Knowledge

အမေရိကန်ထက်စာရင် ကိုဗစ် ကပ်ရောဂါအတွက် အပေါင်းလက္ခဏာ ဆောင်နေတဲ့ မြန်မာပြည်

အမေရိကန်ထက်စာရင် ကိုဗစ် ကပ်ရောဂါအတွက် အပေါင်းလက္ခဏာ ဆောင်နေတဲ့ မြန်မာပြည် အခြေအနေ..

(၁) ၂၀၂၀ မတ်လကစပြီး အမေရီကန်မှာကိုဗစ်ပိုးစတွေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ဧပြီထဲမှာနေ့စဉ်ရက်ဆက်ဆိုသလို ပိုးတွေ့လူနာတွေမနည်းမနောတိုးလာပြီး အဖိတ်အစင်တွေလည်းများလာပါတယ်။ သေသေချာချာသတိထားခဲ့သူများရှိခဲ့တယ်ဆိုရင် အဲဒီအချိန်တွေကနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့တဲ့အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွေမှာ ကန်သမ္မတထရမ့်နဲ့အတူရှေ့ထွက်ပြီး အမေရီကန်လူထုနဲ့ကမ္ဘာကို သတင်းသမားတွေကတဆင့် သတင်းပို့ခဲ့သူဟာ ဒေါက်တာအန်သိုနီဖောက်ချီ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူဟာ ကိုဗစ်စစ်ဆင်ရေး ဒုတပ်မှူးကြီးပါဘဲ၊ သမ္မတထရမ့်ဟာတပ်မှူးကြီးပေါ့။

ဒါပေမယ့် သမ္မတထရမ့်ဟာ ဒေါက်တာဖောက်ချီတို့နဲ့ ဟန်ချက်ညီညီဆောင်ရွက်နိုင်ခဲ့ပုံမရှိပါဘူး။ အကျိုးဆက်ကတော့ ကိုဗစ်ကပ်ရောဂါရဲ့အပြင်းအထန်နှိပ်စက်မှုကို အမေရီကန်တလွှား ကျောကော့အောင်ခံစားသွားရပါတယ်။

(၂) လူယုတ်မာတွေကဘဲလုပ်လုပ်၊ ဆင်ခြင်တုံတရားညံ့ဖျင်းသူတွေကြောင့်ဘဲဖြစ်ဖြစ် ဗမာပြည်ထဲမှာလည်း ဒီတလောအတွင်းမှာ ကိုဗစ်ပိုးကူးစက်သူတွေဆောင့်တက်လာပြီး အဖိတ်အစင်ဟာလည်းများလာခဲ့ပါတယ်၊ အထိအနာဆုံးကတော့ရန်ကုန်ပေါ့။ ဒီအခါမှာဒီလိုအရေးပေါ်အခြေအနေကိုကိုင်တွယ်ဖို့ ဝန်ကြီးချုပ်ဟာသူဦးစီးတဲ့ Task Force ထဲမှာ ဆေး(၁) ကဆရာကြီးဒေါက်တာဇော်ဝေစိုးကိုဆွဲသွင်းလိုက်ပါတယ်။ အမေရီကန်မှာလုပ်ခဲ့တဲ့ပုံစံနဲ့တထေရာထဲပါဘဲ။ Admin ကိစ္စတွေကိုပါချုပ်အနေနဲ့လုပ်ဖို့လက်လှမ်းမမှီတာတွေကို ဝန်ကြီးချုပ်ဖြည့်ပေးတဲ့သဘောပါဘဲ။

ဒါပေမယ့် ပါချုပ်တို့လိုအပ်နေတဲ့ အပံ့အပိုးတွေကိုတည်ဆောက်တာ၊ ပညာရှင်များကိုနေရာပေးတာ၊ စစ်ဆင်ရေးပုံစံနဲ့သွားတာ အစရှိတဲ့အချက်အားလုံးမှာ သမ္မတထရမ့်တို့လုပ်ပုံထက်အပုံကြီးသာပါတယ်။ ဒါဟာလည်း ရှေ့သင်ခန်းစာကောင်းများကိုထိထိရောက်ရောက်အသုံးချနိုင်တဲ့သဘောလို့မြင်ပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ဘဲလုပ်လုပ်၊ ဆပ်ပြာသည်လင်ပျောက်သလိုကမူးရှူးထိုးဘဲလုပ်လုပ်၊ ပိုးရှိထားသူအချို့ရဲ့လုပ်ရပ်များကြောင့် မပြန့်သင့်တဲ့ပိုးဟာပြန့်နှံ့နေတာအများအသိပါဘဲ။ ခုချိန်မှာအပြစ်ထိုင်တင်နေလို့လည်း ကိစ္စပြီးတဲ့အထိပိုးကထိုင်စောင့်နေမှာမဟုတ်တဲ့အတွက် ထိရောက်တဲ့အစီအမံတွေကိုမလုပ်နိုင်တာနဲ့အမျှ အခြေအနေဟာအဆိုးဘက်ကိုတအားလှည့်သွားမှာပါ။ အစိုးရနဲ့ ရှေ့တန်းတိုက်စစ်မှူးဆရာဝန်၊ ဆရာမများဟာ ဗမာပြည်မှာမကြုံစဖူးပေါင်းစပ်စုစည်းအလုပ်လုပ်နေကြပြီး ခနိ့မှန်းရခက်လှတဲ့ရန်သူကိုတွန်းလှန်နေကြတာပါ။

သူတို့အားလုံးဟာ ‘ချောက်ထဲကျလုလုတိုင်းပြည်ကြီးကိုကယ်တင်နေတယ်’ တို့၊ ‘အပေးဆပ်နိုင်ဆုံးသောသူများ’ တို့လည်းမကြွေးကြော်ကြတာဂုဏ်ယူစရာကြီးပါ။ ဘယ်သူဟာတကယ်အလုပ်လုပ်နိုင်သူကိုရှင်းရှင်းလင်းလင်းမြင်ကြပြီး အရပ်ဖက်အဖွဲ့အစည်းအများအပြားအနေနဲ့ဝန်းရံကြပါတယ်။ အားရစရာအခြေအနေပါ။

ချုပ်ရရင် ဒီစစ်ဆင်ရေးဟာထင်သလောက်မလွယ်လှပါဘူး၊ ဘာလို့လဲဆိုတော့ တိုက်ပွဲအသစ်တွေရှိလာနိုင်လို့ပါဘဲ။ ဒါပေမယ့် ပစ္စုပ္ပန်ပြည်သူ့စုစည်းညီညွှတ်မှုကတော့ အရေးပေါ်အခြေအနေအတွင်းမှာမှတ်ကျောက်အတင်ခံနိုင်သည်အထိအားကောင်းလာနေပါတယ်။ ဒီအချက်ဟာ ကပ်ရောဂါအတွက်အပေါင်းလက္ခဏာပါဘဲ။ ဓမ္မကိုလိုလားသူနိုင်ငံသားတိုင်းအနေနဲ့ “လူယုတ်မာများကြောင့် ငါ့တိုင်းပြည်မကျစေရ” ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ “ရောဂါစစ်ဆင်ရေးအဖွဲ့” ကို အားဖြည့်ကြပါလို့ အထူးတိုက်တွန်းရေးသားရပါကြောင်းလေ ။ ။

(လင်းမြတ်)

Leave a Comment

You cannot copy content of this page