Knowledge

သေချာလုပ်ရင် အနှစ် (၃၀) အထိ ပြုပြင်စရာမလိုတဲ့ မိန်လာကန်ကို တစ်လနဲ့ ပြန်ပြင်လိုက်ရတဲ့ ဘဝ (ကိုယ်တွေ့ပါ)

နောက်ဆုံးဝဋ်ကြွေးဖြစ်ပါစေ။ တိုက်သစ်ဆောက်မည့်သူများ သတိပြုစရာ..

ကျွန်တော် တိုက်အသစ်မှာ နေတာ တစ်လပဲရှိသေးတယ်။ ရေ မီး မိန်လာ အစအဆုံး ပြန်လုပ်ရပါတယ်။ မိန်လာ အဆင်မပြေလို့ စစ်ကြည့်တော့ ဝါယာကြိုးတွေ အခွံချွတ်ပြီး မိန်လာကန်ထဲပစ်ချထားခဲ့တာ။ ဘာကြောင့် ဝါယာကြိုး အခွံချွတ်တာလဲ။ ဘာကြောင့်အမှိုက်တွေကို အမှိုက်ပုံမှာ မပစ်ဘဲ မိန်လာကန်ထဲ ထည့်ခဲ့လဲဆိုတာ စာဖတ်သူများ စဉ်းစားသာကြည့်တော့။

မိန်လာကန်ရဲ့ ထောက်တိုင်အသားငြမ်းတွေလည်း မဖြုတ်ဘဲ ဒီအတိုင်းထားခဲ့တယ်။ အင်ဂျင်နီယာကတော့ အသား ငြမ်းတွေက ဖြုတ်စရာမလိုဘူးတဲ့ အချိန်တန်ရင်ဆွေးသွားမှာပါတဲ့။ မြန်မာပြည်က အခြားအင်ဂျင်နီယာတွေရော သူ့လိုပဲလုပ်ရတာလား။ အဲလိုထုံးစံရှိလား။ သူပြောသလို မဖြုတ်ဘဲထားရင်ဘာဖြစ်နိုင်လဲ။

စည်ပင်က ညီလေးတွေနဲ့ နားလည်တတ်ကျွမ်းတဲ့ ရေပိုက်ဆရာကတော့ အထပ်သားတွေက ဆွေးပြီး ရေကြည်ကန်မှာ လာပိတ်နေတာပါတဲ့။ အခုတော့ စည်ပင်ကား ၃ စီး ခေါ်ပြီး အညစ်အကြေးတွေ စုပ်ထုတ်လိုက်ပါပြီ။

ကန်ထဲဆင်းတဲ့ ညီလေးတွေက ရေတွေစုပ်မထုတ်လည်းရတယ်။ သူတို့ ရေထဲဆင်းပြီး ဆယ်ပေးမယ်တဲ့။ ဒါပေမယ့် အညစ်အကြေးတွေထဲ ရေစိမ်တာမျိုး မခိုင်းရက်ပါဘူး။ အခုလိုခိုင်းတာတောင်မှ အားနာလွန်းလှပြီ။ ကားခေါ်ပြီး ရေတွေ စုပ်ထုတ်ပြီးမှ ဆင်းခိုင်းလိုက်ပါတယ်။

လောလောဆယ် ၇ သိန်းလောက်ကုန်သွားတယ်။ ငွေကုန်တာအရေးမကြီးပါဘူး ငွေကုန်ပြီး အကောင်းအတိုင်းမရတာ မျိုးမဖြစ်အောင် ဘယ်သူ့မှ မယုံကြည်ပါနဲ့။ မိန်လာကန်က သေချာလုပ်ရင် အနှစ် (၃၀) အထိ ပြုပြင်စရာမလိုဘူးတဲ့။ ကိုယ်ကတော့ တစ်လနဲ့ ပြန်ပြုပြင်ရတဲ့ဘဝ။ ဒီဘဝ ဒီမျှသာ..

(ကိုညီညီထွန်းလွင် ယာကွန်လက်ဖက်ခြောက် ၊ မန္တလေးမြို့)

Leave a Comment

You cannot copy content of this page