အိမ်ကြီးရှင် သရဲမ နှင့် လွယ်အိတ်နီ ဘဘကြီး..
စစ်ပိုင်တို့နယ်မှာ ဗိုလ်မှူးအိမ်ဆို မသိတဲ့သူမရှိသလောက်ပဲ ဗိုလ်မှူးဆိုတာကလည်း စစ်ပိုင်ရဲ့ ဦးလေးအရင်းအိမ်လေ..၊ အရပ်က ဗိုလ်မှူးလို့ခေါ်နေကြတာ စစ်ပိုင်ဦးလေး ဗိုလ်တင့် ကိုပေါ့..၊ ဘာကြောင့် ဗိုလ်တင့် ကနေ ဗိုလ်မှူးဖြစ်သွားတာလဲဆိုရင် အမှန်က ဗိုလ်မှူးမဟုတ်ဘူး..၊ ဗိုလ်မူးမှ အမှန်..၊ စစ်ပိုင်ရဲ့ဦးလေး ဗိုလ်တင့်ကိုကြည့်လိုက်ရင် သူ့မိန်းမ မရှိတော့တဲ့နောက်ပိုင်း ယမကာနဲ့ပဲ ပေါင်းသင်းနေခဲ့တာ နှစ်တော်တော်ကြာပြီလို့ ဆိုလို့ရတယ် ၊
ဗိုလ်မူးတို့အိမ်ကလည်း နာမည်ကြီးနော်.. နာမည်ကြီးတာမှ တော်တော်ကိုကြီးတာ မကောင်းသတင်းနဲ့နာမည်ကြီးတယ်လို့ပြောရင် ပိုမှန်လိမ့်မယ် ၊ ဗိုလ်မူးရဲ့အိမ်က သရဲခြောက်တယ်တို့ ၊ ညဘက်သူ့အိမ်နားကဖြတ်သွားရင် အိမ်ထဲမှာ ဘာကိုလှမ်းတွေ့တတ်တယ် စတဲ့ သတင်းတွေနဲ့ နာမည်ကြီးတဲ့အိမ်ပေါ့.. ကာယကံရှင် ဗိုလ်တင့်ကတော့ သူတစ်ကြိမ်မှ သရဲအခြောက်မခံရဖူးဆိုတာကို ပြောတတ်တယ် ၊ တွေ့တဲ့သူတွေကလည်း တကယ်ကို သရဲရှိပါတယ်ဆိုပြီး အသက်နဲ့ကိုလောင်းစားပြီး ပြောတတ်ကြတယ် ၊ ဒါကြောင့် ဟုတ်တာမဟုတ်တာ အပထား.. ကလေးကအစ ခွေးအဆုံး ဗိုလ်မူးတို့အိမ်မှာ သရဲခြောက်တယ် ၊ သရဲရှိတယ်ဆိုတာကို လက်ခံထားကြတယ် ၊
ကုန်ကုန်ပြောရရင် ဆွေမျိုးရင်းခြာတွေနဲ့ စစ်ပိုင် တို့တွေကပါ နယ်ကိုရောက်တယ်ဆိုရင်တောင် ဗိုလ်မူးအိမ်မှာ တစ်ကြိမ်မှမတည်းကြဘူး..၊ ဗိုလ်မူးတို့အိမ်နဲ့ ကပ်လျက်နားမှာရှိတဲ့ ဗိုလ်တင့်တို့အမေ.. စစ်ပိုင် တို့ အဘွားအိမ်မှာပဲ သွားတည်းဖြစ်ကြတယ် ၊ ဒီလိုဒီလိုအထိကို နာမည်ကြီးပြီးလူတကာကြောက်တဲ့ ဗိုလ်မူးအိမ်မှာ တစ်နေ့တော့..“ စစ်ပိုင်ရေ မနက်ဖြန်က အလှူဆိုတော့ ဒီနေ့မှ အမျိုးတွေလာစုံပြီး အဘွားအိမ်မှာ လူစည်နေတယ်မြေးရေ..”
