ညဖက်ရောက်ရင် အသက်ဝင်ပြီး လိုက်ခိုးတဲ့ သူခိုးနက္ခတ်နဲ့ အရုပ်..
လှဆောင် တစ်ယောက် ပြုံးရွှင်သောမျက်နှာဖြင့် ကွမ်းလေးဝါးရင်း ရွာသို့ပြန်လာခဲ့သည်။ လက်ထဲတွင် နိုင်ပွဲဆာလောင်စိတ်ပြင်းပြသော ကြက်နီဖကြီးကိုပိုက်ရင်း “မိုက်ချက်ကတော့ ကမ်းကုန်ပဲကွာ အနှောင့်ကလည်းကျ (အတက်ဆူး) တွဲမိလို့ကတော့ မျက်လုံးအပါပဲ ကြမ်းလိုက်တဲ့ ဖေ့သားကြီး ပိုက်ဆံရှာတော်ပါ့” တစ်ယောက်တည်း ဝမ်းသာအားရ စကားများပြောနေသည်။
လှဆောင် သည် ခေသူမဟုတ်။ တစ်ဗွေတည်း ရွာစဉ်လှည့် ကာကြက်တိုက်နေသော ကြေးစား ကြက်သမားကြီးဖြစ်သည်။ သဘောကောင်းသည် သို့သော် လက်သီးပြင်း၏။ ကတိတည် သလို ဓားထိုးပတ်စက်သည်။ ထို့ကြောင့် မည်သူမျှမလှန်ရဲပေ။ “ကိုယ့်ရွာမှာ ကြက်ဖ သူများရွာရောက်လျှင်ကြက်မ” ဆိုသော စကားသည် လှဆောင် အဖို့ဟာသ ဆန်လိမ့်မည်။ သူကတော့ ဘယ်ရောက်ရောက် ကြက်ဖဖြစ်သည်။ လှဆောင် တိုက်သော ကြက်များရှုံးပွဲကြုံလျှင် ချက်စားဖို့ဝေးစွ အနာကျက်အောင်ကုပေးပြီးမှ တောထဲသို့ဘေးမဲ့ လွတ်ပေးသည်။ ကြက်သားဆို လုံးဝမစားသော ကတိတည် သစ္စာစောင့် ကြက်သမားစစ်စစ်ဖြစ်ပေသည်။
ယခုလည်းတောင်ဘက်ရွာမှ ကြက်တိုက်ပြီး အနိုင်ရကာ ပြန်လာခြင်း ဖြစ်သည်။ ရွာအဆက် ချောင်းကူးတံတားသို့ရောက်လျှင် “ဟ ဘာလေးပါလိမ့်” ချောင်းထဲတွင်မျှောလာသော အရာဝထ္တုလေးကို ကြည့်ရင်း အံသြနေမိသည်။ အနီးနားရောက်လာမှ တံတားပေါ် ထိုင်ချရင်း ရေထဲမှ ပစ္စည်းလေးကို ဆယ်ယူကာ “ဝါးးး အတော် လက်ရာမြောက်တာပဲ အမယ် တစ်ကိုယ်လုံးမည်းနက်နေတာ မျက်လုံးနားလေးကွပ်ပြီး ဖြူနေတယ် လက်ထဲမှာလဲ အထုပ်နီလေး နဲ့” တစ်တောင် ခန့်ရှိသော အရုပ်ကိုကြည့်ပြီး သဘောကြနေသည်။ ထို့နောက် ဘေးစလွယ်သိုင်းလာသော လွယ်အိတ်ထဲသို့ထိုးထည့်ကာ ရွာသို့ပြန်လာသည်။
