Knowledge

ဝါးတလုံး ဆက်ကြေးဂိတ်ခေတ် နဲ့ တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်ဖို့ဆိုတာ

ဝါးတလုံး ဆက်ကြေးဂိတ်ခေတ် နဲ့ တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်ဖို့ဆိုတာ..

အရင်စစ်အစိုးရခေတ်တုန်းက ပုသိမ်-ရန်ကုန်ခရီးကို အခေါက်ခေါက်အခါခါ သွားခဲ့ရပါတယ်။ ရန်ကုန်က စထွက်သွားလာရင် လှိုင်သာယာစက်မှုဇုန်ကိုကျော်တာနဲ့ ဝါးတစ်လုံးဆက်ကြေးဂိတ်လေးတွေစပါပြီ။

ကုန်ကားတွေမပြောသေးဘူး။ လူစီး Express ကားတွေအခြေအနေကိုပြောရရင်.. ကျနော်က အပတ်စဉ် ခရီးသွားသူမို့ ဒရိုင်ဘာနောက်ခုံကနေ အကုန်မြင်နေရပါတယ်။ ဝါးတစ်လုံးဂိတ်ရောက်တာနဲ့ ကားစပါယ်ယာက ပြေးဆင်းရတယ်။ ဝါးတစ်လုံးဂိတ်မှာ တဲ/အဆောက်အဦးလေးတွေရှိတယ်။ စားပွဲခုံအဟောင်းတစ်လုံးဘေးမှာ ရဲနဲ့ စစ်သားတွေ ထိုင်နေတယ်။

ဒါက တံတားတို့၊ ပုသိမ်မြို့မှ ကြိုဆိုပါ၏တို့ ဂိတ်တွေမှာဆို ကားစပါယ်ယာက ဆရာဆိုပြီး ရိုရိုသေသေခုံးနားကပ်သွားရတယ်။ ခုံမှာ ထိုင်နေတဲ့ ရဲ/စစ်သားက စာအုပ်မှာကားနံပါတ်ရေးသလိုလိုလုပ်တယ်။ သူ့ရှေ့မှာ ဦးထုပ်တစ်လုံးချထားတယ်။ အဲ့ဒီဦးထုပ်အောက်ကို ကားဒရိုင်ဘာက ငွေခေါက်လေးထည့်ပေးလိုက်ရတယ်။ ဒါထုံးစံ။ မပေးရင် မင်းကားနာပြီ။

ပုသိမ် – ရန်ကုန်လမ်းမှာ ဒါမျိုးဝါးတစ်လုံးဂိတ်တွေပွထနေတာပဲ။ မှတ်ပုံတင်စစ်ဖို့လို့ အကြောင်းပြပြီး ဂိတ်ဖွင့်တယ်။ ဆက်ကြေးတောင်းတယ်။ လူဆိုး သူခိုးရန်ကကြတော့ မကာကွယ်ကြဘူး။ လမ်းတစ်လျှောက်ပေးရတဲ့ ဆက်ကြေးတွေအားလုံးကို ကားစီးတဲ့ပြည်သူလူထုနဲ့ ကုန်ပစ္စည်းပို့တဲ့သူတွေက ကျခံရတယ်။ အဲ့ဒီတော့ ကားခတွေဈေးပိုကြီးသွားတယ်။

ပြည်သူလူထုကို ဂုတ်သွေးစုပ် အမြတ်ထုတ်ဓားပြတိုက်တယ်ဆိုတာ အဲ့ဒါပဲ။ ဒီကြားထဲ ကားထဲမှာ သူတို့ဝါဒဖြန့်တဲ့ နေ့စဉ်သတင်းစာကို ဖရီးတင်ပေးရသေးတယ်။

ကားရဲ့အကောင်းဆုံးခုံတွေကို သူတို့ကတော်တွေထိုင်ဖို့ VIP ခုံဆိုပြီးဖယ်ပေးရသေးတယ်။ အဲ့ဒီ VIP တွေက ကားကိုသူတို့ကိုယ်ပိုင်ကားလို အထက်စီးကနေ နိုင်ထက်စီးနင်းနဲ့စီးသေးတာ။ ဘယ်သူမှပြန်မပြောရဲဘူး။

ကားကိုချောဆွဲရင် ကိုယ့်ဆီနဲ့ကိုယ်လိုက်။ လမ်းတွေဆိုတာလည်း ချိုင့်အထပ်ထပ်နဲ့။ ပြည်သူတွေဟာ အဲ့လိုခေတ်စနစ်ဆိုးအောက်ကို ပြန်မသွားဖို့ ညီညီညွတ်ညွတ်နဲ့ လမ်းပေါ်ထွက်လာကြတာ။ အဲ့ဒီခေတ်ကို ပြည်သူအားလုံးက အမြစ်ပြတ်တွန်းလှန်နေတာပဲ။ အဲ့လိုအမြစ်ပြတ်တွန်းလှန်ဖို့ အခွင့်ကြုံချိန်မှာမှ ဝင်မပါပဲ ရုန်းမထွက်ပဲ ရုန်းဆက်တက်နေရင် မင်းမှာကျွန်စိတ်ရှိနေပြီပဲ။

ကျွန်စိတ်နဲ့လူလုပ်နေရတာထက် သေသော်မှ တည့်ဪကောင်း၏ တဲ့။ တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်ဖို့ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီမှာ ကျွန်စိတ်ပျောက်မှရတယ်။

“By giving people the power to share, we are making the world more transparent.” လို့..

“ဘောင်းဘီရှည်ဝတ်ထားတဲ့သူမြင်တိုင်း ဆရာခေါ်ရတဲ့ခေတ်ကို ပြန်မရောက်ချင်ဘူး” ဆိုတဲ့ ‌ဆိုင်းဘုတ်ကပ် ကုန်တင်ကားကြီးတွေ ကလေးမြို့ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ပုံ ဖြစ်ပါတယ်။

Leave a Comment

You cannot copy content of this page