အမှန်ပါပဲ.. အဘွားရဲ့ အိမ်အကျယ်ကြီးမှာတောင် ဒီလောက်လူတွေ ပြည့်လျံနေတာကိုပဲကြည့်လေ.. “ ဟုတ်ကဲ့အဘွား ” “ ဒီတော့ ငါ့မြေးရယ်.. ဟိုမှာတွေ့လား မင်းတို့နှစ်ဝမ်းကွဲ ဘကြီး လွယ်အိတ်အနီကြီးနဲ့.. ” လူအုပ်ကြားထဲက အဘွားလက်ညှိုးညွှန်တဲ့ဘက်ကို စစ်ပိုင် လှမ်းကြည့်လိုက်တော့ အသက်ငါးဆယ်ဝန်းကျင်လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ် “ သြော်.. ဟိုမှာပဲ တွေ့ပြီအဘွား..”
အဘွားက ကျေနပ်သလိုပြုံလိုက်ရင်း “ အေးအေး.. သူ့ကို ဒီမှာ ညသိပ်ဖို့ နေရာ မဆန့်တော့ဘူးသားရေ တော်တော် ကြပ်နေကြပြီ.. ဗိုလ်တင့်တို့အိမ်က အကျယ်ကြီးပါဆိုတာကို ဘယ်အမျိုးကမှ မျက်စောင်းတောင် မထိုးကြဘူး တို့အမျိုး သတ္တိကောင်းချက်ကတော့ ပြောမနေနဲ့..၊ အဲ့တော့ မင်းဘကြီးကို သေချာမေး.. သူကတော့ ကြောက်တတ်တဲ့သူ မဟုတ်ဘူးဆိုတော့ ဗိုလ်တင့်အိမ်မှာ ဒီတစ်ညတည်းလို့အဆင်ပြေမလားမေးကြည့် မြေး.. တကယ်လို့ သူမပြေဘူးဆို ဘုန်းကြီးကျောင်းသာ လိုက်ပို့ပေးလိုက်ကွယ်.. အဘွား ဧည့်သည်တွေအတွက် လဖက်သွားပြင်လိုက်ဦးမယ်ကွဲ့ စိတ်ချမယ်နော် မြေး..” “ ဟုတ်ကဲ့ပါ အဘွား စိတ်ချလက်ချနေပါဗျာ ” “ အေး အေး အေးကွယ် ”
စစ်ပိုင် က ပြောပေးမယ်ဆိုပြီး အဘွားကို ကတိပေးထားပေမယ့် သူကိုယ်တိုင်တောင် ရန်ကုန်ကနေ ဒီကို ရောက်တဲ့အခါတိုင်း အဲ့ဒီ့ အိမ်မှာ မနေရဲတာကြောင့် အဘွားအိမ်မှာပဲ တည်းနေရတာလေ..၊ အခု ကိုယ်တောင်မနေချင်တဲ့နေရာကြီးမှာ သူများကို နေမလားလို့ သွားမေးရမှာ သိပ်တော့ ဘဝင်မတွေ့မိဘူး.. ဒါပေမယ့် အဘွားရဲ့စကားမို့ မတက်သာဘဲ သွားမေးဖြစ်ခဲ့တယ် “ ဘကြီး ဘကြီး အဘွားက ဒီမှာ လူပြည့်နေတော့ ဘကြီးကိုအားနာလို့တဲ့ ဘေးနားက ဦးလေးဗိုလ်တင့်တို့အိမ်မှာ တည်းရဲရင် လိုက်ပို့ပေးလိုက်ပါလို့တော့ပြောတယ် ၊ တကယ်လို့မတည်းရဲဘူးဆိုရင် ဘုန်းကြီးကျောင်းကအနီးလေးရှိတယ် တစ်ညပဲမို့ အဆင်ပြတယ် ဘကြီးဘယ်လိုလုပ်ချင်လဲ ကျွန်တာ်လိုက်ပို့ပေးမယ် ”