တစ်ကိုယ်ရည် တစ်ယောက်တည်းသမား တစ်ကောင်ကြွက်ဖြစ်၍ ကြိုနေမည့်လူတော့မရှိ။ သို့သော် အိမ်ထဲသို့ဝင်လိုက်လျှင် အောင်နက် က အပြေးလာကြိုသည်။ လှဆောင် အဖို့တော့ အောင်နက် သည် အကောင်းဆုံးမိတ်ဆွေဖြစ်သလို အတော်ဆုံး အိမ်တော်ထိန်းဖြစ်သည်။ မွေးထားသမျှကြက်များကို အခြားသူများမခိုးအောင်ကာကွယ်ပေးသည်။ “ဟိတ်ကောင် အမြှီးနှံမနေနဲ့ မင်းတွက်ဘာမှမပါဘူး ခနနားပြီးမှ မင်းတွက် ထန်းလျက်ခဲဝယ်ပေးမယ် တူတူစားကြတာပေါ့။”
လှဆောင် လည်း အိမ်ပေါ်ထပ်သို့ ယိုင်နဲ့နဲ့လှေကားထစ်များမှတက်ကာ တစ်ရေးတမော အိပ်လိုက်သည်။ “ဝုပ် ဝုပ် အီ အီ အီ” အိမ်အောက်ထပ်မှ အောင်နက်အော်နေခြင်းဖြစ်သည်။ ထိုအသံကြားမှ လှဆောင်တစ်ယောက်နိုးလာကာ လွယ်အိတ်ထဲက ပိုက်ဆံကို နိုက်လိုက်သည်။ အရုပ်က ရှုပ်နေသဖြင့် အရုပ်ကို အရင်ထုတ်ကာ ဘုရားစင်ပေါ်တင်ထားလိုက်သည်။ ပြီးမှ နှစ်ရာတန်တစ်ရွက်ထုတ်ကာ အောင်နက်ကိုခေါ်ပြီး ထန်းလျက်သွားဝယ်သည်။ လှဆောင် လည်း ထမင်းနှင့်ထန်းလျက်နယ်ကာ အောင်နက်နှင့်တစ်ယောက်တစ်ဇလုံစီစားကြသည်။ ညစာက အရမ်းကောင်းလွန်းသည်။
လှဆောင် တစ်ယောက် ဗိုက်လည်းတင်းသဖြင့် အပေါ်တက်လာစဉ် “ဟာ ဒီအရုပ်က ဘာလို့ ငါ့အိပ်ယာပေါ်ရောက်နေတာလဲ ကြက်တွေတက်ပြီး သောင်းကျန်းသွားတာထင်တယ်” အရုပ်ကို ဘုရားစင်ပေါ်တင်ထားလိုက်ပြန်သည်။ တစ်နေကုန်ပင်ပန်းလာသဖြင့် ခေါင်းအုံးနှင့်ခေါင်းထိလျှင် အိပ်ပျော်သွားတော့သည်။
“အောက် အီး အီး အွတ်” ခေါင်းရင်း သရက်ပင်ပေါ်မှ ကြက်နီဖကြီး၏ တွန်သံကြောင့် လှဆောင် လည်း အိပ်မရတော့ဘဲ အိပ်ရာပေါ်တွင် ငုပ်တုတ်ထိုင်ပြီး ထမည်အလုပ် “ဟဲ့ သောက်ပလုတ်တုတ်” အိပ်ယာဘေးတွင် ရပ်နေသော အရုပ်ကို မြင်လိုက်ရသည်။
ညက သေချာပေါက် ဘုရားစင်ပေါ်တင်ထားသော်လည်း ယခု သူ့ဘေးတွင်ရောက်နေသဖြင့် အံသြနေသည်။ လေတိုက်လျှင်လည်း အရုပ်ကထောင်လျက်ကျမည်လား။ အတွေးများဖြင့် လှဆောင် တစ်ယောက် ဝေခွဲမရပေ။ထို့နောက် ကြက်များကိုကျွေးရန် ဆန်အိုးထဲမှဆန်များကိုနှိုက်စဉ် “ဟ မာမာကြီး ဘာပါလိမ့်” လှဆောင်လည်း ချက်ချင်းထုတ်ကြည့်လိုက်သည်။ ဆယ်လက်မ ပတ်လည်ရှိ သနပ်ခါးလိမ်းတဲ့ ကျောက်ပျဉ်ဖြစ်နေသည်။ သနပ်ခါးမလိမ်းသော လှဆောင်အိမ်တွင် ကျောက်ပျဉ်ရောက်နေခြင်းမှာ ထူးဆန်းလှပေသည်။
