ကိုရီးယားမှာ အလုပ်လုပ်ပြီး မိဘကို လစဉ်ထောက်ပံ့ပေးနေတဲ့ မြန်မာလုပ်သားတဦးရဲ့ နောင်တ

ကိုရီးယားမှာ အလုပ်လုပ်ပြီး မိဘကို လစဉ်ထောက်ပံ့ပေးနေတဲ့ မြန်မာလုပ်သားတဦးရဲ့ နောင်တ..

ကျနော် ရဲမင်းသူဆိုတဲ့ အညာသားလေး တစ်ယောက် ကိုရီးယားမှာ ၃ နှစ် အလုပ်လုပ်ခဲ့တယ်။ ကိုရီးယားမှာနေတုန်းက ရခဲ့တဲ့ ပိုက်ဆံတွေကို လကုန်ပြီဆိုလျှင် မိဘဆီ ပို့လိုက်တယ်။ အဖေနဲ့ အမေ စိတ်ချမ်းသာတယ်။ မိသားစု စားဝတ်နေရေး ပြေလည် လာတယ်။ ညီမလေးနဲ့ ညီငယ် တစ်ယောက်ကိုလည်း ကျောင်း ကောင်းကောင်းမှာ ထားနိုင်တယ်။

ကျနော်ကလည်း အသုံးစားရိတ်လောက် ချန်ထားတက်တာ အပို မသုံးဖြစ်အောင်နေတယ်။ အဓိက ကတော့ အဖေ၊ အမေနဲ့ ညီငယ်၊ ညီမငယ်လေးတွေဆီ ဖုန်ဆက်တဲ့အချိန် လွင့်ပျံလာတဲ့ ရယ်ရွှင်မြူးသံတွေက ကျနော့် အတွက် ပရိုဘီမင် ပါပဲ။

ကျနော် အဖေ့ဆီ ဖုန်းဆက်တယ်။ အဖေရေ အကြွေးတွေကြေပြီ လား။ လူ့လောကမှာ သူများဆီက အကြွေး ရှိနေလျှင် စိတ်ချမ်းသာမှုတွေ ပျောက်ပျက်လွန်းလို့ ကြွေးကင်းရှင်းခြင်းချမ်းသာကိုတော့ ကျနော် ခံစားချင်တယ်။ ကျနော် အဖေနဲ့ အမေကို အမြဲပြောတယ် အဖေရေ သူများက ကိုယ့်ကို ယုံကြည်လို့ ချေးတဲ့ ငွေတွေကို အရင်ပြန်ဆပ်ပါ။ ပြီးလျှင် ကျန်တာလုပ်ပေါ့။

အဖေကလည်း ကျနော့်ကိုပြန်ပြောတယ်။ ငါ့သားကြီးရ မင်းနိုင်ငံခြားသွားဖို့ ချေးတဲ့ ငွေတွေကို အလွယ်တစ်ကူချေးလို့ ရတာက အဖေတို့ မျိုးရိုးမှာ သူများကြွေးမြေကို သံသရာထိ မယူဘူးဆိုတဲ့ ရိုးသားမှု ဂုဏ်နဲ့ အမြဲနေတယ်။ လက်ထဲ ရှိရင်ပြန်ဆပ်ခဲ့တဲ့ အတွက်ကြောင့် အဖေတို့မှာ ငွေအခက်အခဲ မရှိပါဘူးကွာ။

အဲ့ဒီလိုနဲ့ အကြွေးတွေကြေအောင် ဆပ်ပြီးတော့ အဖေနဲ့ အမေက သားရေ အကြွေးကျေပြီကွာ။ အဖေ့ သားတွေ သမီးငယ်တွေနဲ့ တူ၊ တူမတွေကို အလှူ လှူပေးချင်တယ်ကွာ။ အဖေ ကတော့ မီးခိုးတိတ်။ ဗျိုးထိုး အကူမခံဘူး။ ထမင်းရည်ချောင်းစီး မောင်းတီး လှူချင်တာကွ။ ပြီးတော့ ငါ့သားလည်း ကိုရီးယား ရှိနေတာဆိုတော့ အကြီးအကျယ် လှူချင်တယ် သား။

