Knowledge

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ သနားစရာကောင်းတဲ့ အချက်တခု

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ သနားစရာကောင်းတဲ့ အချက်တခု..

ရေးသားသူ – ကိုစိုးထိုက် (ဖဒို)

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ ကြုံရတိုင်း သူတို့ကို တကယ်သနားမိတယ်။

တစ်ခါကပေါ့။ အရင်းအနှီးမရှိဘဲ စီးပွားရေးလုပ်ချင်ကြတဲ့ လူငယ်တွေအတွက် ဦးအောင်ဇော်ဝင်းက “ဝ မရှိဘဲ ဝိလုပ်ကြမယ်” ဆိုတဲ့ စာစုလေး ကျွန်တော့်ကို ပြောပြဖူးတယ်။ အနှစ်ချုပ်ကတော့.. ဝိလုပ်ဖို့ဆိုတာ ဝ မရှိလဲ ရပါတယ်။ ထဆင်ထူးကို ထောင်လိုက်ရင် ဝိ ဖြစ်တာပေါ့။ ဒါပေမဲ့ ထဆင်ထူးကို ဒီတိုင်းထောင်လို့တော့မရ.. ထောက်တိုင်တွေနဲ့ ကျားကန်ပေးရပါတယ်။ အဲဒီထောက်တိုင်တွေထဲက တစ်ခုဟာ ဘက်ဂရောင်းကောင်းခြင်း ထောက်တိုင် ပါပဲ။

ကျွန်တော်က ပြန်မေးတာပေါ့။ ဘက်ဂရောင်းကောင်းဖို့ ကိုယ်က အာဏာရှိသူနဲ့လည်း မသိဘူး။ ခရိုနီနဲ့လည်း မခင်မင်ဘူး။ လူကြီး သားသမီးလည်း မဟုတ်ဘူး.. အဲဒီအခါ ဦးဇော်က ပြန်ရှင်းပြတယ်။ “ဘက်ဂကောင်းကောင်းဖို့ အဲဒါတွေမလိုပါဘူး.. မင်း ကတိတည်ရင် တဖြည်းဖြည်း ဘက်ဂရောင်း ကောင်းလာမယ်..” တဲ့ (အကျယ်ကိုတော့ ပြည့်ဝသူတစ်ဦးနှင့် စကားပြောခြင်း စာအုပ်ထဲမှာ ရေးထားတယ်..) ဦးဇော်ကိုယ်တိုင်ကလည်း ငယ်ငယ်က ဆင်းရဲတယ်။ ဒါ့အပြင် ဦးဇော်က ဖဲရိုက်တယ်။ အရက်သောက်တယ်။ ဒါပေမဲ့ သူက ဖဲကျွေးတင်ရင် နောက်နေ့မှာ ချက်ချင်း ဆပ်တယ်။ အများအားဖြင့် ဖဲဝိုင်းထဲက ဖဲကြွေးဟာ ဖဲဝိုင်းထဲမှာပဲ ပြန်ရှင်းကြပေမယ့် ဦးဇော်က ဖဲကြွေးကို နောက်နေ့ပဲ ပြန်ဆပ်နိုင်အောင် ကတိတည်တယ်။

နောင်တစ်ချိန်မှာ သူစီးပွားရေးလုပ်ဖို့ လိုအပ်တဲ့ ငွေသိန်းထောင်ချီကို သူဖဲရှုံးတိုင်း ငွေချေးနေကျ လုပ်ငန်းရှင်ကြီးကပဲ ယုံယုံကြည်ကြည်နဲ့ ချေးပေးလိုက်တာ။ လူတွေက အဲဒီလုပ်ငန်းရှင်ကြီးကို မေးတယ်။ “ခင်ဗျားဗျာ.. အောင်ဇော်ဝင်းလို ဘာမှမရှိတဲ့ လူကို ဘာလို့ ငွေသိန်းထောင်ချီ ချေးလိုက်တာလဲ..” “ဖဲကြွေးတောင် ကတိတည်တဲ့ကောင်ကွာ.. စီးပွားရေးလုပ်ဖို့ ငါချေးရဲတာပေါ့.. ငါက သူဘာကောင်လဲဆိုတဲ့ လူကို ချေးတာမဟုတ်ဘူး.. သူပြန်ဆပ်မှာလား မဆပ်ဘူးလားဆိုတဲ့ စိတ်ဓာတ်ကို ချေးတာ..” အဲဒီလုပ်ငန်းရှင်ကြီးက ခုချိန်မှာ နာမည်ကြီး ဘဏ်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီး ဦးအောင်ဇော်ဝင်းကလည်း တကယ့် သူဌေးကြီးတစ်ဦး ဖြစ်နေပြီ။

