“ရာထူးများနှင့် စက္ကူခွက်” ရာထူးအပေါ်မှာ သာယာစိတ်ဖြစ်မိရင် စက္ကူခွက်ကလေးကို မမေ့နဲ့..
မနှစ်ကမှ အငြိမ်းစားယူလိုက်တဲ့ စီးပွားရေးဝန်ကြီးဟောင်းတစ်ယောက်ဟာ ပရိသတ်ထောင်ချီတက်ရောက်ကြတဲ့ ညီလာခံကြီးတစ်ခုမှာ စကားပြောဖို့ ရောက်လာပါတယ်။ သူဟာ ကော်ဖီထည့်ထားတဲ့ စက္ကူခွက် လေးတစ်ခွက်ကိုင်ပြီး စကားပြောဖို့ စင်မြင့်ပေါ် တက်လာပါတယ်။ အပေါ်ရောက်တော့ ကော်ဖီကို တစ်ငုံမော့လိုက်တယ်။ ပြီးမှ ပြုံးရင်း ခုလို စကားစပြောပါတယ်။
“မနှစ်ကခုလိုညီလာခံမှာ ကျွန်တော်စကားပြောခဲ့ဖူးပါတယ်။ ဒီခန်းမကြီးထဲမှာပါပဲ။ အဲဒီအချိန်က ကျွန်တော် စီးပွားရေးဝန်ကြီးကနေ အနားမယူသေးပါဘူး။ ဒီမြို့ကို အထူးလေယာဉ်နဲ့ လာခဲ့ရတယ်။ လေဆိပ်ရောက်တော့ လူအများကြီးကလာကြိုပြီး ဟိုတယ်ကို ကားကောင်းကောင်းနဲ့ လိုက်ပို့ပေးခဲ့ကြတယ်။ ဟိုတယ်အခန်းထဲအထိ ပစ္စည်းတွေ သယ်ပို့ပေးကြတယ်။
မနက်မှာ ဟိုတယ်ကနေ အောက်ထပ်ကို ဆင်းလာတော့လဲ လူအများက လာကြိုကြပြီး ဟောပြောမယ့် ဒီခန်းမကို ကားနဲ့ လိုက်ပို့ပေးခဲ့ပြန်တယ်။ ခန်းမထဲရောက်တော့ လူအများကြီးက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ လှပတဲ့ ကြွေပန်းကန်လုံးနဲ့ ကော်ဖီတစ်ခွက် လာပေးခဲ့တာကိုလည်း ကောင်းကောင်းမှတ်မိ နေပါတယ်” သူက ခဏနားလိုက်ပြီး ခုလိုဆက်ပြောပြန်တယ်။
“အခုတော့ ကျွန်တော်ဟာ ဝန်ကြီးမဟုတ်တော့ပါဘူး။ အနားယူလိုက်ပါပြီ။ ဒါကြောင့် ဒီမြို့ကို ရထားစီးလာခဲ့တယ်။ တည်းမယ့် ဟိုတယ်ကို တက္ကစီးငှားစီးခဲ့တယ်။ ဒီမနက် ဟိုတယ်ကနေ ဒီကို လာဖို့လည်း တက္ကစီငှားစီးခဲ့တယ်။ ခန်းမထဲရောက်လို့ ကော်ဖီသောက်ချင်တာနဲ့ တစ်ယောက်ကို ‘ကော်ဖီရနိုင်မလား’ လို့ မေးလိုက်တယ်။ သူက ခပ်လှမ်းလှမ်းက ကော်ဖီစက်ကို လက်ညိုးထိုးပြပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ စက်ကကော်ဖီကို စက္ကူခွက်နဲ့ ထည့်ယူခဲ့ပါတယ်” သူက ပြုံးပြီး ဆက်ပြောပြန်တယ်။
“ဒီနေ့ ကျွန်တော် သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ အဲဒါက တကယ်တမ်းမှာ ကြွေပန်းကန်လုံးဟာ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရာထူးအတွက်ပါ။ တကယ်တမ်း ကျွန်တော်နဲ့ ထိုက်တန်တာက စက္ကူခွက်ပါ” တဲ့။ ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘာသင်ခန်းစာရနိုင်ပါသလဲ။
သင်ဟာ ရာထူးကြီးကြီးပိုင်ဆိုင်ထားရင် လူတွေဟာ သင့်ကို လေးလေးစားစား ဆက်ဆံကြမယ်။ လက်ကမ်းကြိုဆိုကြမယ်။ သင် မတောင်းဘဲ ကော်ဖီ၊ လက်ဖက်ရည် လာချပေးမယ်။ သင်သိထားဖို့က သူတို့လုပ်တာတွေဟာ သင့်အတွက် မဟုတ်ဘူး။ သင့်ရာထူးအတွက် ဆိုတာပါ။ သင့်ရာထူးစည်းစိမ်ဆိုတာကလဲ အမြဲထာဝရ တည်မြဲနေမှာမဟုတ်ဘူးဆိုတာ သင်လက်ခံ နားလည်တတ်ပါစေ။ သင်အမြဲရနိုင်တဲ့ဟာက စက္ကူခွက်ပဲ ဆိုတာကို အမြဲသတိရနေပြီး နှိမ့်နှိမ့်ချချ နေတတ်ဖို့ပါဘဲ။ မိမိကိုယ်တိုင် ဆင်ခြင်ရန်အတွက် တင်ခြင်းသာ.. (ဗန်းမော်သိန်းဖေ)