လှဆောင် လည်း ကျောက်ပျဉ်ကို ဘေးချကာ ဆန်များယူပြီး “တီ တီ တီ လာကြဟေ့ ဖေ့သားကြီးတို့ ချစ်သမီးတို့ စားကြ စားကြ တီ တီ တီ..” အောင်နက်ကိုတော့ မနေ့ကထန်းလျက် လက်ကျန်ကျွေးလိုက်သည်။ ထို့နောက် ပဲပြုတ်သည်ဆီမှ စားတော်ပဲ တစ်ရာဖိုးဝယ်လိုက်သည်။ မျက်နှာသစ်ပြီး ထမင်းကြမ်းခဲနှင့်ပဲပြုတ်ကို အားရပါးရစားရန်ပြင်လိုက်သည်။ ”ဝုန်း” အပေါ်ထပ်မှ အသံကြီးဖြစ်သည်။ လှဆောင်လည်း ကြက်တွေခုန်တယ်ဆိုပြီး ထမင်းကိုပဲ ဆက်စားနေစဉ် “ဝုန်း ဒုန်း ဒုန်း” ခြေစောင့်သံပါ ကြားလာသဖြင့် အပေါ်သို့တက်သွားစဉ် ”အောင်မလေး” အရုပ်မှာ လှေခါးအပေါ်ဆုံးထပ်တွင် ပြူးပြူးကြီး ရပ်ကြည့်နေသည်။ မျက်လုံးများမှောက်သလားဆိုပြီး သေချာပြန်ကြည့်မှ အရုပ်မှာ လဲနေသဖြင့် ပြန်ကောက်ယူကာ ဘုရားစင်ပေါ်တွင်ပြန်တင်ထား လိုက်ပြန်သည်။
ကြက်များကိုအစာကျွေးလိုက်၊ ကြက်ဖများကိုအိုးမည်းသုပ် ခွတ်လပ်ကြည့်၊ ကြက်များဖြင့်သာ တစ်နေ့တာကုန်ဆုံးသွားတော့သည်။ နေ့ဘက်ပင်ပန်း သဖြင့်ညစောစွာ အိပ်ပျော်သွားသည်။ “ဝုတ် ဝုတ် ဝုတ်” စူးစူးဝါးဝါး ထိုးဟောင်နေသော အောင်နက်အသံ၊ “ကတော် ကတော် ကတော်” ကြက်များပါ အော်နေသဖြင့် သူခိုးတော့ ကပ်ပြီအထင်နှင့် လှဆောင်လည်း အိပ်ရာမှပြာပြာ သလဲထကာ လက်ထဲတွင် လေးခွကိုင်ပြီး အပေါ်မှ ချောင်းကြည့်စဉ် အနက်ရောင် ဝတ်စုံဖြင့် အနီရောင်အိတ်ကို ကျောမှာ လွယ်ထားသော သူခိုးတစ်ယောက်ကိုတွေ့သဖြင့် တွေဝေမနေဘဲ လေးခွဖြင့် ခေါင်းတည့်တည့်ဆော်ချလိုက်သည်။ သူခိုးလည်း ထွက်ပြေးသွားသည်။
“တောက်ကွာ ငါ့အိမ်ကိုများ ဘယ်သူခိုးက လာခိုးရဲပါလိမ့်” မချိတင်ကဲ ရေရွတ်ရင်း လှဆောင် တစ်ယောက် အိပ်ယာဘေးတွင်ချိတ်ထားသော ငှက်ကြီးတောင်ဓားကို ဆွဲယူပြီး သူခိုးနောက် အပြေးလိုက်သည်။ အရိပ်အယောင်ပင်မတွေ့လိုက်တော့ပေ။
