News

သူများနိုင်ငံတွေမှာ လစာအနည်းဆုံး NGO အလုပ်က မြန်မာပြည်မှာ အကောင်းဆုံး ဖြစ်နေတဲ့ ရင့်နင့်ဖွယ် အမှန်တရား

သူများ နိုင်ငံတွေမှာ လစာအနည်းဆုံး NGO အလုပ်က မြန်မာပြည်မှာ အကောင်းဆုံး ဖြစ်နေတဲ့ ရင်နင့်ဖွယ် အမှန်တရား..

အန်ဂျီအို။

အတော်ရင်းနီးပြီး လည်လည်ပတ်ပတ်လဲရှိတဲ့ မိတ်ဆွေတယောက်က လှမ်းတိုင်ပင်တယ်။ NGOs တွေမှာ အလုပ် ဘယ်လိုလျှောက်ရမလဲဆိုတဲ့ သင်တန်းလေးဖွင့်ချင်တယ်တဲ့။ အတော်အံ့ဩသွားမိတယ်။ အလုပ် လျှောက်တာ လျှောက်ပေါ့။ ဘာတွေ ထူးထွေလိုမလဲဆိုတာရယ်။ အလုပ်လျှောက်တဲ့ သင်တန်းဖွင့်ရလောက်အောင် မြန်မာပြည်မှာ အန်ဂျီအိုအဲလောကများနေသားဆိုတာကိုလဲ အံ့အားသင့်မိတယ်။

မိတ်ဆွေက အတော်များတယ်တဲ့။ အခုက စီးပွါးရေးလုပ်ငန်းတွေ လာရင်းနှီးမြုပ်နှံတာမျိုး မရှိသလောက် ဖြစ်နေတယ်တဲ့။ နိုင်ငံခြားအလုပ်အကိုင်၊ ဒါမှမမဟုတ်လဲ ဖက်စပ်အလုပ်အကိုင်ဆိုလို့ အန်ဂျီအို တွေပဲ လျှောက်စရာရှိနေတယ်လို့ ပြောတယ်။ လျှောက်တဲ့လူအများစုကလဲ အင်တာဗျူးဖြေပုံဖြေနည်း၊ ဟိုက ဘာတွေမေးလို့ ကိုယ်က ဘယ်လိုဖြေရမလဲဆိုတာ သိပ်မသိကြဘူးတဲ့။ ပြီးတော့ အင်တာဗျုးတွေကလဲ အဆင့်ဆင့် ဖြေရတာလို့ ပြောတယ်။ သူ့ဈေးကွက်သူသိလို့ စီးပွါးရှာချင်တာ မတရားနည်းလမ်းနဲ့ လုပ်တာမဟုတ်ဘူးဆိုရင် ကောင်းပါတယ်။

မြန်မာပြည်ကနေ အမေရိကား ထွက်လာ၊ ကျောင်းတက်။ ဘွဲ့ရပြီးပြီးချင်း NPOs Non-Profit Organizations (အမေရိကန်တွေက အန်ဂျီအိုလို့မခေါ်ဘူး) မှာ လုပ်ရတဲ့အခါကျတော့ မြန်မာပြည်နဲ့ ကွာခြားမှုတခုကို သွားမြင်မိတယ်။ မြန်မာပြည်မှာ လစာကောင်းပါတယ်ဆိုတဲ့ အလုပ်တချို့က ဒီမှာ လစာပုံမှန် ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ်လဲ အတော်နည်းချင်နည်း ဖြစ်နေတယ်။ မြန်မာပြည်မှာ အန်ဂျီအိုတွေ၊ နိုင်ငံခြားသတင်း ထောက်တွေ၊ ဟိုတယ်အလုပ်တွေ အတော်လစာကောင်းကြတယ်။ ဒီမှာတော့ ဟိုတယ်အလုပ်ကလွဲရင် ကျန်တဲ့အလုပ်တွေက သာမန်ဝင်ငွေထက်တောင် နည်းချင်နည်း နေတတ်သေးတယ်။

နိုင်ငံခြားမှာ လစာနည်းလွန်းတဲ့ အလုပ်အကိုင်တွေက မြန်မာပြည်မှာ လစာကောင်းပြီး မက်လောက်စရာဖြစ်နေတာက ဝမ်းနည်းစရာပဲ။ စီးပွါးရေးလုပ်ငန်းတွေဆိုတာ အမြတ်အစွန်းက အဓိက ဆိုတော့ အလှုငွေတွေနဲ့ ရပ်တည်ရတဲ့ အန်ဂျီအိုတွေထက် လစာအများကြီး ပိုပေးနိုင်တယ်။ ဒါပေမယ့် အဲလို လုပ်ငန်းတွေ မြန်မာပြည်မှာ မရှိလွန်းတော့ လစာအပေးနည်းတဲ့ အန်ဂျီအိုတွေမှာ လုပ်ရတာက လစာကောင်းသလို ဖြစ်နေရတယ်။

ဖတ်ဖူးမိတာ တခု သတိသွားရမိတယ်။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး၊ မတိုးတက်ဆုံး၊ သဘာ၀ဘေးအန္တရယ် အခံရဆုံးတိုင်းပြည်တွေထဲမှာ ထိပ်ဆုံးကပါတဲ့ ကာရစ်ဘီယံဒေသက ဟေတီဆိုတဲ့ နိုင်ငံက ကမ္ဘာ့အန်ဂျီအို အများဆုံးတဲ့။ ဆင်းရဲပြီး မတိုးတက်တဲ့နိုင်ငံတွေမှာ အန်ဂျီအိုများလွန်းတယ်ဆိုတာ နိုင်ငံကအလုပ်မဖြစ်၊ စီးပွါးရေးက မတိုးတက်၊ ရောဂါဘယထူပြော၊ အစိုးရရဲ့ စီမံခန့်ခွဲမှုကညံ့ဖျင်းပြီး လာဘ် ပါစားလိုက်သေးလို့ပါ။

နိုင်ငံတိုးတက်လာပြီဆိုရင်တော့ အန်ဂျီအိုတွေနေရာမှာ စီးပွါးရေးလုပ်ငန်းတွေ အတော်အသင့် အစားထိုးဝင်လာကြမှာ။ တတိယကမ္ဘာနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွါးရေးအနေအထားကို တိုင်းတာတဲ့အခါ အန်ဂျီအို ဘယ်လောက်ရှိသလဲဆိုတာကိုပါ ထည့်တိုင်းတာရင် ရမယ်ထင်တယ်။

Zayar Ohn

Leave a Comment

You cannot copy content of this page