သီတင်းကျွတ်လပြည့်ညမှာ ယှဉ်တွဲ မြင်တွေ့ရမယ့် လမင်းကြီးနဲ့ ကြာသပတေးဂြိုဟ်

သီတင်းကျွတ်လပြည့်ညမှာ ယှဉ်တွဲ မြင်တွေ့ရမယ့် လပြည့်လမင်းကြီးနဲ့ ကြာသပတေးဂြိုဟ်..

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ မှာတော့ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် လမင်းကြီးကို ထင်ရှားလင်းလက်နေတဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးနှင့်အတူ တွဲယှဉ်ပြီး တညလုံး (ညနေ ၆ နာရီမှ နံနက် ၇ နာရီထိ) တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

အမှန်တကယ်ပြည့်မည့် သီတင်းကျွတ်လပြည့်ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာဖြစ်လို့ လပြည့်ကျော် (၁) ရက်နေ့ လကို ပိုပြီး ပြည့်ပြည့်ဝဝ ခံစားရမှာပါ။

သီတင်းကျွတ်ဆိုတဲ့ ဝေါဟာရကို အင်းဝခေတ်စာပေကျမ်းဂန်များမှာ အစပြုသုံးစွဲခဲ့တယ်လို့ မှတ်သားရပြီး ရဟန်းသံဃာတော်များ ဝါတွင်းကာလမှာ ကျောင်းတွင်း သီတင်းသုံးနေထိုင်ရာမှ ကျွတ်လွတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် တာဝတိံသာနတ်ပြည်မှ မယ်တော် သန္တုဿိ နတ်သားအပါအဝင် နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားပြီး လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့မှာ ပြန်လည်ဆင်းသက်ခဲ့တာကြောင့် ဒီလပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ပြီး ဘုရားရှင်အား ခရီးကြိုဆိုခြင်းအားဖြင့် ပန်း၊ ဆီမီး တို့ကို ထွန်းညှိပူစော်တဲ့ ရိုးရာဓလေ့ ရှိကြပါတယ်။

အနောက်တိုင်းရိုးရာမှာတော့ ဒီလပြည့်ကို မုဆိုးလပြည့် (Full Hunters Moon) လို့ ခေါ်ကြပါတယ်။ ဆောင်းဦးပေါက်မှာ ကြွေကျတဲ့ သစ်ရွက်များအကြား သားကောင်ကို အမဲလိုက်ကြတဲ့ ရိုးရာဓလေ့ ရှိလို့ဖြစ်ပါတယ်။ အောက်ကပုံက လပြည့် လမင်းကြီးပါ။

လမင်း နဲ့ ဂျူပီတာ ဂြိုဟ်တို့ဟာ မိန်ရာသီ ကြယ်တာရာများအကြားမှာ အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေကြမှာဖြစ်ပြီး လရဲ့အလင်းဟာ (-၁၂.၇) မဂ္ဂနီကျူ့ရှိကာ ဂျူပီတာကတော့ အလင်းအား (-၂.၉) မဂ္ဂနီကျူ့ရှိနေမှာပါ။ နှစ်ခုစလုံးကို သာမန်မျက်စိဖြင့် အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အောက်ကပုံက ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်ပါ။

လက်ရှိအချိန်မှာ လနဲ့ ကမ္ဘာရဲ့ အကွာအဝေးကတော့ မိုင်ပေါင်း ၂၃၅၅၀၀ အကွာမှာပဲ ဖြစ်ပါတော့တယ်။ လမင်းကြီးအနီးက ပြိဿကြယ်တာရာများ အကြားမှာလည်း တခါတရံ ကြယ်ကြွေခြင်းအချို့ကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ပြိဿရာသီခွင်ထဲမှာ လင်းလက်နေတဲ့ အနီရောင် အင်္ဂါဂြိုဟ်လည်း တွေ့မြင်နိုင်ပါတယ်။

အနာဂတ်ပညာရေးအတွက် အစဉ်ကြိုးစားလျက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ), လေးစားစွာဖြင့် – WS

Leave a Reply

Your email address will not be published. Required fields are marked *