“အပျော်တမ်း အပင်းသွင်းကြမယ်” (မယုံမရှိနဲ့နော် အပြင်လောကမှာ တကယ်ဖြစ်နေကြတာပါ)

“အပျော်တမ်း အပင်းသွင်းကြမယ်” (မယုံမရှိနဲ့နော် အပြင်လောကမှာ တကယ်ဖြစ်နေကြတာပါ)

အပင်း သွင်းတယ် ဆိုတာ ကြားဖူးတယ်။ အောက်လမ်းနည်းတွေ လို့ ပြောတာပဲ။ တွေးကြည့်ရတာတော့ အခြားသူ ကိုယ်ထဲ ဘေးဖြစ်စေမယ့် ပစ္စည်းတွေ ထည့်တာ လို့ အကြမ်းစားနားလည်ရတယ်။ (အခု ဆေးပညာတွေ တိုးတက်လာတော့ လူ့ဗိုက်ထဲက သွားတွေ၊ ဆံပင်တွေ၊ မျက်လုံး တွေ တွေ့နေရတာဟာ နေရာလွဲ ပြီး ဖြစ်နေ တာဟု ရှင်းပြထားတယ်။ သူတို့ ပြောတာက ဒါက ပယောဂနည်းတွေ၊ အောက်လမ်းနည်း တွေနဲ့ လုပ်တဲ့ ပြု့စားခြင်းကြောင့် မဟုတ်ဘူး လို့ ပြောတာပါ။)

အခု ကျနော်က အပင်းသွင်းခြင်း၊ ပြု့စားခြင်း အကြောင်းကို ရှင်းပြမလို့ မဟုတ်ပါဘူး။ အပင်း သွင်း ခြင်း ပြု့စားခြင်းကို စကားလုံးတင် ယူပြီး ကျနော် ပြောလိုရာ ဖွင့်ဆို ပြမလို့ ဖြစ်ပါတယ်။ စကားလုံး အပင်းသွင်းခြင်း၊ လူတွေ ပြောကြတယ်လေ။ “သူ့ သွားမစမ်းနဲ့နော်၊ သူက မဟုတ်မခံ” တဲ့။ ဒီလို စကားဦးသန်းထားတော့ ဟို အပြောခံရတဲ့ ငကြောင်က မြောက်ကြွမြောက်ကြွနဲ့ သန်းထားတဲ့ စကားဦးအတိုင်း တကယ် မဟုတ်မခံ လိုလို သဘော ထားလိုက်တယ်။ လူဟာ မွေးလာတာ အတူတူပဲ ဗျ။ သင်ရင်တတ်တယ်။ ပတ်ဝန်းကျင်အတိုင်း ကြီးပြင်းတယ် ။ဒါပဲ ။ဒါထက် ဘာမှ ပိုမထူးခြားဘူး။

အဲဒီမှာ သူ့နားထဲ စကားအပင်းတွေ ဝင်လာတယ်။ “သူက စနေသမီးနော် ၊ နေတက်ရေတက်မွေးတာ၊ သိပ်ထက်တယ်၊ ဒေါသကြီးတယ် ” ဟု။ အဲဒီစကား ကို ကြားရတဲ့ စနေသမီးက ဒီစကားမှိုင်း၊ စကားပင်း ထဲ ပူးဝင်ခံစားပြီး ဟုတ်လောက်တယ်၊ ငါက သိပ်ထက်တာဖြစ်မယ်။ ငါက ဒေါသလည်း ကြီး တယ် ။ စသည်ဖြင့် စကားပင်း ၊စကားညှပ် ပေး ထားတဲ့ လမ်းကြောင်း အတိုင်း သူ့ကိုယ့်သူ နေရာပေး ချထားလိုက်တော့တယ်။ အဲဒီကနေ စပြီး စနေသမီးဟာ သိပ်ထက်သလို ဖြစ်သွား တယ်။ တွေးကြည့်လေ။

အစောကလို မပြောပဲ၊ “သူက သိပ်ကြင်နာ တတ်တာ၊ မေတ္တာတရား လည်း ကြီးတယ် ” ဟု စကားပင်း သွင်းလိုက် ရင်ရော ယောင်တောင်ပေါင်တောင် နဲ့ သွင်းထားတဲ့ စကားပင်း အတိုင်း ဟုတ်သလို ခံစားကြမှာ ဖြစ်ပါ တယ်။ အမှန်ပင် အခြားအရာဝတ္ထု ပစ္စည်းတွေ အပင်း သွင်းတာ ကျနော် မတွေ့ဖူးပေမဲ့ စကားပင်း၊ စကား မှိုင်း၊ စကားညှပ် သွင်းတာတွေကိုတော့ မျက်မြင် တွေ့နေရတာ ဖြစ်ပါတယ်။ ဒါကို ပြု့စားတယ်လို့ လည်း ပြောလို့ရပါတယ်။ အပင်းတွေ သွင်းနေကြတာလေ။

“ရွှေဘိုသားကွ ၊ အောင်ဇေယျမျိုးဆက်” “မန္တလေးသားတွေကွ၊ သိပ်ယဉ်ကျေးတာ” “တောသားကွ ၊ ရိုးသားတယ် ” “မြို့သားကွ ၊ သိပ်ပါးနပ်တယ်” “သူတို့က သိပ်ချစ်ကြတာလေ” “မြန်မာမျိုးတွေကွ၊ သွေးရဲတယ် ” “ဆင်းရဲပေမဲ့ ကိုယ်ကျင့် မပျက်ဘူးကွ” “သူက ဗုဒ္ဓဟူးလေ၊ ဒုတ်ထိုးအိုးပေါက်ပြောတာ” အဲဒီလို ဗျ။ အစကတည်းက ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမဲ့ ဒါကို ဘာမှ မဟုတ်သေးတဲ့ လူတွေကို သွားပြောတော့ ဟိုက မှိုင်းတွေဝင်ပြီး ပြောတဲ့ စကားအတိုင်း ၊ သွင်းထားတဲ့ စကားအပင်းအတိုင်း မြောက်ကြွမြောက်ကြွတွေ ဖြစ်ကုန်ကြတာ။ တစ်ဖက်က မိတ္တဗလဋီကာဆရာကြီး ဒေးကားနက် ဂျီ နည်းတွေဆိုတာ အပင်းသွင်းတာတွေက များ နေတာပါ။ အပင်းသွင်းပြီး ခိုင်းစားတာလေ။

အပင်းသွင်းကြည့်ပါလား။ မိန်းမက သိပ်ကြင်နာတတ်တာ ပဲ လို့ ။ အစက မကြင်နာတတ်ရင်တောင် ကိုယ်အပင်း သွင်းပြီးနောက် ကြင်နာသယောင်တွေ ထွက်လာ တော့မှာပါ။ (o thaw)

Leave a Reply

Your email address will not be published. Required fields are marked *