ဒေါသစိတ်နှင့်ပြေးလိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိ။ မောမောဖြင့် သစ်ပင်တစ်ပင်အောက်သို့ ထိုင်ချလိုက်သည်။အပုပ်နံကြီးထောင်းခနဲ ထွက်လာသည်။ ”ကျွတ် သူခိုးမမိရတဲ့အထဲ ခွေးသေကောင်အနံ့ နဲ့လာတိုးနေတယ် ကံကိုမကောင်းဘူး ပြန်တာပဲအေးပါတယ်ကွာ” တစ်ယောက်တည်းစကားပြောပြီး ထလိုက်စဉ် လှဆောင် တစ်ယောက် ထမရပေ ပုဆိုးကို တစ်စုံတစ်ခုက ဆွဲထားသည်။လှဆောင်လည်း အမှတ်တမဲ့ လန့်ကာ လက်ထဲကဓားဖြင့် ဆွဲထားသောအရာကို မမြင်မစမ်း ပိုင်းချပစ်လိုက်သည်။
“ဒုတ်” သေချာကြည့်မှ သစ်ပင်အခြေမှ ငုပ်နှင့်ပုဆိုးညှိ နေခြင်းဖြစ်တော့သည်။ လရောင်ဝိုးတဝါးလေးဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြက်သီးမွေးညှင်းများထောင်ပြီး ခေါင်းပါကြီးသွားသည်။ ပြည့်ကြပ်နေသော ထုံးဖြူဖြူ အုတ်ဂူများနှင့် မြေမို့မို့မောက်မောက်များရှိရာ ရွာနောက်ဘက်က နာမည်ကြီး သချိၤုင်းကြီး ဖြစ်နေတော့သည်။ ညဘက်သွားရန်မပြောနှင့် နေ့ခင်းဘက်တောင် မည်သူမျှ ခြေဦးမလှည့်သောနေရာဖြစ်သည်။ လှဆောင်သည် လူချင်းထိုးရဲသော်လည်း သရဲတော့အသေကြောက်သည်။ ငယ်ငယ်က ဖားရိုက်ထွက်ရင်း ခေါင်းပြတ်သရဲနှင့် ကြုံခဲ့ရဖူးသော နေရာဖြစ်၍ ကြောက်စိတ်များပိုတိုးလာသည်။ ရသမျှ ဘုရားစာများရွတ်ကာ အားတင်းပြီး သချိၤုင်းကို ဖြတ်ပြန်မည်အလုပ် “ဝုန်း” “အောင်မလေးဗျ” သစ်ပင်ပေါ်မှ တစ်စုံတစ်ခုခုန်ချလာခြင်း ဖြစ်ဟန်တူသည် လှည့်မကြည့်ဘဲ ခြေကုန်သုတ် ထွက်ပြေးလိုက်တော့သည်။
မည်သို့မည်ပုံ အိမ်ရောက်လာသည်မသိ ရေတစ်ခွက်အဝသောက်ကာ စောင်ကိုခေါင်းမြှီးခြုံပြီး ချွေးဇောများပြန်နေသည်။ ”ဟောဟဲ ဟောဟဲ ဟူးးး မောလိုက်တာ” တိုးတိုးလေး ညည်းရင်း လှဆောင်တစ်ယောက် အကြောက်မပြေသေးပေ။ ”ဝူးးး အူးးး ဝုတ် ဝုတ်”အောင်နက်ရဲ့ ဆွဲငင်စွာ အူသံ ကြောင့် လှဆောင် ပို၍ကြောက်လာသည်။ ခြေသံ တိုးတိုး နားထဲဝင်လာသည်။ ”ဒေါက် ဒေါက်” လှေကားမှတစ်ဆင့်အိပ်ပေါ်သို့ တစ်ခုခုထောက်ကာ တက်လာနေသည်။ ”ဟာ သွားပြီ” လှဆောင်သတိဝင်ကာ ဘုရားစင်ဘက်ကို လှိမ့်ရှောင်လိုက်သည်။ သူမေ့ကျန်ခဲ့သော ဓားဖြင့် ဝတ်ရုံနက်ဝတ်ထားသူက လိုက်ခုတ်တော့သည်။ လူလူချင်းဆိုတဲ့ အသိနဲ့လှဆောင်တစ်ယောက် သွေးရဲလာသည်။ အောက်သို့ဆင်းကာ ခြံစည်းရိုးက ဝါးလုံးဆွဲဖြုတ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကြသည်။ အောင်နက်ကလည်း အဆက်မပြတ်ဟောင်နေသည်။ သို့သော် အိမ်နီးချင်းများ မနိုးကြပေ။ တစ်နေကုန်ယာထဲ ကိုင်းထဲဝင်နေကြရသဖြင့် ပင်ပန်းကာ အိပ်မောကြနေဟန်တူသည်။