စစ်ပိုင်စကားကို သူ့နှစ်ဝမ်းကွဲဘကြီးက တစ်ချက်လေးတောင် မတွေဝေဘဲ “ နေ နေ.. ရတယ်ငါ့တူကြီး ငါက အရပ်ထဲက ကောလဟာလတွေ အယုံအကြည် မရှိဘူး ၊ ငါ ဗိုလ်တင့်တို့အိမ်မှာပဲ တည်းမယ်.. တစ်ညဆိုတာ ဖင်လှဲ့ခေါင်းလှဲ့ပါကွာ.. မဟုတ်ဘူးလား ဟားဟား ” သူ့ရဲ့မျက်နာမှာ တစ်ချက်လေးမှ ကြောက်စိတ်မမြင်ရတာနဲ့ စစ်ပိုင်လည်း စိတ်ချသွားပြီးတော့ “ ဒါဆို ဦးလေး ကျွန်တော့်နောက်လိုက်ခဲ့ ကျွန်တော်လိုက်ပို့ပေးမယ် ” ပြောပြောဆိုဆိုနဲ့ စစ်ပိုင်က ရှေ့ဆုံးက ဦးဆောင်ခေါ်သွားဖြစ်ခဲ့တယ် ။
ဗိုလ်တင့်တို့ဆီရောက်တော့ အိမ်ရှေ့မှာ ထိုင်ခုံလေးနဲ့ ရီဝေေ၀ယစ်မူးနေတဲ့ ဗိုလ်တင့်ကို တွေ့လိုက်ရတယ် ၊ ဗိုလ်တင့်က သူ့ခြံထဲဝင်လာတဲ့သူတွေကို အမျိုးမှန်းသိတော့ ပြုံးပြနေတယ် ၊ သူဘယ်လောက်သောက်ထားတယ်မသိဘူး ၊ မျက်နာတစ်ခုလုံးနဲ့မျက်လုံးတွေက ရဲရဲနီနေတာပဲ အနားကပ်လိုက်တယ်ဆိုရင်ပဲ အရက်နံ့က ထောင်းခနဲ ထွက်လာလိုက်တာ ၊ “ ဦးလေး ဗိုလ်တင့် ဒီဘကြီးကို ဦးလေးသိပါတယ်..” “ အေးသိတယ်လေကွာ..” ပြောရင်း သူတို့ချင်းနှုတ်ဆက်ကြပြီးတော့ စစ်ပိုင်ကဆက်ပြောတယ် “ ဒီဘကြီးက ဒီည တည်းဖို့အခတ်အခဲဖြစ်နေလို့ ဦးလေးဗိုလ်တင့်အိမ်ဝိုင်းထဲမှာ တစ်ညလောက် တည်းချင်လို့ အဆင်ပြေမလားဗျ ” ဗိုလ်တင့်က တစ်ချက် မဲ့ပြုံးလေးပြုံးလိုက်ရင်း “ ဟ.. ဘာမပြေစရာရှိလို့လဲ စစ်ပိုင်ရ ငါ့အိမ်ကလည်း အကျယ်ကြီး ငါတစ်ယောက်တည်းနေနေတာပဲ ရတယ် တစ်ညမဟုတ်ဘူး ပျော်သလောက်သာနေ ”
ဘကြီးကို စိတ်ချလက်ချ ထားခဲ့ပေးမယ့် နောက်ဆက်တွဲကိုတော့ စစ်ပိုင် မတွေးရဲဘူးဖြစ်နေတယ်..၊ ဒီလောက်နာမည်ကြီးတဲ့အိမ်မှာ အကြာကြီးနေမှ ညအိပ်ရဲတဲ့ သူရဲကောင်းတစ်ယောက်တော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ တွေးနေမိတယ်..၊ ဘကြီးအတွက်တွေးပြီး ရင်လေးမိတာလည်းပါတယ် ၊ အိမ်ထဲမှာ ဘာတွေဖြစ်တတ်တယ်ဆိုတဲ့ သတင်းတွေက အမှန်ဟုတ်မဟုတ် မနက်ဖြန်သိရပြီလေ..၊ မနက်ဖြန်မနက်အထိ ဘကြီး ဘာမျှမဖြစ်ဘူးဆိုရင် သေချာမေးမြန်းလို့ရပြီမဟုတ်လား ။
