အခမဲ့ရမယ့် ကိုဗစ် ကာကွယ်ဆေးများ အမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုမှ ဝယ်ယူခွင့်ရမည်..
မြန်မာနိုင်ငံဟာ COVAX အစီအစဉ်မှာ အကြုံးဝင်တာကြောင့် အခမဲ့ (ဒါမဟုတ်) အထူးသက်သာတဲ့ ဈေးနှုန်းနဲ့ နိုင်ငံလူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းစာ ကိုဗစ်ကာကွယ်ဆေးရရှိမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့တို့ ဒီနေ့ဒီဇင်ဘာလ (၃) ရက်နေ့ မွန်းလွဲပိုင်းမှာပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူ ဖြန့်ဖြူးထိုးနှံဖို့ ကိစ္စတွေအတွက် Video Conferencing ဆွေးနွေးပွဲမှာ ဒေါက်တာမြင့်ထွေးက အခုလို ပြောခဲ့တာပါ။
COVAX အစီအစဉ်က Gavi, the Vaccine Alliance အပါအဝင် တခြားအဖွဲ့အစည်းတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ ပေါင်းစပ်ဖွဲ့စည်းထားကာ ကိုဗစ်နဲ့ပတ်သက်တဲ့ သုတေသနတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပြီး ကိုဗစ်ကာကွယ်ဆေးဈေးနှုန်း ကိစ္စတွေကို ဦးဆောင်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ကိုဗစ် ကာကွယ်ဆေးဝယ်ယူဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိမှတ်ပြုထားတဲ့ အမျိုးသားဆေးဝါး ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (Stringent Regulatory Authority) သုံးခုနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု အမျိုးသားဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (Stringent Regulatory Authority) တစ်ခုက အသိမှတ်ပြုထားတဲ့ ကာကွယ်ဆေးကိုပဲ ဝယ်ယူရမယ်လို့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
COVAX ရဲ့ ကနဦး ရည်မှန်းချက်အနေနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ဘီလီယံလောက်ကို ၂၀၂၁ ခုနှစ်မကုန်ခင်မှာ ကမ္ဘာ့အနှံ့ကို ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆို့ပါတယ်။