ဒိုဘီကန်ဟာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၁၃ လမ်းကြား၊ ၈၁ × ၈၂ ကြားမှာရှိပါတယ်။ ဒိုဘီကန် ရှိလို့ တချို့ကလည်း ဒိုဘီစု၊ ဒိုဘီချောင်လို့ ခေါ်ကြတယ်။
မန္တလေးမြို့မှာရှိတဲ့ တည်းခိုခန်း၊ ဟိုတယ်တွေနဲ့ နေအိမ်တွေက အဝတ်တွေကို လျှော်ဖွတ်သန့်စင်ပေးတဲ့ နေရာတစ်ခုဖြစ်ပြီး အဲဒီ ဒိုဘီကန် လျှော်ဖွတ်တဲ့ လုပ်ငန်းဟာ ၁၉၅၈ ခု ဘိုးဘွား လက်ထက်ကတည်းက စတင် လုပ်ကိုင်တဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။
တမြို့လုံးမှာ လက်ရှိ တခုတည်းသော ဒိုဘီကန် ဖြစ်ကာ အရင်က နန်းတွင်းထဲ အရှေ့ဘက်မှာ ဒိုဘီကန်တခုရှိခဲ့ပြီး ယခင် မပိတ်ခင်အထိ အဲ့မှာ ဝင်လျှော်ဖူးကြောင်း ဒေသခံတယောက်က ပြောပြပါတယ်။
ရပ်ကွက် မီးလောင်ပြီးတဲ့အချိန်က ဒီရပ်ကွက်ကို မြို့သစ်ဘက်ပြောင်းဖို့ စီမံဖူးကြောင်းနဲ့ ဒီ ဒိုဘီကန်ရှိလို့သာ သူတို့ မူရင်းနေရာဖြစ်လို့ စာပြန်တင်ပြီး မပြောင်းရွှေ့ရဘဲ ဆက်နေခွင့်ရကြောင်း ဒိုဘီကန်ကျေးဇူး ကြောင့်ပေါ့လို့ ရပ်ကွက်ထဲက အဒေါ်တယောက်က ရှင်းပြပါတယ်။
ကျုံးနဲ့ ဆက်ထားလို့ ကန်ထဲကို ကျုံးရေဝင်ပြီး စွန့်ပစ်ရေကတော့ ရွှေတချောင်း ရေဆိုးမြောင်းဘက်ကို ဆင်းပါတယ်။ မနက်စော ကျတော်တို့ရောက်တဲ့အချိန် အမျိုးသမီး၊အမျိုးသား အသက်ကြီးငယ် အစုံ အဝတ်လျှော်နေတာတွေ့ရပြီး အများစုမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြကာ မြန်မာလူမျိုးအချို့လည်း တွေ့ရပါတယ်။
ကန်ရဲ့ဘောင်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် အဝတ်ပွတ်လျှော်ဖို့ မြောင်းအထစ်လေးတွေ ပြင်ဆင်ထားသလို၊ ကန်ပတ်လည်နဲ့ ရပ်ကွက်လမ်းကြားလေးတွေ မှာလည်း အဝတ်လှမ်းတဲ့ တန်းတွေအပြည့်ပါပဲ။ ကိုဗစ်ကာလကြောင့် ဟိုတယ်တွေက လျှော်ဖွတ်စရာတွေတော့ အရင်ထက် နဲသွားတယ် ဆိုပါတယ်။ ကျတော်သိသလောက် မျှဝေပေးခြင်းပါ။
Yangon Rangoon