အိမ်မှာ ယောကျာ်သားတစ်ယောက်တည်းလည်းဖြစ် အိမ်မှာ မိန်မလည်းမရှိတာကြာပြီမို့ တစ်အိမ်လုံးက ပစ္စည်းတွေက ဖုံတွေအပြည့်နဲ့ ပင်ကူအိမ်တွေနဲ့ သန့်ရှင်းမှုလည်းမရှိ ပန်းကန်တွေခွက်တွေဆိုလည်း စားပြီးသားတွေပစ်လိုပစ်ထား ၊ ဆေးကြောထားတာရယ်လို့ လိုမှ ပြန်ဆေးပြန်သုံးနေတဲ့သဘောကိုမြင်နေရတယ် ၊ သေချာတာက ဗိုလ်တင့် သူ့မိန်းမ မရှိတော့တဲ့ နောက်ပိုင်းမှာ စိတ်ဓါတ်တွေကျပြီး အရက်ကိုပိုဖိသောက်နေတာဖြစ်မယ် ၊ အိမ်နောက်ဖေးမှာ ဆန်အိတ်အလွတ်ကြီးတွေနဲ့ ထည့်ထားတဲ့ အရက်ပုလင်းကြီးတွေက မနည်းမနောကိုမြင်ရတာ ၊ စိတ်ကျနေတဲ့ ဗိုလ်တင့်အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ညဉ့်ကလည်း နက်လာပြီမို့ ပင်ပန်းထားသမျှအတိုးချပြီး အိပ်ဖို့ပြင်လိုက်မိတယ် ၊ အိမ်ဝိုင်းကြီးက ကျယ်ပြီး အခန်းလေးတွေရှိပါလျက်နဲ့ ဘာလို့ ဒီအိမ်နားကို လူသူမကပ်တာလည်းဆိုတာကို စဉ်းစားမိရင်းမျက်လုံးတွေက တဖြည်းဖြည်း လေးလံလာပြီး အိပ်ပျော်မလိုဖြစ်နေတုန်း..
“ ဝုန်း.. ” “ ဟင် ဘာဖြစ်တာလဲဟ ” ဘကြီးလည်း ရုတ်တရက် သူ့အခန်းတံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံကို ကြားလိုက်တော့ ထခုန်မတက် ကြောက်လန့်ကြက်သီမွှေးတွေ ထသွားပြီး အခန်းဝကိုတစ်ချက်လှမ်းကြည့်မိလိုက်တယ် ၊ အခန်းဝမှာတော့ မိန်းမတစ်ယောက် သူ့ကို မလိုတဲ့ပုံ ၊ မကျေနပ်တဲ့ပုံနဲ့ မျက်စောင်းထိုး စိုက်ကြည့်ပြီး အခန်းတံခါးကို နောက်တစ်ကြိမ် ဆောင့်ပိတ်သွားတာကိုမြင်လိုက်ရတယ် ၊ ကုတင်ပေါ်ကနေ သူလှမ်းကြည့်လိုက်တာ မိန်းမတစ်ယောက်ကိုအသေအချာတွေ့လိုက်ရတယ် ၊ လကလည်း သာနေတော့ အဲ့ဒီ့မိန်းမမျက်နာကို သေချာကိုမြင်လိုက်ရတာလေ ၊ စစ်ပိုင် ပြောတော့ ဒီအိမ်မှာ ဗိုလ်တင့်တစ်ယောက်တည်းနေတယ်လို့သိထားခဲ့တာ ၊ အခုတော့ အခန်းတံခါးကိုဆောင့်ပိတ်သွားတဲ့ မိန်းမတစ်ယောက်ကိုတွေ့နေရပြီ… ဒီမိန်းမက ဘယ်သူများလဲ ၊ ဗိုလ်တင့်ရဲ့ နောက်အိမ်ထောင်လား ၊ တိတ်တိတ်ပုံးမယားများလား ဒါမှမဟုတ် သူလို့ပဲ နောက်မှ တည်းဖို့ရောက်လာတဲ့ အမျိုးများလား ၊ သို့လောသို့လော အတွေးတွေနဲ့ လူစင်စစ်ကြီးမြင်လိုက်တာမို့ ကြောက်စိတ်တွေပြေလျော့သွားရင်း အတွေးတွေကိုကြိုးစားမေ့ပြစ်ရင်း အိပ်ဖို့ပြန်ကြိုးစားနေမိတယ်..