ကျွန်တော့်ကို တွေ့တိုင်း ဦးဇော်က တဖွဖွ ဆုံးမယ်တယ်။ “ကတိ တည်စမ်းပါသားရယ်.. ကတိတည်တဲ့အခါ မင်း တကယ့် ပဒေသာပင်ကြီးကို ရသလိုပဲ..” အမှန်ပါပဲ.. ကတိတည်ခြင်းဟာ တကယ့် ဘက်ဂရောင်းပဲ။ အထူးသဖြင့် ငွေကြေးနဲ့ပတ်သက်ရင်ပေါ့.. ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ ကိုယ့်အတွက် တကယ့်ကောင်းကျိုးတွေချည်းပဲ။ အမြတ်ချည်းပဲ။ သူ့ငွေ သူ့ပြန်ပေးတာလေ.. ကိုယ်က ကြားထဲက နာမည်ကောင်းရတယ်။ ဘယ်လောက် မြတ်လဲဗျာ..။ ဒါကို လူတွေ နားမလည်ကြဘူး။

ကိုယ့်ကိုယ် ငွေချေးပေးတယ်ဆိုထဲက (အတိုးယူသည်ဖြစ်ပါစေအုံး..) ခင်မင်ယုံကြည်ပြီး ကိုယ့်ဒုက္ခသောကကို ကူညီပေးချင်လို့ ဆိုတဲ့ မိတ်ဆွေကောင်းမို့သာ ငွေချေးတာ ဖြစ်ပါတယ်။ ဒီခေတ်ထဲ ကိုယ်ဒုက္ခရောက်နေလို့ ငွေချေးပေးတယ်ဆိုတဲ့ မိတ်ဆွေအရမ်းရှားပြီ။ ငွေပြန်မဆပ်တဲ့အခါ ကိုယ်ရလိုက်တာက ဒီငွေနည်းနည်းလေးပဲ..။ ကိုယ်ဆုံးရှုံးမှာက အဲဒီ မိတ်ဆွေကောင်းဆီက နောက်ထပ် အကူအညီတွေ အားလုံး အပြင် သူကလည်း ကိုယ်ဟာ ကတိမတည်ကြောင်း အခြားသူတွေကို ပြန်ပြောမှာ ကျိန်းသေတယ်။ ကတိတည်ခြင်း ၊ ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ အမြင့်ကိုတက်မယ့် လှေကားထစ်တွေပါပဲ။

ဒါပေမဲ့ အများစုက ကိုယ့်လှေကားကိုယ် ရိုက်ချိုးနေကြတယ်။ သနားမိပါတယ်။ တကယ်တော့ ငွေပြန်မဆပ်သူဟာ သူ ရလိုက်တယ်ထင်ပေမယ့် တကယ်တမ်းကျ တော်တော်လေး ရှုံးပါတယ်။ သူ ရှင်သန်ရမယ့် ဘဝသက်တမ်းတစ်လျှောက် နာမည် သေ သွားပါပြီ။ ဒီပုံရိပ်ဟာ ဘယ်လောက်ဆိုးသလဲဆိုရင် သားသမီး အထိပါ သက်ရောက်ပါတယ်။ “ဒီကလေးက ဘယ်သူ့ သားသမီးလေ..” ဆိုတာ ကျွန်တော်တို့ မြန်မာတွေ သိပ်သုံးပါတယ်။ ကိုယ့်သားသမီးတွေအထိ “မယုံရဘူး..” ဆိုတဲ့ နာမည်ဆိုးကို ဘာမှ မဟုတ်တဲ့ ငွေလေး မဖြစ်စလောက်နဲ့ လဲသွားကြတဲ့အပြင် ကိုယ့်ကိုယ် တကယ့်စိတ်ရင်းခင်မင်မှုနဲ့ ကူညီပေးချင်တဲ့ ရှားပါးမိတ်ဆွေတွေကိုပါ အဆုံးရှုံးခံဝံ့ကြတဲ့သူတွေနဲ့ ကြုံတိုင်းဆုံတိုင်း သနားစိတ်နဲ့သာ ပြုံးမိပါတော့တယ်။

ဘဝတစ်လျှောက် ဘယ်တော့မှ အမြင့်ကို မရောက်ဖူးကြမယ့် သနားစရာ လူတွေပါပဲ။ တနည်း.. ကိုယ့်ဘက်ဂရောင်းကိုယ် ရိုက်ချိုး ဖျက်စီးနေကြသူတွေပေါ့..။

ကိုစိုးထိုက် (ဖဒို)

Leave a Comment

You cannot copy content of this page