News

ဘဘဦးဝင်းထိန်ကို နေပြည်တော် တရားသူကြီးချုပ် ရုံးခန်းမှာ ရှေ့နေမပါပဲ စစ်ဆေးခဲ့တဲ့ အခြေအနေ

ဘဘဦးဝင်းထိန်ကို နေပြည်တော် တရားသူကြီးချုပ် ရုံးခန်းမှာ ရှေ့နေမပါပဲ စစ်ဆေးခဲ့တဲ့ အခြေအနေ..

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ နာယက ဖြစ်သူ ဘဘဦးဝင်းထိန်ကို ဒီနေ့မနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် တရားသူကြီးချုပ်ရုံးခန်းကနေ Video Conferencing နဲ့ ရမန် ထပ်ယူတယ်လို့ ကြားသိရပါတယ်..

ဘဘကို စွပ်စွဲထားတဲ့ ပုဒ်မကတော့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ ဖြစ်ပြီး ဒက္ခိဏခရိုင် ဒုတိယတရားသူကြီးရုံး မှာ အမှုစွဲတင်ထားပေမယ့် အဲ့ဒီရုံးခန်းမှာ Video Conferencing လုပ်ဖို့ အဆင်မပြေလို့ တရားသူကြီးချုပ်ရုံးခန်းမှာပဲ ပြုလုပ်တယ်လို့လည်း သိရပါတယ်..

ဘဘအတွက် ခုခံကာကွယ်ဖို့ ဒေါ်ရွက်နုအောင်၊ ဒေါ်မင်းမင်းစိုး၊ ဦးကျော်စိုးလင်းတို့ ဦးဆောင်တဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ ပြီး ကိုယ်စားလှယ်လွှဲစာ ယူဖို့ ကြိုးစားနေပေမယ့် VC ပြုလုပ်တဲ့ အချိန်မှာတောင် ရုပ်မပြဘဲ ကြားနာနေမှု အသံသာ နားထောင်နေရပါတယ်တဲ့..

ဘဘက တရားသူကြီးကို “ရှေ့နေငှားခွင့်ရှိသလား” လို့ မေးတာ တဖက်က “ရှိပါတယ်၊ ဒါပေမယ့် ခင်ဗျား ပါဝါ လွှဲထားတာ မရှိသေးဘူးနော်” ပြန်ပြောလို့ ဘဘကလည်း ခပ်ပြတ်ပြတ်ပဲ.. “ဒါဆိုလည်း ခင်ဗျားတို့ ကျုပ်ကို မြန်မြန် ထောင်ချလိုက်” လို့ ပြောသံကြားတာနဲ့ ရှေ့နေတွေက ကျတော်၊ ကျမတို့ ရောက်နေပါပြီ လို့ အော်ပြောတာကို တရားသူကြီးက အသံပိတ်လိုက်ပါတယ်.. (ဘယ်မှာ ချုပ်ထားမှန်းမသိ၊ လူချင်း တွေ့ ခွင့်မပေးဘဲ ကိုယ်စားလှယ်လွှဲစာ ဘယ်လို ယူမလဲ)

ခုတော့ ကိုယ့်နည်းကိုယ့်ဟန် စုံစမ်းရင်း ဘဘကို နေပြည်တော် ထောင်ကြီးချုပ်မှာ ချုပ်ထားမှန်း သေချာသွားလို့ ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာ လက်မှတ်ထိုးဖို့ လိုက်သွားရာမှာ စာချုပ်သာ ထားခဲ့ရပြီး လူချင်းတွေ့ခွင့် မရပါဘူး.. ကိုယ်စားလှယ်လွှဲတဲ့ လက်မှတ် သူတို့ ယူထားပေးမယ်၊ ညနေမှ လာယူပါတဲ့..

အစကတော့ ဘဘလို အသက်အရွယ်အရလည်း ၈၀ ကျော်၊ လူ့ခန္ဓာကိုယ်ကလည်း တုတ်ကောက်ကို အမှီသဟဲပြုလို့ တခါတရံ ဝှီးချဲ အသုံးပြုရတဲ့ လူတယောက်ကို ဟိုရိပ်သာ၊ ဒီရိပ်သာမှာ ကောင်းကောင်း ထားသလို အသံလွှင့်ထားပြီး တကယ်တမ်း က ထောင်ကြီးချုပ်မှာ ချုပ်ထားပြီး မတရားတဲ့ ပုဒ်မတပ် တရားစွဲ ဖို့ ကြံစီနေတာပါ..

အမေစု၊ သမ္မတကြီးဦးဝင်မြင့်နဲ့တကွ မတရားဖမ်းစီးခံထားရသူတွေ အမြန်လွတ်မြောက်ဖို့၊ စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ပြည်သူတွေအားလုံး တိုက်ပွဲဝင်နေတာမို့ တနေ့ကုန်တိုင်း ပန်းတိုင်နဲ့ တရက် ပိုနီးလာတယ်လို့သာ တွေးကြပါ..

စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်.. (ပိုးဖြူသန့်)

Leave a Comment

You cannot copy content of this page