သူငယ်ချင်း (၁၀) ဦးနှင့်အတူ ရေလည်ကျွန်းသို့ သွားသည့် ကလေး (၅) ရက်ရှိပြီ ပြန်မတွေ့သေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့က သူငယ်ချင်း ၁၀ ဦးနှင့်အတူ ရေလည်ကျွန်းသို့ သွားသည့် ကလေးငယ်ကို ၅ ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်က မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၌ နေထိုင်သည့် အသက် ၁၂ နှစ်အရွယ်ကလေးငယ်မှာ သူငယ်ချင်း ၁၀ ဦးနှင့်အတူ မြစ်ကြီးနားမြို့ရှိ ရေလည်ကျွန်းသို့ အပျော်ခရီးသွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာ ပျောက်ဆုံးကလေးငယ်မှာ မူးနေသည်ဟုဆိုကာ သူငယ်ချင်းများက စုပေါင်းငှားရမ်းထားသည့် ဘန်ဂလို တစ်ခုအတွင်း အိပ်နေစေခဲ့ကြောင်း သိရသည်။ ထို့နောက် အခြားကလေးငယ် ၁၀ ဦးတို့ ကစားပြီး၍ ပြန်လာစဉ် ဘန်ဂလို၌ အိပ်၍နေခဲ့သည့် ကလေးငယ်မှာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဘယ်လိုမှကို သတင်းအစအန မရသေးပါဘူး။ ကလေးက ရေလည်ကျွန်းကို သွားကစားတာ။ ၁၁ ယောက်သွားတာ။ ၁၀ ယောက်ဘဲ ပြန်လာတယ်။ ကျွန်တော်သားဘဲ ပြန်မရောက်လာတာ။ သူ့ သူငယ်ချင်းတွေ ပြောတာတော့ သူက အရက်မူးတယ်ဆိုပြီး သိပ်ထားခဲ့တယ်တဲ့။ အပြန်ကျတော့ သူ့ကို ရှာလို့မတွေ့တော့ဘူးတဲ့” ဟု ပျောက်ဆုံးကလေးငယ်၏ ဖခင်က ပြောပါသည်။

ယနေ့၌ ကလေးငယ်ပျောက်ဆုံးသည်မှာ ၅ ရက်ကြာမြင့်ပြီဖြစ်ကာ မိသားစုမှလည်း နေ့စဉ်ရှာဖွေလျက် ရှိသည်။ ထိုကလေးငယ်အား တွေ့ရှိပါကလည်း ဆက်သွယ်၍ သတင်းပေးပို့ ကူညီပေးပါရန်လည်း ၎င်း၏ ဖခင်မှ တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *