နေ့စားအလုပ်ကြမ်းသမားတဦး တနေ့လုပ်ခ၊ ဆန်ကြမ်း တပြည်စျေးနှုန်းနဲ့ ရင်လေးစရာ အနာဂတ်

ဆန်ကြမ်းက တအိတ် (တတင်းခွဲ ထင်ပါတယ်) ၅၅၀၀၀ ကျပ်၊ တပြည် ၂၃၀၀ ကျပ်ကျမှာပေါ့။ ဆန်ချော ပေါ်ဆန်းမွှေးက ၇၅၀၀၀ ကျပ် တပြည် ၃၁၂၅ ကျပ် လောက်ရှိမှာပေါ့။ ဆန်ချောက တတ်နိုင်သူစားတာမို့ ဘယ်လောက်စျေးတက်တက် ဝယ်စားမဲ့သူရှိတယ်။ ဝယ်သလောက် စိုက်တဲ့သူကလည်း ဆက်စိုက်မှာပဲ။ သို့သော် ဆန်ချောက နေရာတကာစိုက်လို့မရ။

အများစုကတော့ ဆန်ကြမ်းစားကြတာမို့ စိုက်တဲ့တောင်သူ ကိုက် မကိုက်နဲ့ လူအများဝယ်စား မစားနိုင် စဉ်းစားစရာတွေ ရှိလာပါတယ်။ မိတ်ဆွေတယောက်က ဇီးကုန်းဖက်မှာ ဧည့်မထ စပါးတတင်းကို တသောင်းနှစ်ထောင် စပါးတရာ ၁၂ သိန်းလို့ပြောပါတယ်။

ရောင်းသူဘက်ကကြည့်ရင် စပါးတရာကြိတ်ခွဲရင် ဆန်သားသက်သက် ၄၅ တင်းခန့်ရတယ်ဆိုတာမို့ ဆန်တတင်းခွဲအိတ် ရဘို့ စပါးစျေးကတင် လေးသောင်းကျနေပါပြီ။ ဒီတော့ အပေါ်မှာ ပြောတဲ့ ဆန်ကြမ်းစျေး တတင်းခွဲ အိတ်စျေးထဲက စပါးခ ကိုနှုတ်လိုက်ရင် တအိတ်ကို ၁၅၀၀၀ ကျပ် ကျန်မယ်။ ကြိတ်ခ၊ သိုလှောင်ခ၊ ထုတ်ပိုးခ၊ သယ်ခ၊ ရောင်းသူရဲ့ ဝန်ဆောင်ခ၊ တင်မဲ့ အမြတ်တွေ ၊ ကော်မရှင်ခတွေ အကုန်လုံး အကြုံးဝင်သွားမယ်။ ရောင်းသူက တအိတ် ငါးသောင်းရင်းပြီး ငါးထောင်အမြတ်တင်ရောင်းရင် တအိတ်ငါးထောင် ၁၀% ကျန်တဲ့သဘောဖြစ်မှာပေါ့။ တလအတွင်း ရောင်းထွက်လို့ ငွေပေါ်ရင်တော့ ကိုက်တယ်ပြောရမှာပေါ့။

စားသုံးသူဘက်ကကြည့်ရင် ဆန်ကြမ်းတပြည် ၂၃၀၀ ကျပ်မို့လို့ ကျေးလက်နေ အလုပ်ကြမ်းဘောက်လုပ်တဲ့သူဟာတနေ့ နေ့စားခ ၄၀၀၀ ကျပ်လောက်မှ မရရင် သူ အဲ့ဒီ့အလုပ်မလုပ်နိုင်ဘူး။ ကျွန်တော်တို့လေ့လာမိသလောက် Food Wage Ratio က 1.6 လောက်ရှိတာမို့ ကျေးလက်မှာ အမျိုးသမီးလုပ်သား နေ့စားခ က ၃၅၀၀ လောက်နဲ့ အမျိုးသား လုပ်သား နေ့စားခက အောက်ထစ် ၄၀၀၀ လောက် မဖြစ်မနေ စျေးကွက်က သတ်မှတ်ပေးသလိုဖြစ်သွားတာပါ။

