News

ရန်ကုန် မြို့နယ်အချို့တွင် ဆိုင်ကယ်တစီးလျှင် (၂) ဦး စီးခွင့်မရှိသည့်အမိန့်ကို ထုတ်ပြန်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုင်ကယ်စီးနင်းခွင့်ရှိသော မြို့နယ်များ၌ ဆိုင်ကယ်တစ်စီးလျှင် နှစ်ဦး စီးနင်း ခွင့်မရှိသည့်အမိန့်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက အမိန့်ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရပါတယ်။

“ဆိုင်ကယ်ကို လူပိုတင်ခွင့်မရှိတဲ့သဘောပါပဲ။ အမျိုးသားနှစ်ယောက်စီးနင်းခွင့် မရှိတာ။ နောက်ပြီး အမျိုးသား နှင့် အမျိုးသမီးတို့အတူတူ စီးနင်းခွင့်မရှိတာ။ အမျိုးသမီးနှစ်ဦးဆိုရင် စီးနင်းခွင့်ရှိတယ်လို့ လက်တလော သိရှိထားရတယ်လို့” အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးပြောပါတယ်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး၌ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ် မောင်းနှင်သူမှလွဲ၍ လူပိုတင်ဆောင်ခွင့်မရှိသည့်အမိန့်ကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

“ဆိုင်ကယ်တွေနဲ့ ပစ်ပြေးတွေ လုပ်နေတာ။ ထောင်ခွဲတာတွေ လုပ်နေတာကြောင့် လူပိုတင်ဆောင်ခွင့်ကို ကန့်သတ်တာ ဖြစ်နိုင်ပါတယ်လို့” အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၌ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဌာနဆိုင်ရာ ဆိုင်ကယ်များမှ လွဲ၍ ကျန်ပုဂ္ဂလိက ဆိုင်ကယ်များ မောင်းနှင်ခွင့်ကို သက်ဆိုင်ရာအစိုးရက ခွင့်ပြုထားခြင်း မရှိပါဘူး၊ သို့သော် ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ သာကေတ မြို့နယ်၊ ဒဂုံမြို့သစ်မြို့နယ်များ၌ ပြည်သူအချို့က ဆိုင်ကယ်များ စီးနင်းနေလျက်ရှိပါတယ်။

Leave a Comment

You cannot copy content of this page