Knowledge

ဂျင်း၊ စပါးလင် စတဲ့ ဟင်းချက် အဆာပလာများကို အလေအလွင့် မရှိအောင် သိမ်းဆည်းနည်း

ဟင်းချက် အဆာပလာများကို အလေအလွင့် မရှိအောင် စနစ်တကျ သိမ်းဆည်းနည်း..

ဟင်းချက် ဝါသနာပါပေမယ့်.. အိမ်မှာမိသားစုနည်းတော့ တခုခုဝယ်မိရင် မကုန်လို့ ကြာကြာမခံတော့လို့ ပျက်စီးသွားတာ အလေအလွင့်ဖြစ်မှာ စိတ်ပူတဲ့ အိမ်ရှင်မ / ထီးတွေ အတွက်ပါ..

ဂျင်းကိုဝယ်ပြီး ဒီအတိုင်းထားလိုက်ရင် ခြောက်သွား ပုပ်သွား.. ရေစိမ်ပြီး ထားပြန်တော့ ရေက မှောက်ကျ.. ပန်းအိုးထဲထည့်စိုက် စားကာနီးပြန်ဖေါ်ဘာညာ နေရာအဆင်မပြေတဲ့ ဘာဘာညာညာ တွေကို ရှောင်ဖို့ရာ ကျွန်မကတော့ ဂျင်းကြိတ်ပြီးသားကို ရေခဲတဲ့ ခွက်ကလေးနဲ့ အတုံးလေးတွေ လုပ်ပြီး ခဲသွားတော့မှ ဇစ်အိတ်ကလေးနဲ့ ရေခဲသေတ္တာအခဲခန်းမှာ သိမ်းပါတယ်..

နောက်တခုက ဂျင်းကို လက်တဆစ်လောက် ထုပြီး အခဲလုပ် ဇစ်အိတ်ထဲ သိမ်းပါတယ်.. ဒါကတော့ အသားဘာညာ ပြုတ်ရင် အနံ့အတွက် ထည့်ချင်ရင် အတွက်ပါ.. ခဲတဲ့အခါ သတ္တုဗန်းကလေးမှာ ပလစ်စတစ်ကလေးခံပြီး တခုချင်းစီထည့်ပြီး ခဲပါတယ်..

လုံးဝ အေးခဲသွားတော့မှ ပြန်ခွာပြီး ဇစ်အိတ်ကလေးနဲ့ သိမ်းတာပေါ့.. သုံးခါနီးကျမှ အတုံးလိုက်ကြီးဖြစ်နေလို့ အကုန် အခဲပျော်အောင်စောင့်ရ ပိုတာတွေက ပြန်ခဲရလို့ cold chain ပျက်လို့ မလတ်ဆတ်တာတွေပါ ရှောင်ပြီးသားဖြစ်ပါတယ်..

စပါးလင်ကိုလဲ ဂျင်းလိုပဲ ကြိတ်ပြီးသားကို အတုံးအနေနဲ့ ရေခဲခွက်ကလေးတွေနဲ့ ပုံသွင်းတယ်.. ခဲတော့မှ အိတ်ထဲပြန်ထည့် ထုပြီးအိုးထဲထည့်မဲ့ ဟာမျိုးအတွက်တော့ လေးလက်မလောက် အပိုင်းလေးတွေ ဖြတ်ပြီး ရေဆေးပြီး kitchen towel လေးနဲ့ ရေသုတ်ပြီးမှ အိတ်နဲ့ သိမ်းပါတယ်.. အိတ်နဲ့ ထည့်ရတာက နေရာယူတာနည်းပြီး သိမ်းရလွယ်လို့ပါ..

အခုနောက်ပိုင်းမှာ စပါးလင်ကြိတ်ပြီးသားပုလင်းနဲ့ ဂျင်းကြိတ်ပြီးသားပုလင်း အသင့်ရလို့ ကြိတ်စရာမလိုတော့ပေမယ့် အဲဒီပုလင်းတွေကလဲ ဖွင့်ပြီးတခါသုံးလိုက်ရင် အေးခဲတဲ့ အနေနဲ့ သိမ်းမှ ကြာကြာခံပါတယ်.. မဟုတ်ရင် မှိုတက်သွားပါတယ်..

ကြက်သွန်အဖြူအနီကိုတော့ ကြိတ်ပြီး ဆီမြုတ်အောင်စိမ်ပြီးသိမ်းပါတယ်.. တလလောက်ခံပါတယ်.. ဆီသတ်ပြီးမှ သိမ်းရင်လဲရပါတယ်.. ကျွန်မကတော့ ဟင်းချက်တဲ့အခါ ကြက်သွန်နဲ့ အသားလုံးတဲ့ အနံ့ကိုလိုချင်လို့ ဆီမသတ်ပဲ သိမ်းရတာပါ..

နံနံပင်လို ငြုပ်သီးစိမ်းလို မျိုးကျတော့ တစ်ရှူးလေးခံပြီး ဘူးအလုံလေးနဲ့ အေးတဲ့ အထပ်မှာ သိမ်းပါတယ်.. ငြုပ်သီးစိမ်းက အညှာခြွေပြီးမှ သိမ်းတာပိုခံပါတယ်.. နောက်သတိရတာရှိရင် လာပြောပါဦးမယ် အိမ်ရှင်မတွေ အလေအလွင့်မရှိပဲ ချက်နိုင်ကြပါစေ.. (နုနုခိုင်)

Leave a Comment

You cannot copy content of this page