လှတောသားနဲ့ တွေ့မှ ရတနာနှစ်ပါး ဖြစ်ရတယ်လို့
ဆရာတော် ခရီးတစ်ခု သွားရတော့ လှတောသားတစ်ယောက်က လှည်းကြုံလိုက်ဖို့ ခွင့်တောင်းပါတယ်.. လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံမတင်ချင်ဘူး။ စကားမများပါဘူး ဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။
လမ်းမှာ ဖွတ်တကောင် ဖြတ်ပြေးတာ တွေ့တော့.. ဆရာတော်က “တွင်းအောင်း သတ္တဝါတွေများ ကျောရိုး တယ်ရှည်သကိုး” လို့ ပြောတာကို..
လှတောသားက “တွင်းအောင်း သတ္တဝါတိုင်း ကျောရိုးရှည်ရမယ်ဆို ဂဏာန်းတွေဆို ရထားတွဲလိုနေမှာဗျ” လို့ ကပ်သတဲ့။ ဆရာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။
တစ်နေရာရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့.. ဆရာတော်က “သံစောင်းထက် ရေစောင်းထက် ဆိုတာ အဲဒါပေါ့” လို့ ဆိုပြန်သတဲ့။ လှတောသား ပါစပ်ပြင်လိုက်သေးတယ် နောက်မှ ပြန်ထိန်းပီး နေလိုက်တယ်။ မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောကို ထိမှာကိုး။
လမ်းခုလတ်မှာ လှည်းကိုရပ် ဆရာတော်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။
“ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား.. ရေနွေးတည်ဖို့ ထင်းရှာချေ” လို့ဆိုတော့ ထွက်သွားတယ်။ တော်တော်နဲ့ ပြန်မရောက်။ ဆရာတော်က ဆွမ်းဘုဉ်းပြီးလို့ ရေနွေးသောက်ချင်နေပြီ။
လိုက်သွားကြည့်တော့မှ ထင်းတုံးကို ရေနဲ့ လောင်းနေတာ တွေ့ရတယ်။ မေးကြည့်တော့ “ဆရာတော်ပဲ သံစောင်းထက် ရေစောင်းထက်ဆို အာ့ကြောင့် ဓားနဲ့ မခွဲပဲ ရေနဲ့ပက်ခွဲနာ” လို့ဖြေတယ်။
ဆရာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကျိတ်နေရတယ်။ ရေနွေးမသောက်ရတော့ စိတ်ကမကျေနပ်ဘူး။ ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုတည်းရင်း “ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်” လို့ ရေရွတ်သတဲ့။
ဆရာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့ အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေး ထောင်ပြသတဲ့။ ဆရာတော် ဒေါသဒီဂရီက မရတော့ဘူး။ နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီး ကျောကော့အောင် ဆော်တော့တယ်။
ဒါတောင် လှတောသားက မမှတ်သေးပဲ.. “ရတနာ နှစ်ပါးကယ်တော်မူပါ” လို့ အော်သတဲ့။
“ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ” နဲ့ ဆက်တီးတာ။
“ရတနာ တစ်ပါးက ကိုယ့်ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မလဲဗျာ” လို့ ပြန်လျှောက်သတဲ့။
(ဟာသစွယ်စုံ)