အဖေ ဘယ်လောက်လောက်ဆိုရင် ရလည်းမေးတော့ သိပ်မကုန် ပါဘူးကွာတဲ့။ အလှူကိစ္စ ဆိုတော့ ကျနော်ကလည်း မပိတ်ပင်ပါဘူး။ နောက်တစ်ခုက မိဘကို စိတ်ချမ်းသာစေချင်တယ်လေ။ အဲ့ဒီလိုနဲ့ အလှူကြီးကို ခြိမ့်ခြိမ့်သဲ လှူလိုက်တယ်။ အလှူပြီးတော့ ဖုန်းဆက်လာတယ်။ သားရေ သိန်းတရာနား ကပ်သွားတယ်။ အဖေ့ရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အသံက ကျနော့်ရင်ကို အေးမြစေပေမဲ့ သက်ပြင်းလေး တစ်ချက် ခိုးပြီး ချမိတာကိုတော့ အဖေ သိမှာ စိုးရိမ်မိတာအမှန်ပင်။

အကြွေးတွေတော့ ကျတယ်။ ငါ့သား ဒီတစ်ခါ လစာ ဘယ်နေ့ရမှာလဲ။ အဖေရေ လစဉ် ပုံမှန် ၂၅ ရက်နေ့ပေါ့ အဖေရယ် ပြောလိုက်တယ်။ အေးကွာ အကြွေးရှင်တွေကို ဖြေးဖြေးချင်းဆပ်သွားမယ်ကွာ။ ဟုတ်ကဲ့ပါ အဖေ။ အဖေ၊ အမေနဲ့ မိသားစု အားလုံး အဆင်ပြေနေတယ် ဆိုရင် သား ပျော်ပါတယ် အဖေ။ အဲ့ဒီလိုနဲ့ အလှူကြွေးကို ၅ လခန့်ကိုရီးယား လာတုန်းက ချေးတဲ့ ငွေက အတိုးနဲ့ ဆိုတော့ ၇ လ ခန့်။ တနှစ်ရှိ သွားပြီ။ လက်ထဲတော့ မပိုသေးဘူးပေါ့။

အဖေနဲ့ အမေ ဘာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးထားလည်း သားတို့ စီးပွားရေး တစ်ခုတော့ လုပ်မလားလို့ဗျာ။ အဖေက ပြောတယ် ငါ့သားရာ လုပ်မှာပေါ့ကွ။ အဖေနဲ့ အမေက အသက်ကြီးပြီဆိုတော့ အိမ်ကောင်းကောင်းဆောက်ချင်တယ်။ သားအနေနဲ့ ဘယ်လို သဘောရလဲ။

ကျနော် စဉ်းစားလိုက်တယ်။ အဖေနဲ့ အမေလည်း အိမ်ကောင်းကောင်းနဲ့ နေချင်မှာပဲလေ။ ငါ့သားရေ သစ်သားအိမ်နှစ်ထပ် ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုပ်ခုံခံ၊ သွပ်မိုး ဆို ၁၅၀ သိန်း ဝန်းကျင်လောက်ကျမှာ။ နံကပ်ဆိုရင်လည်း ၂၀၀ သိန်းကျော်ပဲ မထူးတော့ဘူး။ နံရံကပ် လုပ်လိုက်ရအောင် ဟုတ်ကဲ့ အဖေ။

သား အလုပ် လုပ်နေတယ် ဆိုတာကလည်း အဖေ၊ အမေနဲ့ မိသားစု အတွက်ပါ။ အဖေ အမေ စိတ်ချမ်းသာတယ် ဆိုရင် သား ပျော်တယ် အဖေနဲ့ အမေ။ ညီလေး ညီမလေးတွေ ကိုလည်း လိုအပ်တာလေးတွေ လုပ်ပေးလိုက်ပါ။ အဖေရေ သားကလည်း လခစား အလုပ်သမား ဆိုတော့ လကုန်မှသာ ငွေက ရနိုင်တာဆိုတော့ အဖေအဆင်ပြေသလို ဆောက်သွားပါ။

ငါ့သား လစဉ်ပုံမှန် လွှဲပေးနေရင် အကြွေး အကုန်ယူလို့ရတယ်ကွ။ အဲ့ဒီလိုနဲ့ ကျနော်လည်း လစဉ် ပုံမှန်ငွေလွှဲ အဖေကလည်း နှစ်ထပ်တိုက်ကို အကျအန ဆာက်လိုက်တော့ သိန်း ၃၀၀ နားကပ်သွားတယ်။ အချိန်ကလည်း နှစ်နှစ်ခန့်ကြာ သွားတယ်။ ကျနော့် စက်ရုံကလည်း ၃ နှစ်ပြည့်တော့ နောက်တနှစ် အတွက်က အလုပ်မကောင်း စက်ရုံကလည်း ဒေဝါလီခံမယ့် အဆင့်နီးပါးဆိုတော့ တိုးဖို့ အဆင်မပြေတော့ဘူး။

