“အသက်ရှည်ဆေး”
ယနေ့နံနက် ထမင်းကြော်ထိုင်စားနေစဉ်
“ဆရာ နည်းနည်းလောက် ထပေးပါလား” ဟု ဆိုင်ရှင် အမျိုးသမီးက ပြောသည်။
ရေထမ်းနှင့် ကောင်လေးတစ်ယောက်က ဝင်လာသောကြောင့်ဖြစ်သည်။ ကျွန်တော် ထိုင်နေသည်က တိုင်ကီသို့ သွားသည့်လမ်းမှာ ဖြစ်နေပြီး ပိတ်နေသည်။
ကောင်လေးက ရေထည့်ပြီး ပြန်ထွက်သွားသည်။
“အမေ … ပြည့်ပြီ … သားအလုပ်သွားတော့မယ်” ဟု ပြောသွားသည်။
ကျွန်တော်က ထမင်းကြော်စားပြီးနောက် ပိုက်ဆံသွားရှင်းသည်..
“ဒေါ်ညို … ဟိုဘက်မှာ ရေပိုက်နဲ့ ရေလိုက်ထည့်ပေးနေတာ ဘာဖြစ်လို့ ကလေးကို ရေထမ်းခိုင်းနေရတာလဲ … ရေဖိုးလေးတောင် မပေးချင်ဘူးလား”
ဒေါ်ညိုက
“ရှူး တိုးတိုး ဆရာရေ … ရေပိုက်ကို လာထည့်ခိုင်းလို့ရတာပေါ့ … ဒါပေမဲ့ သူတို့ကို အလုပ်လုပ်မှ ထမင်းစား ရတယ်ဆိုတာ သိစေချင်လို့”
ကောင်းလိုက်သည့် ဒဿန
ကျွန်တော်က လမ်းလျှောက်ရင်း အတွေးအမြင်လေးတွေ အများကြီးရတတ်သည်။ ကိုယ်ရလိုက်သည်က ကိုယ့် စာဖတ်ပရိသတ်ကြီးလည်း ရသွားသလို ဖြစ်မည်ဟု ခံယူထားသည်။ ခေါင်းထဲတွင် ချက်ချင်းပေါ်လာသည်က ကွန်ဖြူးရှပ်။
ဒဿနိကဗေဒနှင့် ကျောင်းပြီးထားပြီး ထိုဘာသာရပ်ကိုလည်း စွဲမက်စွာ လေ့လာဖတ်ရှုခဲ့သောကြောင့် အဖြစ် အပျက်လေးတစ်ခု ရလိုက်လျှင် ဥပမာပြုစရာ တစ်ခုခုကလည်း ပေါ်လာတတ်သည်။
တစ်နေ့တွင် ကွန်ဖြူးရှပ်သည် ရွာတစ်ရွာကို ဖြတ်သွားစဉ် အဘိုးအို တစ်ဦးနှင့် သူ့သားတို့သည် ရေတွင်း ထဲမှရေကို ခပ်နေကြခြင်းကို တွေ့လိုက်ရသည်။ ထိုခေတ်ထုံးစံအတိုင်း သစ်သားပူလီ ဘီးကြီးကို ကြိုးတပ်ကာ တစ်ဖက်မှ အဘိုးအိုနှင့် သားဖြစ်သူတို့က ထမ်းပိုးဖြင့် နွားလိုနှစ်ယောက်ဆွဲပြီး ရေတင် နေကြခြင်းဖြစ်သည်။
ပညာရှိ ကွန်ဖြူးရှပ်က သူတို့ ရပ်နားသည့်အချိန်တွင် အဘိုးအိုထံသွားသည်။ ထိုအချိန်တွင် သားဖြစ်သူက ခပ်လှမ်းလှမ်းတွင် ရှိနေသည်။ ကွန်ဖြူးရှပ်က
“အဘိုး အသက်ဘယ်လောက် ရှိပြီလဲ”
“၉၀ ပြည့်တော့မယ်”
“အဘိုးမှာ မြင်းတွေ၊ နွားတွေ မရှိဘူးလား”
“ရှိပါ့ … လယ်သမားပဲဗျ”
“ဒါဆိုရင် ဘာဖြစ်လို့ မြင်းတွေ နွားတွေကို ရေပုံးကြိုး မဆွဲခိုင်းရတာလဲ”
အဘိုးအိုက ကွန်ဖြူးရှပ်ကို ကြည့်လိုက်ပြီး
“ရှူး … တိုးတိုးပြော … ကျုပ်သား ကြားသွားမယ်”
“ကြားသွားတော့ ဘာဖြစ်သလဲအဘိုး”
“ကျုပ်အသက် ခုဆိုရင် ၉၀ ပြည့်တော့မယ်။ ကျုပ်သားအသက်က ခုမှ ၃၀ ပဲရှိသေးတယ်။ သားနဲ့ အပြိုင် ဘာဖြစ်လို့ ကျုပ်ရေဆွဲနိုင်သလဲသိလား … ကျုပ်အဖေကလည်း အဲဒီလိုပဲ ကျုပ်နဲ့အတူတူ ရေတွင်းထဲက ရေတွေကို ဆွဲတင်ခဲ့လို့ပဲ။ နွားတွေ မြင်းတွေနဲ့ ရေဆွဲတင်ခိုင်းလို့ရမှန်း သိတာပေါ့။ သားတွေ ဘာဖြစ်သွားမလဲ။ ငပျင်းတွေ ငဖျင်းတွေဖြစ်သွားတော့မှာပေါ့။ နေရာတကာ လွယ်တာကို အားကိုးလို့မဖြစ်ဘူး။ နေရာတိုင်း ကျွဲတွေ နွားတွေကို အားကိုးနေလို့ မဖြစ်ဘူး။ လူကိုယ်တိုင် ရုန်းသင့်တဲ့နေရာမှ ရုန်းရမယ်။ အဲဒါ ကိုယ်ရော စိတ်ပါ ကျန်းမာအောင် လေ့ကျင့်နည်း တစ်နည်းပဲ”
ပညာရှိ သတိဖြစ်ခဲဆိုသလိုပင်၊ နေရာတိုင်း ပညာရှိမဖြစ်နိုင်ကြောင်း ကွန်ဖြူးရှပ် ကောင်းကောင်းကြီး သိသွားသည်။
ဤဇာတ်လမ်းကို ပြောပြနေသည့် လောင်ဇူးက
“အလုပ်နှင့် အနားယူခြင်းမှာ တစ်ထပ်တည်းကျသည်။ ကောင်းစွာ အနားယူနိုင်ရန် ပင်ပန်းရမည်” ဟု ဆိုခဲ့ပါသည်။
ကျွန်တော်တို့က မြို့နေလူတန်းစားတွေ ဖြစ်နေသည်။ ရေလိုလျှင် မော်တာဖွင့်လိုက်သည်။ လမ်းထဲတွင် ဈေးသည် လာရောင်းသည့်ကိုပင် တိုက်ပေါ်ကမဆင်း အပေါ်မှ ဆွဲခြင်းလေး ချပေးပြီး ကြိုးဆွဲတင် လိုက်လျှင် ကိစ္စပြီးသည်။ ဈေးသွားလျှင်လည်း ၁၀ မိနစ်လောက် လမ်းလျှောက်လျှင် ရောက်နိုင်သည့်ခရီးကို ဆိုက်ကား အား ၅၀၀ ပေးစီး နေကြသည်။
အားထုတ်မှုတွေ လျှော့လာပြီး ကိုယ်ခန္ဓာကို ညှာလွန်းလာသည့်အခါ ရောဂါတွေ ထူလာသည်။ အသက်တွေ တိုလာသည်။
ကျွန်တော်ကတော့ ယနေ့နံနက် ဆက်စပ်တွေးလိုက်မိသော အသက် ၉၀ အဘိုးအိုက သူ၏ အသက် ၃၀ အရွယ် သားဖြစ်သူကို ပညာပေးနည်းအား မိတ်ဆွေတို့ကို မျှဝေလိုက်ပါသည်။
များများ လှုပ်ရှား ကျန်းမာကာ အသက် ၁၀၀ နေနိုင်ကြပါစေ။
တင်ညွန့် (၂၄.၁၁.၂၀၂၀)