News

ရန်ကုန်နှင့် မန္တလေးတွင်ပါ ရွှေဒင်္ဂါးပြားများ စတင်ရောင်းချမည်၊ ‌ငွေသားလက်ငင်း ပေးချေရမည်

စကစ ပြောခွင့်ရ ပုဂ္ဂိုလ်က နေပြည်တော်မှာပဲ ရောင်းချမယ်ဆိုတဲ့ ရွှေဒင်္ဂါးပြားတွေကို ယနေ့ကစပြီးတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်းရောင်းချပေးမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ရွှေဒင်္ဂါးပြားတွေကို နေပြည်တော်မှာပဲ ရောင်းချဖို့ရှိပြီး ကျန်တဲ့နေရာတွေမှာ ရောင်းချဖို့ မရှိဘူးလို့ ပြောကြားခဲ့တာပါ။

ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တစ်ကျပ်သား ၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ မန္တလေးတို့မှာပဲ ယနေ့ကပြီးတော့ လွတ်လပ်စွာ ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါ ရွှေဒင်္ဂါးပြားများ ရောင်းချသည့်အစီအစဉ်ကို ဈေးကွက်အတွင်း မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်း‌ကြောင်းသည့်အနေဖြင့် သယံဇာတနှင့် သတ္ထုတွင်းဝန်ကြီးဌာနက ရောင်းချပေးနေခြင်းဖြစ်သည်။ ယင်းသို့ ရောင်းချရာတွင် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြင်ပရွှေဈေးနှုန်းပေါ် တွက်ချက်ကာ ဈေးနှုန်း သတ်မှတ်ရောင်း ချပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာလ ၅ ရက်နေ့က စပြီး နေပြည်တော်မှာ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးပြားအလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သားရောင်းချပေးထားသလို ဝယ်ယူလိုသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသပြီး ရွှေဒင်္ဂါးပြားတစ်ပြားကို တစ်ကြိမ်နှုန်းနဲ့ လက်ငင်းငွေသားပေးချေပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

စတင်ရောင်းချသည့်ရက်တွင် (၁) ကျပ်သားလျင် (၂,၉၅၀,၀၀၀) ကျပ်၊ စက်တင်ဘာ (၁၃) ရက်အထိ (၂,၈၅၀,၀၀၀) ကျပ်၊ (၁၄) ရက်မှ (၁၆) ရက်အထိ (၂,၈၀၀,၀၀၀) သိန်းကျပ်ဖြင့် တစ်လုံးတည်း ငွေသားဖြင့် ငွေပေးချေရသည့်စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတွေ စက်တင်ဘာ (၂၃) ရက်မှာ စတင်ရောင်းချမည့်အကြောင်း ထုတ်ပြန်ထားသော်လည်း တစ်ကျပ်သားလျင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။

Leave a Comment

You cannot copy content of this page