သားသမီး ဆိုတာ ရတနာလား? ရတာနာလား? (ဒါလေးဖတ်ပြီး တွေးကြည့်နိုင်ကြပါစေ)

သားသမီး ဆိုတာ ရတနာလား? ရတာနာလား?

ဘူတာရုံတစ်ခုအနားမှာ အဘိုးအိုနဲ့ အဘွားအို လင်မယားနှစ်ယောက် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုရှိတယ်။ လက်ဖက်ရည်ဆိုင်ဆိုပေမယ့်လည်း တဲသာသာလေးပါ။ အထဲမှာ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံသုံးလုံးပဲရှိတယ်။

ဘူတာမှာ ရထားဆိုက်ပြီဆိုရင် အဘိုးအိုဟာ လက်ထဲမှာ လက်ဖက်ရည်ထည့်ထားတဲ့ ကရားအိုးနဲ့ ဖန်ခွက်တွေကိုင်ပြီး တဲထဲက ပြေးထွက်သွားတယ်။ ရထားပေါ်တက်ပြီး ခရီးသည်တွေကို လက်ဖက်ရည်လိုက်ရောင်းတယ်။ ကရားအိုးထဲက လက်ဖက်ရည်ကုန်သွားရင် သူဟာ တဲဆီ အမြန်သွားပြီး သူ့မိန်းမကို လက်ဖက်ရည်နောက်တစ်အိုး ထပ်ဖျော်ခိုင်းတယ်။

“မိန်းမရေ၊ လက်ဖက်ရည်နောက်တစ်အိုး မြန်မြန်လေး လုပ်ပါဦး။ ရထားမထွက်ခင် နောက်တစ်အိုး ထပ်ရောင်းချင်လို့ပါ” လို့ တဲထဲ အပြေးအလွှားဝင်လာတဲ့ အဘိုးအိုက ပြောလိုက်တယ်။

“ရှင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာနော်” လို့ မိန်းမက အဘိုးအိုကို ပြောလိုက်တယ်။ ပြီးတော့ “ကျွန်မတို့ကို လုပ်ကျွေးမယ့် သားသမီးများရှိခဲ့ရင် ကျွန်မတို့ လင်မယား အိုကြီးအိုမနဲ့ ခုလိုလုပ်ကိုင်စားနေစရာ လိုမှာ မဟုတ်ဘူးနော်။ အေးအေးဆေးဆေး ထိုင်စားနေရုံပေါ့။ အခုတော့ . . . ” လို့ အဘွားအိုဟာ ပြောရင်း မျက်လုံးတွေက ထွက်ကျလာတဲ့ မျက်ရည်စတွေကို သူ့အင်္ကျီလက်နဲ့ သုတ်လိုက်တယ်။

“မိန်းမရာ၊ အဲဒီအကြောင်းပြောမနေပါနဲ့ကွာ။ ဘုရားက ငါတို့ကို သားသမီးမှ မပေးတာ။ ကဲ ကရားအိုးထဲ လက်ဖက်ရည်ထည့်ပြီးပြီမလား။ ငါ ယူသွားတော့မယ်နော်” အဘိုးအိုဟာ တဲထဲက ထွက်သွားလို့ ရထားနားရောက်ခါနီးမှာ ရထားဟာ ဥဩဆွဲပြီး ထွက်သွားတယ်။ ဒါကြောင့် သူလည်း တဲဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ပြန်လာတယ်။

ရထားလမ်းဘေးက ပလက်ဖောင်းပေါ်မှာ သတင်းစာခင်းပြီး ဖင်ခုထိုင်နေကြတဲ့ အသက်ကြီးကြီး လင်မယားကို တွေ့လိုက်တယ်။ သူတို့ဟာ မနက်ကတည်းက အဲဒီနေရာမှာပဲ ထိုင်နေကြတာ အခုညနေစောင်းအချိန်ထိပဲဆိုတာ သူသတိရလိုက်တယ်။ ထမင်းတောင် စားမှ စားရရဲ့လားလို့ သူတွေးလိုက်မိတယ်။

“ခင်ဗျားတို့ မနက်ကတည်းက ရထားစောင့်နေကြတာ မဟုတ်လား။ ခင်ဗျားတို့စီးမယ့် ရထားမလာသေးဘူးလားဗျ” လို့ သူက လင်မယားကို မေးလိုက်တယ်။ “ရထားစောင့်နေကြတာ မဟုတ်ပါဘူး။ မနက်က ဒီကနေ ရထားစီးထွက်သွားတဲ့ သားငယ်က မှာသွားတယ်။ သားကြီးက ငါတို့ကို ဒီမှာ လာခေါ်မယ်။ ဘူတာကနေ ဘယ်မှမသွားဘဲ စောင့်နေကြပါဆိုလို့ ငါတို့လည်း သားကြီးကို စောင့်နေကြတာပါ” လို့ ထိုင်နေကြတဲ့ လင်မယားထဲက အဘိုးအိုက ပြန်ဖြေတယ်။

“မကြာခင် မိုးချုပ်တော့မယ်လေ။ မမှောင်ခင် ခင်ဗျားတို့ရဲ့ သားကြီးဆီ လိုက်သွားကြပါလား။ သူ့လိပ်စာသိသလား” “သူ့လိပ်စာကို သားငယ်ရေးပေးသွားပါတယ်။ ငါတို့ စာမဖတ်တတ်လို့ မင်း ဖတ်တတ်ရင် ဖတ်ပြပါလားကွယ်” လို့ ထိုင်နေတဲ့ အဘိုးအိုက ပြောပြီး သူ့အိတ်ထောင်ထဲက စာရွက်ခေါက်တစ်ခုကို ထုတ်ပြတယ်။

လက်ဖက်ရည်ရောင်းတဲ့ အဘိုးအိုလည်း စာရွက်ကို ဖြန့်ပြီး ဖတ်ကြည့်လိုက်တယ်။ စာမှာ ခုလို ရေးထားတယ်။ “ဒီစာကို ဖတ်မိသူ မည်သူမဆို ကျွန်တော့်မိဘနှစ်ပါးကို အနီးဆုံးလူအိုရုံဆီ ပို့ပေးပါ ခင်ဗျာ” သူလည်း စာဖတ်ပြီး မျက်ရည်ဝဲလာတယ်။ ပြီးတော့ “အော်၊ ငါတို့လို သားသမီးမရှိတာမှ ကောင်းဦးမယ်ထင်တယ်နော်” လို့ တွေးမိလိုက်တယ်။

ပုံပြင်လေးက ဘာဆိုလိုတယ်ဆိုတာ ကိုယ့်ဖာသာကိုယ်ပဲ တွေးကြည့်ကြပါဗျာ။ (ဗန်းမော်သိန်းဖေ)

Leave a Reply

Your email address will not be published. Required fields are marked *