တိုက်ခိုက်ချိန်မည်မျှ ကြာသည်မသိ အရှေ့ဘက်မှရောင်နီဦးပေါ်လာသည်။ လှဆောင်တစ်ယောက် ခုခံကာကွယ်နေရသဖြင့် လက်ပန်းများကျလာသည်။ ဝတ်ရုံနက်ဖြင့်လူက လှဆောင်ရဲ့ရင်ဝသို့ တစ်ချက်ကန်ချလိုက်သည်။ လှဆောင် တစ်ယောက်နောက်သို့လဲကျသွားစဉ် ဘယ်ချိန်ကရှိနှင့်နေတဲ့ အုတ်ခဲနှင့်ခေါင်းမိတ်ဆက်ကာ သတိလစ်သွားတော့သည်။ ”အွတ် အီးး အီးးး အွတ်” “အားးး ကျွတ် ကျွတ် ကျွတ်” လှဆောင်တစ်ယောက် ကောင်းကိုပွတ်ကာ သတိပြန်လည်လာသည်။ လူးလဲထလိုက်သည်။
ရှည်လျားသော ငှက်ကြီးတောင်ဓားကို ပုခုံးပေါ်ထမ်းထားသော တစ်တောင်ခန့်ရှိ အရုပ်က ပြူးကြည့်နေတော့သည်။ လှဆောင်လည်း လှန့်ဖြတ်ကာ အရုပ်ကို ချက်ချင်းကောက်ပြီး ရွာအစပ်ချောင်းကူးတံတားပေါ်သို့ သုပ်ခြေတင် ပြေးကာ ချောင်းထဲသို့အရုပ်ကို လွင့်ပစ်လိုက်တော့သည်။ ထိုနေ့တွင် အပျိုကြီး ဒေါ်မြတင် တစ်ယောက် သူ့ကျောက်ပျဉ်ပျောက်၍ တစ်ရွာလုံးကို ပြသနာရှာပါတော့သည်။ လှဆောင်လည်း သူ့အိမ်ဝင်ရှာလျှင် တွေ့မည်စိုးရိမ်သဖြင့် ညဘက် ခြံထဲတွင်မြှုပ်ထားလိုက်သည်။
နောက်တစ်နေ့တွင် အပျိုကြီးဒေါ်မြတင် တစ်ယောက် ယာထဲတွင်ပိုးထိ၍ ဆုံးသွားသည်။ လှဆောင်လည်း စိတ်မကောင်းဖြစ်ကာ တစ်ညလုံး အိပ်မပျော်ပေ။ ”ဝူးးးး အူးးးး ဝူးးး” အောင်နက်ကလည်း အူပဲ အူနိုင်လွန်းသည်။ လှဆောင်တစ်ယောက် အပေါ့သွားချင်စိတ်ဖြစ်လာသဖြင့် အောက်ကိုဆင်းကာ အပေါ့သွားစဉ် ကျောက်ပျဉ် မြှုပ်ထားသောနေရာတွင် လူတစ်ယောက်ကုန်းကုန်းကွကွ နှင့် မြေများတူးနေသည်ကို နောက်ကျောဘက်မှမြင်ရသဖြင့် “ဟိတ် ငါ့ခြံဝိုင်းထဲ ဘာလာလုပ်တာလဲ”အော်ငေါက်ပစ်သည်။ ထိုသူမှာ လှဆောင်ဘက်တစ်ဖြည်းဖြည်းလှည့်လာသည် “ဟင် ဒေါ်မြတင်” ။
လေးစားလျှက် – အလွမ်းသစ် (ကာရံ)