News

မြန်မာပလာဇာမှာ ဆိုင်တွေ မဖွင့်သည့်ကိစ္စ ဆိုင်ရှင်တွေကို မဲပြီ (ဆိုင်ရှင်တွေကို ဖမ်းမည်)

မြန်မာပလာဇာမှာ ဆိုင်တွေ မဖွင့်သည့်ကိစ္စ ဆိုင်ရှင်တွေကို မဲပြီ..

မြန်မာပလာဇာမှာ ဆိုင်တွေမထွက်ကြတာ၊ မြန်မာပလာဇာနဲ့ မပတ်သက်တော့ကြောင်း ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေက လူမှုမီဒီယာမှာ စာတွေ ရေးတင်ကြတာ စတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ဒေသကြီးအဆင့်က ဖိအားပေးတာတွေ စလုပ်နေပြီလို့ သိရပါတယ်။

မြန်မာပလာဇာနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်အများအပြားကို စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရက မြို့တော်ခန်းမကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီမှာ အစည်းအဝေးလာတက်ဖို့ မနေ့ည နိုဝင်ဘာလ ၂၇ ရက် နေ့က ခေါ်ခဲ့သော်လည်း မြန်မာ ပလာဇာ ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေဘက်က သွားတက်ခဲ့တဲ့သူ ၁၀ ယောက် တောင် မပြည့်ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ စစ်ဗိုလ်ချုပ်တွေက ဆိုင်ရှင်တွေဘက်က အစည်းအဝေးကို တက်တဲ့လူနည်းလို့ အတော်မကျေမချမ်းဖြစ်ခဲ့ပြီး အစည်းအဝေး လာမတက်တဲ့ ဆိုင်ရှင်တွေကို သက်ဆိုင်ရာ နယ်မြေခံရဲတွေကနေတဆင့် ဖမ်းခိုင်းတဲ့အထိ ရန်ကုန် တိုင်းဝန်ကြီးချုပ်က ပြောခဲ့ကြောင်းလည်း မြန်မာပလာဇာဆိုင်ရှင်များ အသိုင်းအဝိုင်း ကြားမှာ ပြောနေကြပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာပလာဇာအတွင်းမှာ လူငယ်တချို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ရာမှာ မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေက အဲဒီလူငယ်တွေကို ဖမ်းဆီးခဲ့ကြတဲ့နောက်ပိုင်း မြန်မာပလာဇာက ဆိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို နောက် ရက်က စပြီးမဖွင့်ခဲ့ကြတာ အခုအချိန်အထိပါ။

ဆန္ဒပြသူလူငယ်တွေအပေါ် မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ပြုမူချက်နဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးအတွက် နိုင်ငံတလွှားက သပိတ် ကော်မီတီတွေကို ပေါင်းစု ထားတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) ကလည်း ပြည်သူတွေ အနေနဲ့ မြန်မာပလာဇာမှာ စျေးမဝယ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆိုင်တွေ မဖွင့်၊ လူတွေမလာတော့တဲ့နောက်ပိုင်းမှာ မြန်မာပလာဇာက တာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့ လုံခြုံရေးဝန်ထမ်းတွေကို အလုပ်ကထုတ်လိုက်ကြောင်း၊ နောက်နောင် ဒီမိုကရေစီရေး ဆန္ဒပြတာတွေကို မဆန့်ကျင်တော့ပါကြောင်း တောင်းပန် စာထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ စာကိုလှုမှုကွန်ရက်က ဖြုတ်သွားခဲ့ပါတယ်။ ဆိုင်တွေက ဆက်လက် ပိတ်ထားဆဲဖြစ်သလို၊ လူတွေလည်း အဲဒီမှာ စျေး မဝယ်ကြပါဘူး။

မြန်မာပလာဇာဘက်က​ တောင်းပန်စာသဘောမျိုးထုတ်ပြန်ခဲ့တာတွေ့ရပေမယ့် လူထုကတော့ မြန်မာပလာဇာမှာ ဈေးမဝယ်ရေး သပိတ်မှောက်ဆန့်ကျင်ကြဖို့ လူမှုကွန်ရက်မှာ ဆော်ဩမှုတွေပြုလုပ်နေတာ တွေ့ရပါတယ်။

Leave a Comment

You cannot copy content of this page