အဲ့ဒီ့အချိန်မှာပဲ အိမ်အောက် လှေကားကနေ အိမ်ပေါ်ကိုတစ်ယောက်ယောက်တက်လာတဲ့ ခြေသံကို အတိုင်းသားကြားလိုက်ရတယ် ခြေသံကြားတော့ ဗိုလ်တင့်များ အပေါ်တက်လာသလားဆိုပြီး အခန်းဝကို လှမ်းကြည့်လိုက်တော့ အခန်းဝမှာ ခုနကမြင်ရတဲ့ အမျိုးသမီးက ပွင့်လိုက်ဟလိုက်ဖြစ်နေတဲ့ အခန်းတံခါးရှေ့နားမှာ ဟိုသွားဒီသွားလုပ်ပြနေတာကို မြင်လိုက်ရတယ် ၊ ဒီမိန်းကလေး ငါ့အခန်းရှေ့မှာ ဘာများလုပ်နေသလဲလို့တွေးနေမိရင်း သေချာစိုက်ကြည့်နေတုန်း အောက်ပြန်ဆင်းတဲ့ ခြေသံမကြားရဘဲ အဲ့ဒီ့ အမျိုးသမီးက ပျောက်သွားပြန်တယ် ၊ တစ်ဆက်တည်းမှာပဲ ဘာရယ်မဟုတ်ဘူး အတွေးတွေကို မေ့လိုက်ပြီးတော့ စိတ်ပြေလက်ပြောက် ပြန်အိပ်ပျော်ဖို့ကြိုးစားရင်း ကုတင်ဘေးနံရံမှာရှိတဲ့ ပြတင်းပေါက်ကနေ အပြင်က လမင်းကြီးကို ငေးကြည့်နေမိတုန်း..
“ ဝုန်း.. ” “ ဟာ.. သောက်ကျိုးနဲ ” သူကြည့်နေတဲ့ ပြတင်းပေါက်က အပြင်က တစ်ယောက်ယောက် ပြတင်းပေါက်တံခါးကို တွန်းပိတ်လိုက်သလို ဖြစ်သွားပြီး ဘကြီး ဒီတစ်ကြိမ် တော်တော်လေး လန့်သွားမိတာအမှန်ပဲ ၊ လေမတိုက်ဘဲ ဒီတံခါးက ဘာကြောင့်များ ပိတ်သွားသလဲဆိုတာကို အဖြေရှာဖို့အတွက် ဘကြီးလည်း အခန်းအပြင်ကိုထွက်ပြီး အိမ်ဘေးဘက်ကို ထွက်ကြည့်မယ်ပြင်ဖို့ အိမ်ပေါ်ကနေ ဆင်းမလို့ပြင်တုန်းလေးရှိသေးတယ် သူမြင်လိုက်ရတာက သူ့ကိုခုနက မကျေနပ်သလို အခန်းတံခါးအဝမှာ ရစ်သီရစ်သီလာလုပ်ပြနေတဲ့ အမျိုးသမီးက အဲ့ဒီ့ဝတ်စုံ ၊ အဲ့ဒီ့ဆံပင်ပုံစံ ဆံပင်ဖျားလျားကြီးနဲ့ပဲ ဘကြီးအခန်းကုတင်ဘေးက ပြတင်းပေါက်ဘေးနားမှာ လေထဲ ပျံနေတာကို မြင်လိုက်ရတော့ ဘကြီးလည်း သွေးပျက်သွားပြီး ငယ်သံပါအောင်အော်ရင်းနဲ့ အနောက်ကိုလည်းလှည့်မကြည့် ဘာပစ္စည်းမှလည်းမယူတော့ဘဲ စစ်ပိုင်တို့အဘွားအိမ်ကို တန်းပြေးသွားခဲ့လိုက်တယ် ၊
