုတ်စစ်တပ်များတွင် ကာကွယ်ဆေးထိုးထားပေးနိုင်သည့် အနေအထားရှိထားပြီလည်းဖြစ်သည်။ မတ်လကတည်းက လက်တွေ့စမ်းသပ်ကုသမှုအဆင့်ကိုရောက်ခဲ့သည့် ကမ္ဘာ့ ပထမဦးဆုံး COVID ကာကွယ်ဆေးလည်း ဖြစ်သည်။

(4) ရုရှားနိုင်ငံမှ Sputnik V အမည်ရှိသော COVID ကာကွယ်ဆေးသည်လည်း စမ်းသပ်မှုအဆင့် 3 ကိုရောက်နေပြီဖြစ်သည်။ ရုရှားကျန်းမာရေးဝန်ကြီးဌာန လက်အောက်က Gamaleya သုတေသနအဖွဲ့အစည်းမှ လူဦးရေစုစုပေါင်း 40,000 ကျော်တွင် စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ဆေးဝါးသိပ္ပံပညာရှင်များတို့၏ ဝေဖန်မှုများ ရှိနေသော်လည်း စက်တင်ဘာလ 8 ရက်နေ့တွင် ရုရှားအစိုးရက အိန္ဒိယ၏ အကူအညီယူပြီး Sputnik V ၏ အဆင့်3 စမ်းသပ်မှုကို အိန္ဒိယတွင် လုပ်ဆောင်သွားရန်နှင့် အိန္ဒိယမှာ ထုတ်လုပ်သွားဖို့ နည်းလမ်းရှာခဲ့သည်။

(5) Johnson and Johnson’s ကုမ္ပဏီက Janssen COVID ကာကွယ်ဆေးကို စက်တင်ဘာလကုန်တွင် အဆင့် 3 စမ်းသပ်မှု ပြုလုပ်ရန်ရှိနေသည်။ Janssen ဆေးဝါးကို အမေရိကန် အစိုးရက dose သန်း 100 ယူရန် ကမ်းလှမ်းထားပြီး အမေရိကန် ဒေါ်လာ 1 ဘီလီယံဖြင့် ညှိနှိုင်းမှုလည်း ပြုလုပ်နေကြပါသည်။ J &J’s ကုမ္ပဏီ ကတော့ 2021 ခုနှစ်၌ dose ပေါင်း 1 ဘီလီယံကျော်ကို ကမ္ဘာတစ်ဝန်းလုံးသို့ ဖြန့်ချီသွားနိုင်ဖို့ ရည်ရွယ်ထားသည်။

(6) တရုတ်မှ Sinovac ပဋိဇီဝဆေးကုမ္ပဏီကတော့ ဇူလိုင်လ 16 ရက်နေ့ကတည်းက အဆင့် 3 စမ်းသပ်မှု ပြီးခဲ့ပြီးလည်း ဖြစ်သည်။ ၎င်းCoronaVac ကို ယခုနှစ်ထဲ၌ သုံးစွဲနိုင်ဖို့ ရည်ရွယ်ထားပါသည်။

(7) COVID-19 စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့မှ Institution of Biological Products က ရှာဖွေတွေ့ရှိထားသော Sinopharm ကတော့ ပထမဦးဆုံး စမ်းသပ်မှုအဆင့် 3 ရောက်ခဲ့သည့်ဆေးဖြစ်သည်။ COVID-19 ရောဂါကို ခုခံနိုင်စွမ်း ရှိသည့် ကာကွယ်ဆေး တစ်မျိုးလည်း ဖြစ်သည်။

(8) ဘေဂျင်း Institution of Biological Products က ထုတ်လုပ်သည့် Sinopharm COVID ကာကွယ်ဆေးတစ်မျိူး ထပ်ရှိသေးပြီး လက်ရှိအချိန်မှာ အဆင့် 3 စမ်းသပ်မှူ အဆင့်၌ရှိနေပြီဖြစ်သည်။ ၎င်းဆေးကိုတော့ ဒီဇင်ဘာလမှာ စျေးကွက်ထဲ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး ဆေးတစ်ခါသုံးစာကို ဒေါ်လာ 150 ခန့် ရှိနိုင်ကြောင်း TASS ရုရှားသတင်းအေဂျင်စီက ဖော်ပြထားပါသည်။

(9) Moderna ဆေးကတော့ စက်တင်ဘာလကုန်တွင် အဆင့် 3 စမ်းသပ်မှု ကာလပြီးဆုံးမည်ဖြစ်သည်။ အမေရိကန်တွင် လူပေါင်း 30,000 ကျော် ကို လက်ခံစမ်းသပ်မှု လုပ်ခဲ့ပြီး ရလာဒ်များကိုတော့ အောက်တိုဘာလတွင် ထုတ်ပြန်ပေးဖို့ ရှိနေသည်။ Moderna ဆေးကိုတော့ နှစ်ကုန်တွင် သုံးနိုင်ဖို့ရာ ခန့်မှန်းထားကြပြီး 2021 ခုနှစ်အတွင်း၌ dose ပေါင်း သန်း 500 ထုတ်လုပ်သွားဖို့ ရှိကြောင်းလည်း ဆိုထားပါသည်။

NangKhamThiriOo

Leave a Comment

You cannot copy content of this page