ကျနော် အိမ်ကို ဖုန်းဆက်လိုက်တယ်။ အဖေ သားသက်တမ်း တိုးမရဘူး။ အခြားလည်းထွက်ပြီး အလုပ်မရှာတော့ဘူး။ ပြန်လာခဲ့မယ် ဆို အဆင်ပြေလား ဆိုတော့။ အိမ်လည်းပြီးပြီကွာ ပြန်လာပေါ့ကွာ ဒိုးတူဘောင်ဘက် လုပ်စားတာပေါ့။

အဲ့ဒီလိုနဲ့ သုံးနှစ်ပြည့်တော့ပြန်လာခဲ့တယ်။ လက်ထဲမှာ ထွဲဂျီးဂွန်း လေးတော့ အနည်းငယ် ပါသေးတယ်။ အဲ့ဒီလိုနဲ့ နေလာလိုက်တာ ၆ လခန့်ကြာသော်ပေါ့ဗျာ။ လုပ်ငန်းကလည်း မယ်မယ်ရရမရှိ လက်ထဲက ငွေကလည်း ကုန်သွားပြီ။ အဖေ့ ငွေ ၂ သောင်းလောက် ပေးပါဦး။ သား သူငယ်ချင်းတွေနဲ့ အပြင် ခဏသွားမလို့။ ငါ့သားရ ရော့ ၅၀၀၀ ကျပ် ၅၀၀၀ ဆိုတာ တစ်ရက် လုပ်အားခ ရှိတယ်။ ချွေချွေတာတာ သုံးကွ။ ဟုတ်ကဲ့ပါ အဖေ။

ကျနော် ခေါင်းကလေး ငိုက်စိုက်ကျ ဆိုင်ကယ်လေးနဲ့ အသာကလေး ထွက်လာတယ်။ ငါကိုရီးယားမှာနေတုန်းက ငွေတွေ အများကြီး ဝင်ခဲ့ပေမဲ့ လုပ်ငန်းတစ်ခု စီးပွားရေးတစ်ခုကို မထူထောင်နိုင်ခဲ့ဘူးကွာ။ ကျနော်လေ ရေကန်ပဲ တူးခဲ့မိတာ။ ရေတွင်း မတူးခဲ့ရဘူး။ ရေကန် ဆိုတဲ့ စီးပွားရေးက ခပ်လို့ကုန်ရင် ထပ်မဖြည့်တဲ့ တစ်နေ့ ခုဆို ရေ မရှိတော့ဘူး။ ရေတွင်း ဆိုတဲ့ စီးပွားရေး အမာခံတစ်ခုကို လုပ်ခဲ့ရမှာ။

ကျနော်လေ နောင်တတွေနဲ့အတူ သူငယ်ချင်းတွေကို ရင်ဖွင့်မိတယ်။ သူငယ်ချင်းတွေကလည်း ငါတို့ C BT ပြန်ဖြေပြီး လစ်ရအောင်ကွာတဲ့။ ကျနော့် သူငယ်ချင်း ဘဝတူတွေကလည်း ငါတို့ တစ်ခေါက် ထပ်ထွက်ကျရအောင်ကွာ။ မင်းလည်း ဆေးခင်းကို တစ်ရက် ၅၀၀၀ ကျပ်နဲ့ ပေါက်တူး မပေါက်နိုင်ဘူး။ ပဲရိတ်လည်း မလိုက်နိုင်မယ့် အတူတူ ငါတို့ တစ်တွေ ပြန်ကြိုးစားမယ်ကွာ။

ဒါတွေက ဘဝသင်ခန်းစာတွေပဲလေ။ ငါတို့ ဟိုရောက်ရင် မိဘကို လုပ်ကျွေးရင်း ဘဝ အနာဂါတ်အတွက် စီပွားရေး အလုပ်တစ်ခုကို လုပ်ဖို့ ငါတော့ စဉ်းစားထားပြီးပြီ။ ကျားကြီးခြေရာကြီး သုံးစွဲနေရင် ပြန်လာလည်း ငါတို့ ရပ်တည်လို့မှ မရတာ။

ငါတို့ ဆုံးဖြတ်ချက် ချလိုက်ရအောင်ကွာ ဒုကကြီး တစ်ယောက်အနေနဲ့ ကိုရီးယားကို ပြန်ရောက်ခဲ့ရင် စီးပွားရေးတစ်ခု အချေကျအောင် လုပ်သင့်တယ်လို့ အတွေးတွေကို ရင်မှာပိုက်ပြီး ဒုကကြီး ဘဝနဲ့ နောင်တမဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ ကျနော်ဆုံးဖြတ်ချက် ချမိပါတော့သည်။

ကာရန်မင်း (ခေတ္တကိုရီးယား)

Leave a Reply

Your email address will not be published. Required fields are marked *