“ အား.. ” အဘွားအိမ်ကို ဘကြီးအော်ပြီး ပြေးဝင်လာတော့ အိမ်ထဲမှာ အိပ်နေကြတဲ့သူတွေလည်း အကုန်လန့်နိုးလာကြပြီးတော့ ဘာဖြစ်တာလဲလို့ပြာပြာသလဲမေးကြတယ် ၊ ဘကြီးကလည်း ကျော်မလုံသလိုနဲ့ အိမ်ထဲဝင်ပြီးတော့မှ ဖြစ်သမျှကိုပြောပြလိုက်တဲ့အခါ တစ်အိမ်လုံးကလူတွေက အကုန် ကြောက်လန့်ကုန်ကြပြီး ဘုရားတနေမိကြတော့တယ် ။ နောက်မှသိလိုက်ရတာက ဘကြီးတည်းမိတဲ့ ဗိုလ်တင့်အိမ်မှာ ဘကြီးအိပ်မိတဲ့ အခန်းက ဗိုလ်တင့်အခန်း ၊ ပြီးတော့ ကုတင်ကလည်း ဗိုလ်တင့်နဲ့ ဆုံးသွားတဲ့ သူ့မိန်းတို့ရဲ့ မင်္ဂလာဦးကုတင်ဖြစ်နေမှန်း ပြန်သိလာရတယ် ၊ ဗိုလ်တင့်မိန်းမကလည်း ယောကျာ်းစိတ်နဲ့ မကျွတ်မလွတ်ဖြစ်နေတာကိုလည်း သိလိုက်ကြရတယ် ၊
အားလုံးကတော့ ဗိုလ်တင့်ကို အရက်ဖြတ်ပြီးတော့ သာ့သနာ့ဘောင်ဝင်ရင်လည်းဝင် မဝင်ဘူးဆိုရင်လည်း ဘုရားတရားကို ဖိဖိစီးစီးလေးလုပ်ပြီး ဘဝခြားနေတဲ့ ဇနီးသည်အတွက် ကျွတ်လွတ်ကြောင်းလေးဖြစ်အောင် လုပ်စေချင်ကြတယ် ၊ ဗိုလ်တင့်ကလည်း ဒီသတင်းတွေပြန်ကြားတော့ သူ့မိန်းကိုသတိရတဲ့စိတ်နဲ့ သနားတဲ့စိတ် ရောပြီး ခြုံးပွဲချ ငိုနေမိတော့တယ်..။ ဗိုလ်တင့်အိမ်.. ဒါမှမဟုတ် အရပ်ခေါ် ဗိုလ်မူးတို့အိမ်ကတော့ အခုအချိန်အထိ အဲ့ဒီ့မြို့ အဲ့ဒီ့ရွာမှာ နာမည်ကြီးနေတုန်းပါပဲ..၊ စစ်ပိုင်ကလည်း တက္ကသိုလ်တက်တိုင်း သူ့သူငယ်ချင်းတွေကိုအမြဲ ပြန်ပြောပြဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မှားမယ်မထင်..။
(မိုးစွေ)