အလုပ်ကြမ်းလုပ်တဲ့ မိသားစု တစုမှာ တနေ့ဆန်စားနှုန်းက တပြည်က အောက်ထစ်ပါ။ မိသားစုဝင်က လေးယောက်၊ ငါးယောက် အနည်းဆုံးရှိတာမို့ ဆန်နို့ဆီဗူး မနက်လေးလုံး ည​လေးလုံး ချက်ရင် မလောက်ချင်ပါဘူး၊ အလုပ်ကြမ်းလုပ်တာရော ကျန်စားစရာလည်း မယ်မယ်ရရ မရှိတာရောကြောင့် တကယ်စားရင် တနေ့ တပြည်ခွဲ အောက်ထစ်ကုန်ပါတယ်။ ထားပါ တပြည်နဲ့ပဲတွက်မယ်ဆိုရင် ရတဲ့နေ့စားခ လေးထောင်ထဲက ၂၃၀၀ ကျပ်နှုတ်ပြီးတဲ့အချိန်မှာ ကျန် ၁၇၀၀ ထဲက ဆီ၊ ဆား၊ ငပိ၊ ဟင်းချက်စရာ ဟင်းသီးဟင်းရွက် ဝယ်ရဦးမှာမို့ မလောက်မငှပါပဲ။

တအိမ်ထောင်မိသားစုတစုမှာ ယောကျာ်းတယောက်တည်းက အလုပ်ကြမ်းနေ့စားလုပ်နေရုံမျှနဲ့ဆိုရင် ရသမျှနေ့စားခဟာ တနေ့စားပစ်တာနဲ့တင် ကုန်ပါတယ်။ လုံးဝ မလောက်ငှပါ။ မိသားစု အဖွဲ့ဝင်ထဲက အနည်းဆုံး ၂ ယောက်လောက် အလုပ်လုပ်နိုင်မှ စားဖြစ်ရုံရှိပါတယ်။ မိသားစု နေရေးထိုင်ရေးစရိတ်၊ ကျန်းမာရေး၊ ကလေးကျောင်းစရိတ်ဘာမှ မပါသေးပါ။ အကြွေးလဲယူရတာမို့ အတိုးက ပိပါဦးမယ်။

တနှစ်ပတ်လုံးလည်း အလုပ်က မရှိတော့ အလုပ်မရှိတဲ့နေ့ရက်တွေအတွက် ခေါင်းခဲရပါတယ်။ ဒါကြောင့် လက်ရှိဆန်စျေးနဲ့ ကျေးလက်မှာ နေ့စားခ ၄၀၀၀ ကျပ်လောက်ပဲပေါက်ရင် ရွာမှာ မြေယာမဲ့က ၃၀% လောက်အောက်ထစ်ရှိတာမို့ ကျေးလက်ဆင်းရဲနွမ်းပါးသူတွေ ပိုများလာပြီး အနပ်မမှန်တာ မဝရေစာ စားသောက်ရတဲ့အခြေအနေဟာ မြေကြီးလက်ခတ်မလွဲပါပဲ။

လက်ရှိဆန်စျေးပေါ်မူတည်ပြီး ရွာနေ့စားခ ၄၀၀၀ လို့ အနည်းဆုံးသတ်မှတ်ရင် တောင်သူဖက်ကပြန်ကြည့်ရအောင် သူကောတွက်ချေကိုက်ရဲ့လားလို့ပါ။ စပါးတင်းတရာ ဆယ်နှစ်သိန်းဖြစ်လာလို့ ဟိုတုန်းက ၆ သိန်း ၇ သိန်းနှင့်ယှဉ်ရင် ဝမ်းသာစရာ ဖြစ်ပေမဲ့ ကုန်စျေးနှုန်းက နှစ်ဆ ခုန်တက်လာတာဖြစ်ပါတယ်။ ဓာတ်မြေဩဇာ ပိုးသတ်ဆေး ထွန်ထယ်ခတွေ စက်သုံးဆီစျေးတွေက လိုက်တက်လာတာမို့ စပါး တရာ ၁၂ သိန်းက တောင်သူမလွမ်းလောက်ဘူး ဖြစ်မှာပါ။

ဒါကြောင့်တောင်သူက နေ့စားခ တနေ့ လေးထောင်ထက်ပိုပေး ရရင်လည်း သူ့အတွက်က ဘာမှကျန်မည်မဟုတ်တော့ပါ။ ဒါကြောင့် လုပ်စရာမရှိလို့သာ စိုက်ရမှာ ဖြစ်သော်လည်း အရင်းရရင် ကံကောင်း၊ အကြွေးဟောင်းဆပ်နိုင်လို့ အကြွေးသစ်လေးထပ်ရမယ်။ မိသားစုဝင်တွေ လယ်ထဲ ဝိုင်းကူလုပ်လို့ အလုပ်သမားနေ့စားခလေး ပြန်ရမယ် ဆိုတာလောက်နဲ့ အားတင်းလုပ်ရမှာပါ။ ရာသီကမမှန် အထွက်နှုန်းက ကြာလေကျလေဖြစ်လို့ စိုက်ပျိုးရာသီ သုံးရာသီကုန်ရင် ငွေရင်းလုံးလုံးဆုံးသွားရမဲ့အနေအထားမို့ ဆက်ပြီး မစိုက်နိုင် မပျိုးနိုင်ဖြစ်မှာပါ။

ဒါကြောင့်လဲ ကျေးလက်နေပြည်သူအများကလည်း လယ်ယာလုပ်ငန်းခွင်ကစွန့်ပြီး ပြည်ပသွားတာ ကျောက်သွားတူးတာတွေ များလာတာဖြစ်ပါတယ်။ တနိုင်ငံလုံးစပါးစိုက်ဧက ဆယ့်တသန်းရှိတယ်လို့ စာရင်းဇယားထဲမှာပြတော့ ဘယ်လောက်ကြာကြာ ဒီပုံစံနဲ့ ခရီးဆက်နိုင်မလဲ ဆိုတာ ကြည့်ရပါမယ်။

မြို့ပြနေ အလုပ်ကြမ်းနေ့စားသမားကတော့ လက်ရှိဆန်စျေးနဲ့ တနေ့ တသောင်းမှမရရင် (food wage ratio 4) လောက်ရှိမှ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ လက်ရှိမြန်မာပြည်မှာ minimum wage က ဘယ်လောက်သတ်မှတ်ထားသလဲတော့မသိပါ။

ဒါကတော့ ဆန်စျေးကိုကြည့်ပြီး တွေးမိတာလေးပါ။ စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်ရင် food production နဲ့ access to food ဆိုပြီး နှစ်ပိုင်းခွဲကြည့်ရမှာမို့ ပထမအချက်က ပြည်တွင်း စားဖို့ အနည်းဆုံး တနှစ် ဆန်တန်ချိန် ၆ သန်း ဆက်ထုတ်နိုင်မှာလား၊ ထုတ်နိုင်ပြန်ရင်လည်း တနေ့ကို ဝင်ငွေ ၅၀၀၀ ကျပ်လောက်မှ မဝင်တဲ့ အလုပ်လုပ်နိုင်သူ ဦးရေ ၁၅ သန်းလောက်ဟာ ဘယ်လိုများ ဒီအခက်အခဲကို ကျော်လွှားကြမလည်း ဆိုတာ စဉ်းစားနေမိပါတယ်။ (Win Myo Thu)

Leave a Reply

Your email address will not be published. Required fields are marked *